သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတ သြစတြေးလျရောက်


သြစတြေးလျနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံကြား ဒီနှစ်အစောပိုင်းမှာရှိခဲ့တဲ့ တင်းမာမှုတွေ လျော့ပါးလာနေပြီး၊ အာရှ-ပစိဖိတ် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးတွေ တည်ငြိမ်စပြုလာတဲ့ လက္ခဏာတရပ်အဖြစ် - အင်ဒိုနီးရှားသမ္မတ Joko Widodo မနေ့ စနေနေ့က သြစတြေးလျနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့ပါတယ်။

နှစ်ရက်ကြာခရီးစဉ်အတွင်း ဆွေးနွေးမှုတွေမှာတော့ - တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုတွေ အပါအဝင် ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေက လွှမ်းမိုးနေမှာဖြစ်တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Phil Mercer ရဲ့ Sydney ကနေ ပေးပို့ထားတဲ့ သတင်းလွှာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

သြစတြေးလျနိုင်ငံဟာ - မြောက်ဘက်ခြမ်းက လူဦးရေထူထပ်တဲ့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံနဲ့ ဆက်ဆံရေးမှာ မကြာခဏဆိုသလို အဖုအထစ်တွေ ရှိခဲ့တာပါ။ ၂၀၀၂ ခုနှစ်တုန်းက အရှေ့တိမောနိုင်ငံဟာ အင်ဒိုနီးရှားဆီကနေ လွတ်လပ်ရေးတောင်းဆိုချိန် - သြစတြေးလျနိုင်ငံက ထောက်ခံခဲ့တာကြောင့်လည်း နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ထိခိုက်ခဲ့ပါတယ်။ သိပ်မကြာလှသေးတဲ့ ၂၀၁၅ ခုနှစ်မှာလည်း - သြစတြေးလျ မူးယစ်ဆေးဝါးဂိုဏ်းဝင် နှစ်ယောက်ကို အင်ဒိုနီးရှားနိုင်ငံက သက်ညှာခွင့်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုနေတဲ့ကြားက ကွပ်မျက်ခဲ့တဲ့ အတွက်လည်း သံတမန်ရေးတင်းမာမှုတွေ ကြီးထွားခဲ့ရပါတယ်။ ဇန်နဝါရီထဲမှာလည်း Perth မြို့မှာရှိတဲ့ သြစတြေးလျ အထူးတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတခုမှာ အခြေအတင်ဖြစ်စရာ ကြုံခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံမှုတွေကို အင်ဒိုနီးရှားဘက်က ယာယီ ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ ဒီလိုစိုးရိမ်စရာ အခြေအနေတွေဟာ အခုအခါ လျော့ပါးလာနေပြီး၊ အင်ဒိုနီးရှားသမ္မတ Joko Widodo ရဲ့ ခရီးစဉ်ဟာလည်း လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရရှိရေး အဓိပ္ပါယ် ပြည့်ဝတဲ့ တိုးတက်မှုတွေ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Sydney အခြေစိုက် Lowy တက္ကသိုလ်က ကျွမ်းကျင်သူ Aaron Connelly ကတော့ - နှစ်နိုင်ငံ ဆက်ဆံရေးဟာ အခြေအနေကောင်းနေတယ်လို့ ဆိုပါတယ်။

(( CONNELLY ACTUALITY ))

“မကြာခဏ ကသိကအောက် ဖြစ်စရာတွေ တွေ့ခဲ့ရပေမဲ့လည်း - နှစ်နိုင်ငံကြားဆက်ဆံရေးတွေ အတော်လေး ကောင်းလာနေတာကတော့ ထူးခြားချက်ပါ။ နှစ်နိုင်ငံစလုံးက ဝန်ကြီးတွေဟာလည်း အပြန်အလှန် ဆက်ဆံရေးတွေ ကောင်းမွန်ကြသလို၊ အင်ဒိုနီးရှားနဲ့ ပတ်သက်လို့ သြစတြေးလျ နိုင်ငံသားတွေရဲ့ သဘောထားကလည်း တော်တော်ကောင်းလာပါတယ်။ မနှစ်က Lowy တက္ကသိုလ် စစ်တမ်းတခုမှာဆိုရင် - နိုင်ငံတွေကို သုညကနေ ၁၀၀ အထိ အဆင့်သတ်မှတ် တိုင်းတာဖို့ သြစတြေးလျနိုင်ငံသားတွေကို သဘောထား တောင်းရာမှာ အင်ဒိုနီးရှားက အဆင့် ၅၆ မှာ ရှိခဲ့ပြီး၊ ဒါဟာ စစ်တမ်းကောက်ယူခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း အမြင့်ဆုံးရလဒ်ကို ကျနော်တို့ တွေ့ခဲ့ရတာပါ။”

အင်ဒိုနီးရှားသမ္မတ Widodo နဲ့ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull တို့နှစ်ဦးဟာ - ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အစွန်းရောက်ဝါဒသွတ်သွင်းခံရပြီး နေရပ် ပြန်လာကြမယ့် တိုက်ခိုက်ရေးသမားတွေ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုနဲ့ ဒေသတွင်းမှာ ရေတပ်ပူးတွဲကင်းလှည့်မှုတွေ လုပ်နိုင်မယ့် အလားအလာတွေဟာလည်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါလာနိုင်ပါတယ်။

ဒီလိုထူးခြားမှုတွေ ရှိနေပေမဲ့လည်း - အင်ဒိုနီးရှားခေါင်းဆောင်ရဲ့ သြစတြေးလျခရီးစဉ်ဟာ သိပ်ကြာမှာတော့ မဟုတ်ပါဘူး။ မနေ့ စနေနေ့က သြစတြေးလျကို ရောက်ပြီး၊ ဒီကနေ့ တနင်္ဂနွေနေ့မှာ နေ့လည်စာ စားသုံးပြီးရင်တော့ အင်ဒိုနီးရှားကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သြစတြေးလျကို သွားရောက်မယ့် အင်ဒိုနီးရှားသမ္မတရဲ့ ခရီးစဉ်ကတော့ ဂျကာတာမှာ ပဋိပက္ခတွေကြုံခဲ့ရတဲ့အတွက် ဖျက်ခဲ့ရတာလည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG