သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ် ပဲ့ထိန်းကို ဖမ်းဝရမ်းထုတ်


တိမ်းမှောက်ရေယာဉ်မှ ဆယ်ယူရရှိသည့် အလောင်းတချို့
တိမ်းမှောက်ရေယာဉ်မှ ဆယ်ယူရရှိသည့် အလောင်းတချို့

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်မှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ေ ရယာဉ်ရဲ့ ပဲ့ထိန်းကို ဖမ်းဝရမ်းထုတ်ထားပြီး ရာဇဝတ်မှုအရ အရေးယူသွားဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကပြောပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွက် ပေါ့ဆမှု၊ မဆင်မခြင်မောင်းနှင်မှု ပြစ်မှု ဆိုင်ရာပုဒ်မ ၂၈၀ အရ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာ လာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်ခဲ့တာကြောင့် တဝက် နီးပါး ပျောက်ဆုံးနေဆဲဖြစ်သလို အောက်တိုဘာ ၁၈ ရက်အင်္ဂါညနေအထိ ၄၁ လောင်း ဆယ်ယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အောင်စိုးမိုးကျော်ရေယာဉ် ပြေးဆွဲဖို့ စီမံခန့်ခွဲနေတဲ့ အေးချမ်းသာဂိတ်ကတော့ ဟုမ္မလင်းက ထွက်ချိန်မှာ ရေယာဉ်ပေါ်လိုက်ပါသူ ၆၀ ကျော်သာရှိပြီး၊ လမ်းခု လတ်က လိုက်ပါသူတွေနဲ့ပါဆိုရင် လူ ၉၀ ကျော်သာရှိတယ်လို့ မီဒီယာတွေကို ပြော ဆိုပေမဲ့ တကယ်တမ်း အောင်စိုးမိုးကျော်ရေယာဉ်ပေါ် လိုက်ပါခဲ့သူ ၃၀၀ ကျော်လောက် ရှိနိုင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေရော လူကယ်ပြန် ဌာနကပါ ခန့်မှန်းထားတာပါ။

အခုလို အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ရတာဟာ သတ်မှတ်လူဦးရေထက် ပိုပြီး တင်ဆောင်ခဲ့တာဖြစ်ပြီး၊ ပေါ့ဆမှု မဆင်မခြင် မောင်းနှင်မှုတွေနဲ့ ပြစ်မှုဆိုင်ရာ အရ အရေးယူသွားနိုင်ဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“ဖမ်းဝရမ်းထုတ်ထားတာ ဟုတ်ပါတယ်။ ပေါ့ဆမှုကတော့ ဆိုင်တာပေါ့ ဘာဖြစ် လို့လဲဆိုတော့ ရေယာဉ်ပေါ်ပါလာတဲ့သူတွေရဲ့ ပြောပြချက်အရပဲ ပေါ့ဆတဲ့အပိုင်းက တော်တော်ဖြစ်နိုင်ချေများတယ်။ ဆွဲလှည့်လိုက်တဲ့ အချိန်မှာ မော်တော်က မှောက် သွားတယ်။”

နစ်မြုပ်ခဲ့တဲ့နေ့က အောင်စိုးမိုးကျော်ရေယာဉ်မှာ ပဲ့ထိန်းအပါအဝင် ရေလုပ်သား ၅ ဦးလောက် လိုက်ပါ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရေလုပ်သား ၄ ဦးကို ဖမ်းဆီး ထားပါတယ်။ ရေယာဉ်ပိုင်ရှင်နဲ့ ပဲ့ထိန်းဖြစ်သူ ဦးဇော်မျိုးဝင်းကတော့ ထွက်ပြေး တိန်းရှောင်နေဆဲ ဖြစ်ပါတယ်။ ဦးဇော်မျိုးဝင်းကို မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၈၀၊ ပေါ့ဆမှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က) အရ တရားစွဲဆိုနိုင်ဖို့ ဖမ်းဝရမ်းထုတ်ထားတာဖြစ် ပါတယ်။ ပုဒ်မ ၂၈၀ အရပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လအထိ ကျခံရမှာဖြစ်ပြီး၊ ပုဒ်မ ၃၀၄ (က) အရ ပြစ်မှုထင်ရှားရင်တော့ ထောင် ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ချိန်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့သူ မမျိုးပပလှိုင်ကတော့ ရေယာဉ်ပေါ်က အနေအထားတွေကို ပြန်ပြော ပြပါတယ်။

“လူက ၃၀၀ ကျော်လောက် တင်ထားတယ်။ ဆိုင်ကယ်လ်ကလည်း အစီး ၂၀ လောက်ရှိမယ်။ နောက်ပြီးတော့ သွပ်ပြားတွေလည်းပါတယ်။ ဝန်က မမျှဘူး။ ကုန်းပတ်ဘောင်က ရေထိနေပြီ။ ဝိတ်တွေက အရမ်းများတော့ အဲ့လောက်ကြီး မနိုင်ဘူး သယ်လို့မရဘူး။ အန္တရာယ်ရှိ မရှိ စစ်ဆေးတာမျိုးလည်း မတွေ့ဘူး။ မော်လိုက် ကနေ ၈ နာရီ ၄၀ မှာ စလိုက်တာ။ မကြာဘူး နစ်မြုပ် သွားတယ်။ အဲဒီ ဝဲ အကွေ့ကို ကွေ့လိုက်တဲ့အချိန်မှာ စောင်းပြီးတော့ မှောက် သွားတယ်။”

အခုလို ရေယာဉ်ရဲ့ ခံနိူင်ရည်ဝန်ထက် ကျော်လွန်ပြီး လူရောကုန်ပစ္စည်းတွေကိုပါ အဆမတန်တင်တဲ့ အန္တရာယ်များတဲ့ လုပ်ရပ်မျိုး နောင်မှာ ဆက်မဖြစ်စေဖို့ စည်းကမ်းတင်းကြပ် လုပ်ဆောင်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

“စည်းကမ်းပိုင်းကတော့ အများကြီး လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နှစ်ယောက်ပါလို့ ပါမှန်းမသိဘူး။ ဘယ်နှစ်ယောက် သေလို့ သေမှန်းတောင် မသိဘူး။ စာရင်းအတိအကျ ကျနော်တို့ မလိုက်နိုင်တဲ့ အခြေအနေမှာ အဲ့အပိုင်း ကတော့ အများကြီး လုပ်ဖို့ လိုပါတယ်။”

အောင်စိုးမိုးကျော်ရေယာဉ်ဟာ လူ ၃၆ ဦးသာ တင်ဆောင်နိုင်ခွင့်ရှိတဲ့ ယာဉ်အဖြစ် မှတ်ပုံတင်ထားတာပါ။ နစ်မြုပ်နေတဲ့ ဒီ်ရေယာဉ်ကို တာဝန်ရှိသူတွေက ဆယ်ယူဖို့ ကြိုးစားနေပေမဲ့ ခုချိန်ထိ အပြီးသတ် ဆယ်ယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG