သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ပင်လုံမတိုင်ခင် လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲများ အပြီးသတ်ဖို့ NBF တိုက်တွန်း


ပထမအကြိမ်၂၁ ရာစု ပင်လုံညီလာခံ
ပထမအကြိမ်၂၁ ရာစု ပင်လုံညီလာခံ

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးဖို့၊ တပြည်လုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)ကိစ္စနဲ့နိုင်ငံတော်စီမံကိန်းတွေမှာဒေသခံတွေရဲ့ သဘော ထားဆန္ဒရယူဖို့ စတဲ့အချက် ၅ ချက်ကို ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBFက အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုတိုက်တွန်းလိုက်ပါတယ်။ မေလ ၁၇ ရက်နေ့စွဲ့နဲ့ NBF ရဲ့ ထုတ်ပြန်ချက်တရပ်ထဲမှာ အဲဒီလို တိုက် တွန်းထားတာပါ။

အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်း ပေးပို့ထားပါတယ်။

လာမယ့် မေလ ၂၄ ရက်နေ့မှာ ၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပဖို့ပြင်ဆင် နေပေမဲ့ တိုင်းရင်းသားဒေသတချို့မှာ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့ အခြေအနေမှာ ရှိနေတုန်းပါ။

သက်ဆိုင်ရာလူမျိုးစုအလိုက် ဒေသခံတွေရဲ့အသံကို သိရဖို့အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ ပေးဖို့လိုအပ်တယ်လို့NBFကမြင်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး(၂)ဆလိုင်းကျဲအိုဘိထောင် က ပြောပါတယ်။

“အမျိုးသားအဆင့်က ကျနော်တို့ရဲ့ NCA ထဲမှာက အရင်လာတာပေါ့ အမျိုးသားအဆင့်ပြီးမှ ပြည်ထောင်စုအဆင့်ညီလာခံပေါ့။ ဆိုတော့ အမျိုးသားအဆင့်ကိုမလုပ်နိုင်ပဲနဲ့တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပတာကတော့ ဒါကအဆင့်ကျော်သလိုတောင် ဖြစ်သွားတယ်လို့တောင် ကျနော်တို့ခံစားတယ်ပေါ့ခင်ဗျ။ ဆိုတော့ အမျိုးသားအဆင့်မှာ အောက်ခြေပြည်သူလူထုအသံကို မထွက်ပေါ်လာဘူးဆိုရင်တော့ ဒါက စိုးရိမ်စရာလည်းကောင်းတာပေါ့။”

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးသလို ရှမ်းပြည်နယ် အတွင်းမှာလဲ ရှမ်းအဖွဲ့အစည်းတွေတောင်းဆိုထားတ ဲ့တောင်ကြီးမြို့မှာကျင်းပခွင့်ပြုဖို့အချက်ကိုလဲ မြန်မာ့တပ်မတော်ကနေ ခွင့်မပြုသေးတဲ့အခြေအနေမှာရှိနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ NCA စာချုပ်ကို အဖွဲ့ဝင်အားလုံးက လေးစားလိုက် နာပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဆလိုင်းကျဲအိုဘိထောင်က ပြောပါတယ်။

“NCAမှာလည်း တချို့စကားလုံးတွေက မခိုင်မာတဲ့ဟာမျိုး၊ မပြည့်စုံတာမျိုးတွေတော့ရှိတာပေါ့နော် ဒါကတော့ NCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ မပြည့်စုံတဲ့အခါမှာ အငြင်းပွားတာမျိုးတွေရှိတဲ့အခါမှာ NCAကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေတောင် တပ်မတော်နဲ့ အစိုးရနဲ့ လက်နက်ကိုင်တပ်တွေကြားထဲမှာတောင်မှ NCA ကိုရေးဆွဲတဲ့လူတွေတောင်မှ အဓိပ္ပါယ်ဖွင့်ဆိုကြတာမတူတာတွေရှိတယ်။ ဒါတွေကလည်း နည်းနည်းအားနည်းချက်တွေရှိတာပေါ့။ တကယ်တော့ ကျနော်တို့ပြဿနာက နိုင်ငံရေးပြဿနာဖြစ်နေတယ်၊ စစ်ရေးပြဿနာမဟုတ်ဘူး။ စစ်ရေးပြဿနာက ပါတော့ပါတယ်။ ဒါပေမယ့် နံပတ်၁ မဟုတ်ဘူး။ လက်မှတ်ထိုးမှာလားမထိုးဘူးလား၊ နိုင်ငံရေးဆွေးနွေးမှာလည်း မဆွေးနွေးဘူးလား ကျနော်တို့ စားပွဲပေါ်ထိုင်မလားမထိုင်ဘူးလား ဆိုတာမှာ နိုင်ငံရေးကိုအခြေခံပြီးတော့ ဆုံဖြတ်တာက ပိုမှန်ကန်လိမ့်မယ်လို့ ယူဆပါတယ်။”

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေတာဟာ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ သယံဇာတခွဲဝေမှုအပိုင်းတွေနဲ့ အများဖြင့်သက်ဆိုင်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင် တွေကမြင်ကြပါတယ်။

တိုင်းရင်းသားဒေသတွေအတွင်း နိုင်ငံတော်ကနေလုပ်ဆောင်မယ့် ဘယ်စီမံကိန်းမဆို ဒေသခံတွေရဲ့သဘောထား ဆန္ဒ ရယူပြီး သူတို့ရဲ့အကျိုးစီးပွါးမထိခိုက်အောင် လုပ်ဆောင်သင့်တယ်လို့ NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းကပြောပါတယ်။

“ကျနော်တို့ စီမံကိန်းတွေလုပ်မယ်ဆိုရင် တိုင်းရင်းသားဒေသရဲ့ အကျိုးစီးပွားကို ထိခိုက်မယ့်ဟာတွေ ကျနော်တို့မဖြစ်စေချင်ဘူးပေါ့နော် လုပ်နေတဲ့လုပ်ငန်းတွေက တိုင်းရင်းသားဒေသခံတွေနဲ့ သေသေချာချာ မဆွေးနွေးရသေးပဲနဲ့ လုပ်လိုက်တဲ့စီမံကိန်းပြဿနာတွေက ယနေ့အထိ မပြီးနိုင်သေးဘူး အဲလိုမျိုးမဖြစ်စေချင်ဘူး။ လုပ်မယ်ဆိုရင် ဒေသခံတွေသဘောထားကို ရယူမယ် ၊ ရပြီးတော့ ဒေသခံတွေရဲ့အကျိုးစီးပွားကို ဖြစ်အောင်လုပ်ရမှာပေါ့နော်။ ဒေသခံတွေရဲ့အကျိုးစီးပွားရှိမှ သူတို့ ကထောက်ခံမှာပေါ့ အဲလိုပုံစံတွေဖြစ်ဖို့ သင့်တယ်လေ။”

ပြီးခဲ့တဲ့နှစ်မှာကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆုံးဖြတ်ချက်တွေ လက်တွေ့အကောင် အထည်ဖော်မှု ဖြစ်မလာသေးတဲ့အနေအထားအပေါ် အားမလိုအားမရဖြစ်တဲ့အသံတွေလဲထွက်ထားတာပါ။ ဒါပေမဲ့လဲ လာမယ့် ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံမှာတော့ ထူးခြားမှုတွေရှိလာလိမ့်မယ်လို့ယုံကြည်ကြောင်း SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကပြောပါတယ်။

“အကောင်းမြင်မှုတော့ရှိတယ် ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း လက်ခံတဲ့ သဘောမှာရှိတယ်။ နောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရယ် သက်ဆိုင်ရာပြည်နယ်တွေ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ဆိုတာတွေလည်း သဘောတူထားတာရှိတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူအခွင့်အရေးကို လက်ခံတယ်ဆိုတဲ့အခြေအနေမှာရှိနေတော့ ဒါက ကျနော်တို့ အလားအလာတော့ ကောင်းလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့နော်။”

NBF ခေါ် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့ဟာ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၂ ပါတီနဲ့ စပြီး စုဖွဲ့ခဲ့တာဖြစ်ပြီးတော့ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့အစည်းအဝေးမှာ အမျိုးသမီးပါတီ(မွန်) နဲ့ ၀ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ အဖွဲ့ဝင်သစ်တွေအဖြစ်ပါဝင်လာတာကြောင့် ၂၄ ပါတီရှိလာပြီဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့မှာစတင်ကျင်းပခဲ့တဲ့ NBF ရဲ့အစည်းအဝေးအပြီး ထုတ်ပြန် တိုက်တွန်းချက်ထဲမှာ အပေါ်မှာပြောခဲ့တဲ့ ကိစ္စရပ်တွေအပြင် လက်ရှိပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေးအခက်ခဲနဲ့ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဘဝလုံခြုံရေးနဲ့ နေရပ်ရင်းမှာပြန်လည်အခြေချနိုင်ရေးအတွက် အစိုးရအနေနဲ့ အမြန်အကောင် အထည် ဖော် ဆောင်ရွက်ပေးဖို့ကို လဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG