သုံးရလွယ်ကူစေသည့် Link များ

ခေတ်သစ်ပိုးလမ်းမနဲ့ မြန်မာ


မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှ ထွက်ခွာစဉ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှ ထွက်ခွာစဉ်။

ပေကျင်းမြို့တော်မှာ ကျင်းပမယ့် Belt and Road Forum ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မှာပဲ တရုတ်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမလို့ တင်စားခေါ်ကြတဲ့ ခါးပတ်လမ်းမကြီး ကနေ ကုန်သွယ်မှု လမ်းကြောင်းတွေ ပွင့်လာတာနဲ့အမျှ မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေမှာလည်း စီးပွားရေး အဆက်အဆံတွေ ပိုများလာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။ တချိန်တည်းမှာပဲ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ တဖက်သတ် မဖြစ်အောင် မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ကြိုတင်ပြင်ဆင်ဖို့ လိုမယ်လို့လည်း ထောက်ပြနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်ရဲ့ဖိတ်ကြားချက်နဲ့ ပေကျင်းမြို့တော်မှာ ကျင်းပမယ့် Belt and Road Forum တက်ရောက်ဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီးတော့ ပေကျင်းမြို့တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး စတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေပါ လိုက်ပါသွားတဲ့ ခရီးစဉ်မှာတော့ ၂ နိုင်ငံကြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

အထူးသဖြင့်ကတော့ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ လို့ခေါ်ကြတဲ့ ခါးပတ်လမ်းမကြီး စီမံကိန်းမှာ ပထဝီဝင် အနေအထားအရ အဓိက အခန်းကဏ္ဍက ပါဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အဆက်အဆံတွေလည်း ပိုများနိုင်ခြေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဆက်အဆံတွေ များလာတာနဲ့အမျှ ကမ္ဘာမှာ ဒုတိယစီးပွားရေး အင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ တဖက်သတ် မဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်လို့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

အခုဆိုရင် တရုတ်ဘက်က စီမံကိန်းချ ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်ဘက်ခြမ်း မဒေးကျွန်းနဲ့ ကျောက်ဖြူရေနက်ကွင်း စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကြား မကျေနပ်မှုတွေလည်း ပေါ်ပေါက်နေတာပါ။ ဒီအတွက်လည်း ဒေသခံပြည်သူအကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ စီမံကိန်းမျိုးဖြစ်ဖို့ အစိုးရအနေနဲ့ အာရုံစိုက်ရလိမ့်မယ်လို့လည်း မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကထောက်ပြပါတယ်။

" ကျောက်ဖြူစီမံကိန်းနှစ်ခုပေါ့လေ။ ပထမတခုကတော့ ပိုက်လိုင်းသွယ်တာ နောက်တခုက လောလောဆယ် ရေနံတင်သင်္ဘောကြီးတွေ ဆိုက်နေတဲ့ ဆိပ်ကမ်းပေါေ့နာ်။အဲ့တာတွေနဲ့ပတ်သက်လို့တော့ အခြေအနေက တော်တော်လေး ဆိုးဝါးနေတယ်ခင်ဗျ။ ကျနော် မကြာခင်လေးတင်ကပဲ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ မဒေးကျွန်းကို ရောက်ပြီး ပြန်လာတယ် အဲ့ဒီ့မှာ ရေနံတင်သင်္ဘောကြီးတွေ ကပ်ပြီးတော့ ရေနံ Tank ကြီးတွေ ထုတ်ပြီးတော့ တရုတ်ပြည်ဘက်ကို ပို့နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ့က ကျေးရွာတွေရဲ့ လူမှုဖွံ့ဖြိုးရေးအနေအထားဟာ တော်တော့်ကို ဆိုးဆိုးဝါးဝါး အနေအထားရှိပါတယ်။ ဆိုလိုတာကတော့ တရုတ်ပြည်ဘက်က ကတိကဝတ်တွေ နောက် အစိုးရဘက်က ကတိကဝတ်တွေက ဘယ်လိုဘယ်လိုရှိမှန်းတော့ ကျနော် မသိဘူး၊ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ အဲ့တာနဲ့ပတ်သက်လို့က ပြည်သူတွေကလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာမှကို ခံစားခွင့်မရှိတာကိုလည်း ကျနော်တွေ့ခဲ့ရတယ်။

အခုထက်ထိ မြေသိမ်းလယ်သိမ်းယာသိမ်းပြသနာတွေကလည်းတို့လို့တန်းလန်းဖြစ်နေတာ တွေ့ရတယ်။ အဲ့ဒီ့တော့ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင် နံပတ်တစ်က ပွင့်လင်းမြင်သာမှုပေါ့လေ။ ပွင့်လင်းမြင်သာမှု နောက် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ဥပဒေတွေ လိုတယ်လို့မြင်ပါတယ်။"

ရခိုင်ပြည်နယ်လိုပဲ အလားတူ ကချင်ပြည်နယ် မြစ်ဆုံတဝိုက်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ တရုတ်ရဲ့ ရေကာတာ (၇) ခု တည်ဆောက်မည့် စီမံကိန်းကို ပြန်မဆောက်အောင် ပြည်တွင်းမှာ ကန့်ကွက်မှုတွေက ပြင်းထန်နေဆဲဖြစ်သလို တရုတ်နိုင်ငံဘက်ကလည်း စီမံကိန်းတွေနဲ့ပတ်သက်လို့ အရပ်အစိုးရသစ်နဲ့ဆွေးနွေးမှုတွေရှိနေပါတယ်။

ဒီအပေါ် ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက -တရုတ်အစိုးရရော မြန်မာအစိုးရပါ ပြည်သူလူထုရဲ့ဆန္ဒ သဘောထားကို နားထောင်ပြီး ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတဲ့စီမံကိန်းမျိုးတွေ ဘယ်ပြည်နယ်မှာမှ ဇွတ်မလုပ်စေချင်ဘူးလို့ အကြံပြုပါတယ်။

" အဓိက ကတော့ ပြည်သူလူထုရဲ့အသံကို နားထောင်ပေးဖို့ပါ။ အခုက ဒီမိုကရေစီခေတ်လည်း ရောက်လာပြီဆိုတော့ ခေါင်းဆောင်တွေက တရုတ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံကခေါင်းဆောင်တွေပဲဖြစ်ဖြစ် ဒေသခံပြည်သူတွေရဲ့သဘောထား သူတို့ရဲ့အသံ Public Voices ကို အလေးထားဖို့ လိုပါတယ်။ အဲ့တာကို ဥပေက္ခာပြုပြီးတော့ ဇွတ်လုပ်မယ်ဆိုရင်တော့ မကောင်းနိုင်ပါဘူး။ အဲ့တာကြောင့် ပြည်သူလူထုက အဲ့ဒီ့စီမံကိန်းကို လိုလားသလား၊ မလိုလားသလား၊ ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတာကို သေခာျလေ့လာသိရှိပြီးမှ ပြည်သူလူထုရဲ့သဘောထားနဲ့တသားတည်း ဆုံးဖြတ်မှုကိုချမှ မှန်ကန်လိမ့်မယ်လို့ ယူဆတယ်ခင်ဗျ။ ပြည်သူလူထုရဲ့သဘောထားကို မဆန့်ကျင်ပဲ လုပ်ဖို့လိုတယ်။ ဒါကြောင့်ပွင့်လင်းမြင်သာမှုက အဓိကဖြစ်တယ်ဗျ။"

တရုတ်နိုင်ငံကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို ကုန်းလမ်း၊ ရေလမ်းတို့နဲ့ ဆက်သွယ်မယ့် ခါးပါတ်လမ်းကြီးကြောင့် တကမ္ဘာလုံးအတွက် ကုန်သွယ်ရေးအကျိုးအမြတ်တွေ ရရှိမယ်လို့ တရုတ်နိုင်ငံကပြောဆိုထားတာပါ။ ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံအဆောက်အအုံတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ရရှိဖို့ အတော်ကိုကြိုဆို၊ စိတ်အားသန်နေကြပါတယ်။ ဒါပေမဲ့လို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဘယ်လိုအကျိုးအမြတ်တွေရနိုင်မလဲဆိုတဲ့ အပေါ်မှာတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တရုတ်ရဲ့ ခါးပတ်လမ်းမကြီး စီမံကိန်းမှာ ဖွံဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေခွဲခြားခြင်းမရှိပဲ သာတူညီမျှ တိုးတက်ရေးကို မြှင့်တင်ဖို့အတွက် ရည်မှန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ခေတ်သစ်ပိုးလမ်းမနဲ့ မြန်မာ
please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG