သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladeshကို ထွက်ပြေးခဲ့တဲ့လှေ မှောက်လို့ရိုဟင်ဂျာ ၂၉ ဦး ပျောက်ဆုံး


Bangladesh ကိုထွက်ပြေးခဲ့တဲ့လှေများကို တွေ့ရစဉ် (ဇွန်လ ၁၈ ရက်နေ့ ၂၀၁၂)
Bangladesh ကိုထွက်ပြေးခဲ့တဲ့လှေများကို တွေ့ရစဉ် (ဇွန်လ ၁၈ ရက်နေ့ ၂၀၁၂)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုးဝင်ဖို့ ကြိုးပမ်းတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ၃၅ ယောက်ကို တင်ဆောင်လာတဲ့ လှေတစီးဟာ မြစ်အတွင်းတိမ်းမှောက် သွားပြီး အဲဒီထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါဝင် ၂၉ ဦး ပျောက်ဆုံးနေပါတယ်။

လှေဟာ တင်ဆောင်နိုင်တဲ့ ပမာဏထက် ပိုမိုတင်ဆောင်ထားတာကြောင့် နှစ်မြုပ်သွားတာဖြစ်ကြောင်း တံငါသည်တွေနဲ့ အသက်မသေပဲ ကျန်ရစ်သူတွေက ပြောဆိုပါတယ်။

လှေဟာ မောင်တောမြို့ကနေ ထွက်ခွာလာပြီးတဲ့နောက် တနင်္လာနေ့ မနက် စောစောပိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဖြတ်သန်းစီးဆင်းနေတဲ့ Naf မြစ် အတွင်းမှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

ဆွေမျိုး (၅) ယောက်နဲ့ အတူ မြန်မာနိုင်ငံကနေ လှေစီး ထွက်ပြေးလာတဲ့ အသက် (၂၂)နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီး က လှေတိမ်းမှောက်တဲ့နေရာဟာ မြန်မာနိုင်ငံဘက်ခြမ်းနဲ့ ပိုပြီးနီးပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို ရေကူးလာခဲ့တာမှာ လူသူမရှိတဲ့ ကျွန်းတကျွန်းဆီ ရောက်ရှိသွားခဲ့ပြီး တံငါသည်တွေကို လာကယ်ဖို့ အော်ဟစ် အကူညီတောင်ခံခဲ့ကြောင်း ပြောပါတယ်။

လှေပေါ်ပါ လူပေါင်း (၃၅) ယောက်ခန့်အနက် အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

မြစ်အတွင်းမှာ တံငါသည်တွေက အလောင်း ၃ လောင်းမျောလာတာကို တွေ့ရှိခဲ့ရပြီး သူတို့ဟာ မှောက်သွားတဲ့ လှေမှာ လိုက်ပါသွားသူတွေလို့ ယူဆရတဲ့အကြောင်းနဲ့ အနည်းဆုံး ၂၉ ယောက် ပျောက်ဆုံးနေကြောင်း ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ Teknaf ကျေးရွာ အုပ်ချုပ်ရေးမှုး မိုဟာမက် အလီ က ဒေသခံ VOA သတင်းထောက် ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကလည်း ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က မြန်မာနိုင်ငံတွင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတချို့ကို လူသားချင်းစာနာမှုအရ နေထိုင်ခွင့်ပြုမယ်လို့ သတင်းမီဒီယာကို ပြောခဲ့ပါတယ်။

အခုလိုပြောခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ရိုဟင်ဂျာ အရေအတွက် တိုးများလာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG