သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နို့ထွက်ပစ္စည်း အိန္ဒိယ နောက်တနှစ်ပိတ်မည်


FILE - Chinese commercial law enforcement personnel inspect milk powder products at a supermarket in Lianyungang, Jiangsu province, China.
FILE - Chinese commercial law enforcement personnel inspect milk powder products at a supermarket in Lianyungang, Jiangsu province, China.

တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ၂၀၁၇ ခုနှစ်၊ ဇွန်လအထိ အိန္ဒိယအစိုးရက နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းမှာ ဖော်ပြထားပါတယ်။

ချောကလက်နဲ့ ချောကလက်ပါတဲ့ ကုန်ပစ္စည်းတွေ၊ သကြားလုံးတွေ၊ ချိုချဉ်၊ ကိတ် မုန့်၊ နို့ဓာတ်ပါတဲ့ စားသောက်ကုန်ပစ္စည်းတွေ အပါအဝင် တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ ထွက်ပစ္စည်းအားလုံးတင်သွင်းမှုကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ နောက် ထပ် တနှစ်၊ ဒါမှမဟုတ် နောက်ထပ် ကြေညာချက်တစုံတရာ ထွက်မလာမချင်း ပိတ်ပင်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်မှုညွန်ချုပ်ရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ တည်ရှိနေတဲ့ပိတ်ပင်မှုဟာ အခုနှစ် ဇွန်လမှာ သက်တမ်းကုန် သွားတဲ့အတွက် နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ Melamine (မယ်လမင်း) လို့ခေါ်တဲ့ ပလပ်စတစ်နဲ့ ဓာတ်မြေသြဇာ ထုတ်ရာမှာ သုံးတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါနေတာကိုတွေ့ရတာကြောင့် ၂၀၀၈ ခုနှစ်ကစပြီး နို့နဲ့ နို့ထွက် ပစ္စည်းတွေ အပါအဝင် အစားအသောက်တွေ တင်သွင်းမှုကို အိန္ဒိယအစိုးရက တရားဝင် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တရားဝင် တင်သွင်းခြင်းမရှိပေမယ့်လည်း ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို တားမြစ် ကန့်သတ်ချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ နို့အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို၊ အများဆုံး စားသုံးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ၂၀၁၃ - ၁၄ ခုနှစ်မှာ နို့တန်ချိန် ၁၃၈ သန်း နီးပါး ထုတ်လုပ်ခဲ့ရာက ၂၀၁၄ - ၁၅ ခုနှစ်မှာ တန်ချိန်ပေါင်း ၁၄၆ သန်းကျော် တိုးမြင့် ထုတ်လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG