သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးဘာသာမရွေး နိုင်ငံသားအခွင့်အရေး တန်းတူခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)

မြန်မာနိုင်ငံတွင်းက မတူညီတဲ့ ဘာသာ လူမျိုးနောက်ခံရှိ ပြည်သူအားလုံးဟာ တန်းတူရည်တူ နိုင်ငံသားအခွင့်အရေးတွေ ခံစား ရယူခွင့်ရှိသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုဖြေရှင်းဖို့ ကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာလည်း လက်ရှိ အစိုးရကို ချီးကျူးပြောဆိုသွားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ညဦးပိုင်း နေပြည်တော် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပဲ အဓိကထားပြီး ပြောဆိုထားတာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ ချီးကျူး ပြောဆိုခဲ့ပေမယ့် စိန်ခေါ်အကဲစမ်းချက်တွေ ရှိတယ်ဆိုတာလည်း ထောက်ပြသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ထဲကအခြေအနေတွေကို မီးမောင်းထိုးပြောခဲ့ပါတယ်။

“ဘယ်လူမျိုးဖြစ်ဖြစ် ဘယ်ဘာသာဝင်ဖြစ်ဖြစ် ၊ဘယ်လိုစီးပွားရေးအခြေအနေ အောက်မှာဖြစ်ဖြစ် မြန်မာပြည်သူအားလုံးဟာ လွတ်လပ်မျှတပြီးတော့ ဘေးကင်းလုံခြုံတဲ့အခြေအနေအောက် ၊ ပိုပြီးကောင်းမွန်တဲ့ လူမှုစီးပွား အခွင့်အလမ်းတွေ လိုလားနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ကျနော်ပါ သဘောထားတူခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ် ပြဿနာ ဇစ်မြစ်ကို ဖြေရှင်းဖို့ကလည်း အစိုးရက လိုလားတာတွေ့ရပါတယ်။ IDP ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာဆင်းဆင်းရဲရဲ ကျပ်တည်းတဲ့ အနေအထားတွေအောက်နေနေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုကိုလည်း ကျနော်ပြောပြပါတယ်။ တခြားနေရာက ပြည်သူတွေလိုပဲ သူတို့ဟာလည်း သူတို့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ လူသားဂုဏ်သိက္ခာတွေ ရသင့်ပါတယ်။ ရိုဟင်ဂျာလူမှုအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လူမျိုး လက္ခဏာသတ်မှတ်ချက်အခွင့်အရေးရဖို့ သတ်သတ် မဟုတ်ပါဘူး။ မတူတဲ့ဘာသာ မတူတဲ့ လူမျိုးရှိတဲ့ မြန်မာပြည်သားအားလုံး အခွင့်အရေး မျှမျှတတနဲ့ ဟန်ချက်ညီညီ အတူတကွ ယှဉ်တွဲနေထိုင်သွားလာဖို့ လိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံအတွက် မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးတန်းတူညီတူ နိုင်ငံသားအခွင့်အရေးရဖို့ အခြေအနေကိုလည်း သူက မီးမှောင်းထိုးပြောသွားပါတယ်။ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်တလျှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှူးချုပ်က ပြောဆိုသွားပါတယ်။

အထူးသဖြင့်တော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရတာဝန်ယူချိန်မှာ အတူတကွ တွဲလုပ်ရတာကို သူ့အနေနဲ့ ဂုဏ်ယူတဲ့အကြောင်းပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲလုပ်နိုင်တာအတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုမျိုး အစိုးရအဖွဲ့အတွင်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကာလမျိုးမှာ ကုလသမဂ္ဂဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အစဉ်မပျက်ထောက်ခံခဲ့တာပါ။”

သူ့အနေနဲ့ အတွင်းရေးမှူးချုပ်တာဝန်ယူစဉ်မြန်မာစစ်အစိုးရကို အပြောင်းအလဲအတွက် တိုက်တွန်းခဲ့တာကိုလည်း ပြောဆိုသွားသလိုပဲ၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်စတင်ဆောင်ရွက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ချီးကျုးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရသစ်အတွက် အကဲစမ်းမှုတွေ အခက်အခဲတွေ ရှိပေမယ့်လို့ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ရှေ့တိုးဆောင်ရွက်နိုင်ဖို့ဟာ နိုင်ငံတကာ မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

၂၁ ပင်လုံနဲ့ ပတ်သက်လို့တော့ ပါဝင်သူတွေရဲ့ စိတ်ရှည်မှု၊ ပိုင်းဖြတ်မှုနဲ့ ဆွေးနွေးလိုစိတ်တွေအပေါ်မှာ သူ့အနေနဲ့ ချီးကျူးကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင် ကြောင့် လူ ထိခိုက်သေဆုံးမှုတွေနဲ့ သမိုင်းဝင် ဘုရားပုထိုး ပျက်စီးမှုတွေအပေါ်မှာ ဝမ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG