သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အာရှပေါ်လစီအောင်မြင်မှု မြန်မာပါဝင်


အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှ-ပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးတိုးတက်ဖို့ အလေးထားလုပ်ခဲ့တဲ့အတွက် အမေရိကန် ASEAN ဆက်ဆံရေးသာမက မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ တနိုင်ငံချင်းစီနဲ့ပါ ဆက်ဆံရေး တိုးတက်ခဲ့တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိကြီးတယောက်က ပြောလိုက်ပါတယ်။

သက်တမ်းပြီးဆုံးတော့မယ့် အိုဘားမားအစိုးရလက်ထက်မှာ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဗြူဟာမြောက်ဆက်ဆံရေးအတွက် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes က အင်္ဂါနေ့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ အခုလိုပြောကြားခဲ့တာပါ။

"အရှေ့တောင်အာရှနဲ့ ဆက်ဆံရေးတိုးတက်ဖို့ အမေရိကန်အနေနဲ့ တကယ်ကိုအားထုတ်ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ကြီးတခုလုံးနဲ့တင်မက၊ Vietnam နဲ့ဆက်ဆံရေးဟာ အခုဆိုရင် ကမ္ဘာမှာ အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေး အကျယ်ပြန့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံအဖြစ် ရှိနေပါတယ်။ အမေရိကန်က လက်နက်ရောင်းချမှု တားမြစ်ထားတာကို ဖယ်ရှားပေးခဲ့တယ်။ ပြည်သူအချင်းချင်း ဆက်ဆံရေးတိုးတက်အောင် အားပေးဆောင်ရွက်မှုမျိုးလို ထိရောက်တဲ့ဆောင်ရွက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုရင်လည်း ၂ နိုင်ငံဆက်ရေးကို လမ်းဖွင့်ပေးခဲ့ပြီးနောက် အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ လုံးဝအသွင်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့် အာရှဘက်အာရုံစိုက်တဲ့ အမေရိကန်ရဲ့မူဝါဒက TPP ကုန်သွယ်ရေးသဘောတူညီချက်တခုတည်းအတွက်တင်မဟုတ်ဘဲ စည်းမျဉ်း စည်းကမ်းတွေကို အခြေခံပြီး ဒေသတွင်း၊ တည်ငြိမ်၊ သာယာဝပြောရေးကို မြှင့်တင်နိုင်ခဲ့တယ်။ အာရှဒေသထဲမှာ အမေရိကန်ရဲ့ အရေးပါမှုရှိအောင်လုပ်နိုင်ခဲ့ပါတယ်။"

သမ္မတအိုဘားမားရဲ့ အာရှဒေသဖက်အာရုံစိုက်တဲ့ မူဝါဒအရ ၂၀၁၁ ခုနှစ်မှာ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကိုမြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီး ဆက်ဆံရေးတိုးတက်အောင် စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာခဲ့ပြီးနောက်မှာတော့ အမေရိကန်က မြန်မာအပေါ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကိုပါ အားပေးခဲ့ပါတယ်။
ကမ္ဘာမှာရှိတဲ့ ၂ နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေထဲမှာ တရုတ်အမေရိကန်ဆက်ဆံရေးဟာ အရေးအကြီးဆုံးဖြစ်တယ်လို့လည်း အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလို ကမ္ဘာကြီးအတွက်အရေးကြီးတဲ့ကိစ္စတွေကို အမေရိကန်နဲ့ တရုတ်ပူးပေါင်းဆောင်ရွက်မှုကနေ အောင်မြင်အောင်လုပ်နိုင်ခဲ့တာကြောင့် ၂ နိုင်ငံဆက်ဆံရေးဟာ မဖြစ်မနေလိုအပ်တယ်လို့ သူကဆိုပါတယ်။

တချိန်ထဲမှာ တောင်တရုတ်ပင်လယ်ပြဿနာနဲ့၊ ဆိုင်ဘာတိုက်ခိုက်မှုလို သဘောမတူနိုင်တဲ့ ကိစ္စမျိုးတွေကိုလည်း ပြတ်ပြတ်သားသားကိုင်တွယ်ခဲ့တယ်လို့ ပြောပါတယ်။

ပစိဖိတ်ရပ်ဝန်းဒေသနိုင်ငံများကုန်သွယ်ရေး TPP သဘောတူညီမှုထဲကနေ အမေရိကန်နှုတ်ထွက်မယ်ဆိုရင် အမေရိကန်အတွက်ပဲ ထိခိုက်လိမ့်မယ်လို့လည်း အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ပါတ်သက်လို့ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes ကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG