သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes မြန်မာနဲ့ ဆက်ဆံရေး ပိုတိုးတက်ဖို့ ဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ကန်အမျိုးသား လုံခြုံရေး ဒုအကြံပေး Ben Rhodes နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်မှာ တွေ့ဆုံ။ (Photo-U.S. Embassy Rangoon)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ကန်အမျိုးသား လုံခြုံရေး ဒုအကြံပေး Ben Rhodes နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်မှာ တွေ့ဆုံ။ (Photo-U.S. Embassy Rangoon)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို လေ့လာသုံးသပ်ဖို့ ရောက်ရှိခဲ့တဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး Ben Rhodes ဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံအကြား ပိုမိုဆက်စပ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အစိုးရအပါအဝင် အဖွဲ့အစည်း အတော်များများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ နှစ်ရက်ကြာ ရောက်ရှိခဲ့တဲ့ Ben Rhodes မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့တော့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က စုံစမ်းမေးမြန်းထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး Ben Rhodes အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာတော့ မြန်မာပြည်သူတွေရဲ့ စီးပွားရေးနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်း အကူအညီပေး သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့မြန်မာ ဆက်ဆံရေးပိုင်းမှာ အစိုးရချင်းသာမက ပြည်သူချင်း အပြန်အလှန်ဆက်ဆံရေးကိုပါ တိုးမြင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုပါ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်းပဲ သူ့ခရီးစဉ်အတွင်းမှာ အစိုးရပိုင်းကိုသာမက အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ လူငယ်တွေကိုပါ သီးသန့်တွေ့ဆုံခဲ့ တာတွေ့ရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသူ အရပ်ဖက်လှုပ်ရှားမှု ခေါင်းဆောင်တွေ သမ္မတအိုဘားမားအနေနဲ့ အသိအမှတ်ပြုကျေးဇူးတင်တဲ့အကြောင်း ဒီလို တွေ့ဆုံမှုတွေမှာ ပြောဆိုခဲ့တယ်လို့ အမေရကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

" မြန်မာပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ ၈၈မျိုးဆက်တွေနဲ့ အခြား လူမှုအဖွဲ့အစည်း ခေါင်းဆောင်များရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို သမ္မတ အိုဘားမားအနေနဲ့ အသိအမှတ်ပြုကျေးဇူးတင်တဲ့အကြောင်း ပြောဆိုချက်ကို အမျိုးသားလုံခြုံရေး ဒု အကြံပေးပုဂ္ဂိုလ် Ben Rhodes က အသိပေး ပြောဆိုခဲ့ပါတယ်။"

Ben Rhodes ဟာ သူ့ရဲ့ နှစ်ရက်တာခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့။ အမေရိကန်ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုတိုးမြင့်လာနိုင်ဖို့ အခြေအနေတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနောက် ရန်ကုန်တက္ကသိုလ်မှာလည်း မြန်မာကျောင်းသားတွေ နဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒဆိုင်ရာတွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး အနာ၈တ်တွေကို ပုံဖော်မယ့် မြန်မာလူငယ်တွေကို ပိုမိုထိစပ်ပြီး၊ အမေရိကန်ပြည်ထောင်စုထဲ လေ့လာသင်ယူရေးအစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားဖွံဖြိုးမှု အမျိုးသားပြန်လည်သင့်မြတ်မှု ဒီမိုကရေစီဖြစ်ထွန်းမှုတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားလည်းဖြစ်တယ်ဆိုတာ ရှင်းလင်းပြောဆိုပြီး၊ အဲဒီအတွက် ဒီကိစ္စတွေကို အကောင်အထည်ဖော်နေ တဲ့ မြန်မာအစိုးရရဲ့ လုပ်ငန်းစဉ်တွေကို အမေရိကန်အနေနဲ့ အကူအညီပေးသွားမယ် လို့ ပြောဆိုခဲ့ပါတယ်။ Ben Rhodes ဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံနေကြတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

အမျိုးသားလုံခြုံရေး ဒု အကြံပေး Ben Rhodes ဟာ အခု မြန်မာပြည်ကို လာရောက်တာ ဒါ ၅ ကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး။ NLD အစိုးရသစ် တက်ပြီး လာရောက်တာတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုအခြေအနေတွေကို သုံးသပ်လေ့လာပြီး၊ ပြန် ရင်တော့ သမ္မတအိုဘားမားကို အစီရင်ခံမှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ရာမှာ အရေးပါမယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ Rhodes ကိုယ်တိုင်ကလည်း မြန်မာနဲ့ပတ်သက်လို့ စစ်ရေးဆက်ဆံမှုနဲ့ အခြား ဆက်စပ်မှုတွေအပြင် အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် အရေးယုူ ဒဏ်ခတ်မှုတွေကိုလည်း မကြာမှီ ထပ်မံ သုံးသပ်သွားမယ် လို့ ပြောခဲ့ပါတယ်။ လက်ရှိရှိနေတဲ့ အမေရိကန်ရဲ့အရေးယူ ဒဏ်ခတ်မှုအချို့ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပိုင်းမှာ အကန့်အသတ်ကြုံနေရ တာကိုလည်း နားလည်ပြီး။ ဒီအတွက် ဖြေလျှော့မှုတွေ လုပ်ဖို့ စဉ်းစားမယ်ဆိုတဲ့ အကြောင်းကိုလည်း ရန်ကုန်တက္ကသိုလ် ဟောပြောပွဲ အတွင်းမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG