သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်းနဲ့ တွေ့ဆုံဖို့ ဘာသာရေးခေါင်းဆောင်တွေ ဖိတ်ကြားခံရ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ဒီလကုန် မြန်မာနိုင်ငံမှာ တွေ့ဆုံဖို့ရာ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးက ဖိတ်ကြားထားတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေတဲ့ ကာဒီနယ် ဘုန်းတော်ကြီး Charles Maung Bo က ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။

ဒီလိုတွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ အပါအဝင် လူအချင်းချင်းကြား သင့်မြတ်စွာ နေထိုင်နိုင်ရေး ဘာသာရေးခေါင်းဆောင်တွေ အတူတကွ လုပ်ဆောင် နေတဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းကို အဓိက တင်ပြသွားဖို့ရှိတယ်လို့လည်း ကာဒီနယ် ဘုန်းတော်ကြီးက ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက် လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ - ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ မစ္စတာ ဘန်ကီမွန်း နေပြည်တော်မှာ တွေ့ဆုံဖို့ရာ ဖိတ်ကြားခဲ့တယ်လို့ - ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo က ပြောဆိုခဲ့တာပါ။ လောလောဆယ် Texas ပြည်နယ် Houston မြို့မှာ ရောက်ရှိနေတဲ့ ကာဒီနယ်ဘုန်းတော်ကြီးအနေနဲ့ ဖိတ်စာကို မနေ့ အင်္ဂါနေ့မနက်ကပဲ အီးမေးလ်နဲ့ ရရှိခဲ့တာဖြစ်တယ်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“သြဂုတ်လ ၃၁ ရက်နေ့မှာ ယူအန်အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာစရာရှိတယ်ပြောတယ်။ အဲဒါ ဘာသာရေးခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဖို့အတွက်ဆိုပြီးတော့ သူ ဖိတ်ခေါ်ထားတာရှိတယ်။ ဂျက်နက်ဆိုတဲ့တယောက်လေ ယူအန်ကပဲ အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းကနဲ့တူတယ်။ ယူအန်ကပဲ သူက မနက်ကပဲ ဖိတ်ထားတယ်။ ဖိတ်ခေါ်ပြီးတဲ့နောက်ပေါ့နော် အားလုံး ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန်၊ ဟိန္ဒူ ခေါ်ပြီးတော့ပေါ့နော် သူတို့ အခြေအနေလေး ဘာလေး ဆွေးနွေးမေးချင်တယ်၊ နောက်ပြီးတော့ ဘယ်လို ကူညီပေးနိုင်မလဲ၊ သူတို့ပြောမှာကတော့ ဘာသာရေးခေါင်းဆောင် များအနေနဲ့ ကချင်ပြည်နယ်မှာဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဝိုင်းဝန်းအားပေးနိုင်ကြမလဲဆိုတာ ပြောမယ်ထင်တယ်၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာရှိ တဲ့ ဘင်္ဂလားဒေ့ရှ်က ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး၊ ဘာသာရေးဘက်မှာ ဘယ်လို အေးအေးဆေးဆေး နေနိုင်မလဲ ဆိုတဲ့ဟာတွေလည်း မေးမယ့် ဆွေးနွေးမယ့် ပုံစံပါပဲ။ ဆရာတော်အနေနဲ့ကတော့ သြဂုတ်လ ၃၁ ရက်နေ့အမီ မသွားနိုင်တော့ဘူးပေါ့။”

မေး - ဆရာတော့်အစားရော ဘယ်သူသွားဖို့ရှိမလဲ။

ဖြေ - “သူတို့အနေနဲ့ ခွင့်ပြုတယ်၊ လက်ခံတယ်ဆိုရင် ကိုယ်စားလှယ်တပါး လွှတ်လိုက်မယ်လို့ စဉ်းစားထားတယ်။”

မေး - ဆရာတော်တို့ဘက်ကရော ဘယ်သူ့ကို လွှတ်ဖို့ ရွေးပြီးပြီလား။

ဖြေ - “ကိုယ်စားလှယ် သူတို့ဘက်က လက်ခံတယ်ဆိုရင် ဘာသာရေးပေါင်းစုံ ဦးဆောင်နေတဲ့ Father ဂျိုးဇက်မောင်ဝေးကို ကိုယ်စားလှယ်အနေနဲ့ လွှတ်မယ်လို့ စဉ်းစားထားတာပေါ့နော်။”

တကယ်လို့ ဆရာတော့် ကိုယ်စားပေါ့လေ Father ဂျိုးဇက် သွားတက်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုအကြောင်းအရာမျိုးကို အဓိကထား ပြောမလဲ။

ဖြေ - “အဓိကကတော့ မြန်မာနိုင်ငံမှာ လက်ရှိပေါ့နော် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေ အတတ်နိုင်ဆုံး လက်တွဲ လုပ်ဆောင်နေကြတယ်ဆိုတာနဲ့ နောက်တခုက Religious for Peace ဆိုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းထဲမှာလည်း ပါဝင်နေတဲ့အတွက် ကြောင့် သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ ဝိုင်းဝန်းကူညီပေးနိုင်မလဲဆိုတဲ့ဟာပေါ့နော် ဝိုင်းဝန်းပြောဆိုပေးဖို့ရာအတွက် အဓိက ဖြစ်ပါတယ်။”

ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo ဟာ သြဂုတ်လလယ်မှာ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ မက်ဆီကို ၃ နိုင်ငံခရီး ထွက်ခွာလာတာ ဖြစ်ပြီး၊ ကနေဒါခရီးစဉ်အတွင်း - အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးကူညီသွားဖို့၊ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေစဉ် အစိုးရသစ်အပေါ် ဖိအားပေးဝေဖန်တာမျိုးတွေကိုလည်း သိပ်ပြီး မလုပ်ဆောင် ကြဖို့တွေကို ပြောကြားခဲ့တယ်လို့ ကာဒီနယ်ဘုန်းတော်ကြီးက ဆိုပါတယ်။ မကြာသေးခင် နာရီပိုင်းကတော့ Texas ပြည်နယ် Houston မြို့မှာ မြန်မာမိသားစုတွေနဲ့ ကာဒီနယ်ဘုန်းတော်ကြီး တွေ့ဆုံခဲ့ပြီး ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ အမေရိကန်ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်ကျရင်တော့ မက်ဆီကိုနိုင်ငံကို ခေတ္တ သွားရောက်လည်ပတ်မှာဖြစ်ပြီး၊ စက်တင်ဘာ ၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

သက်တော် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ်ဘုန်းတော်ကြီး Charles Maung Bo ဟာ ရန်ကုန် ရိုမန်ကက်သလစ် ဂိုဏ်းချုပ်ကြီးအဖြစ် ၂၀၀၃ ခုနှစ်ကနေ တာဝန်ထမ်းဆောင်ခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Francis က သူ့ကို ရဟန်းမင်းကြီး အမတ် လို့ခေါ်တဲ့ ကာဒီနယ်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ရိုမန်ကက်သလစ် ဘာသာအတွင်း ပုပ်ရဟန်းမင်းကြီးပြီးရင် အာဏာရှိတဲ့သူတွေ ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်ရာမှာလည်း မဲပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG