သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံ စီမံကိန်း လေ့လာချက် - အပိုင်း (၃)


တိုက်ရိုက် လင့်ခ်


ပြန်လည်ထုတ်လွှင့် ... ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ် မြစ်ဆုံတဝိုက်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ ရေကာတာ (၇) ခု တည်ဆောက်မည့် စီမံကိန်းကို ပြန်မစအောင် ပြည်တွင်းမှာ ကန့်ကွက်မှုတွေ ပြင်းထန်နေဆဲ ဖြစ်သလို တရုတ်ဘက်ကလည်း စီမံကိန်းတွေ ပြန်စဖို့ အစိုးရသစ်ပေါ်မှာ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ VOA အထူးအစီအစဉ်အဖြစ် အပိုင်း (၃) ပိုင်းခွဲပြီး တင်ပြပေးထားပါတယ်။ စီမံကိန်းတွေကို ဆက်ရပ်ထားစေချင်သူတွေ၊ ပြန်စဖို့ လိုလားသူတွေရဲ့ သဘောထားကို NLD အစိုးရသစ်က ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲဆိုတာကို ကိုသားညွှန့်ဦး က နောက်ဆုံးအပိုင်းအဖြစ် သုံးသပ်တင်ပြထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ သမ္မတဦးသိန်းစိန်လက်ထက်မှာဆို မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ဆိုပြီး လူထုလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အတွက်ကြောင့်မို့ သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ဆိုပြီး သမ္မတဦးသိန်းစိန်က သူ့အမိန့်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လို့ NLD အစိုးရ တက်လာတဲ့အချိန်မှာတော့ တရုတ် CPI ကုမ္ပဏီကနေ မြစ်ဆုံစီမံကိန်းကို ပြစနိုင်ဖို့ ကြိုးစားနေတာတွေ တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်ကနေ သံတမန်နည်းအရ ဖိအားပေးမှု တစုံတရာလည်း ရှိလာပါတယ်။ ဒါကြောင့်မို့ ပြောမယ်ဆိုရင် NLD အစိုးရသစ်အတွက် သူရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေထဲမှာ ဒီမြစ်ဆုံစီမံကိန်းကိစ္စကဆိုရင် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အကျပ်အတည်းတခု၊ စိန်ခေါ်ချက်တခု ဖြစ်လာနိုင်ပါတယ်။

မေခ-မလိခ ဆုံရာ မြစ်ဆုံတဝိုက် ရေကာတာကြီး (၇) ခု ဆောက်လုပ်မယ့် မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနဲ့ အရင်စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ထဲမှာ နှစ်ဘက်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဒေသခံလူထု၊ မြန်မာပြည်လူထုကို အာဏာပိုင်တွေဘက်က ရှင်းရှင်းလင်းလင်း အသိပေးတာမျိုး မရှိခဲ့ပါဘူး။ ၂၀၁၁ တစုံတရာ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေ ပွင့်လင်းလာချိန်မှာတော့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုကြီး ပေါ်လာပြီးတော့ သမ္မတဦးသိန်းစိန်က ဒီ စီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာတဲ့ NLD အစိုးရသစ်လက်ထက်မှာတော့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို ဘယ်လို ပြန်လုပ်ကြမလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ အဓိက စတာကတော့ တရုတ်နိုင်ငံဘက်က သံတမန်ရေး ဖိအားတွေ ဖြစ်ပါတယ်။ China Investment Cooperation ဆိုပြီး နာမည်ပြောင်းလိုက်တဲ့ CPI ကုမ္ပဏီဟာဆိုရင် ဒီမတိုင်ခင် ယာယီရပ်နားထားစဉ်မှာကတည်းက နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ မီဒီယာတွေကို တရုတ်နိုင်ငံအထိ ဖိတ်ခေါ်ပြီးတော့ ရေအားလျှပ်စစ်စီမံကိန်းတွေ ပတ်သက်လို့ ရှင်းလင်းစည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

NLD အစိုးရသစ် တက်လာပြီးနောက် ၂၀၁၆ ဧပြီလအတွင်းက မြန်မာနိုင်ငံကို အလည်အပတ် ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီရဲ့ ခရီးစဉ်အတွင်းမှာပဲ မြစ်ဆုံစီမံကိန်းပေါ် အစိုးရသစ်က ဘယ်လို သဘောထား ကိုင်တွယ်မယ်ဆိုတာကို တရုတ်ဘက်က စကားစပြောဆိုမှုတွေ ရှိလာသလိုပဲ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကိုယ်တိုင် မြစ်ကြီးနား - မြစ်ဆုံဒေသအထိကို ဆင်းသွားပြီးတော့ အစိုးရအာဏာပိုင်တွေ၊ ဒေသခံတွေကို တွေ့ဆုံခဲ့ပါတယ်။

အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာတော့ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြစ်ဆုံစီမံကိန်းက အရေးပါတယ်ဆိုတာကို သံအမတ်ကြီးက စည်းရုံးတိုက်တွန်းခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအက်ချ်လှအောင် က ပြောပါတယ်။

ဦးအက်ချ်လှအောင် ။ ။ အဲဒီတုန်းက သူက တရုတ်လိုပြောတယ်။ သူ့စကားပြန်ကလည်း တရုတ်စကားပြန် ဖြစ်နေတယ်။ သူကလည်း ဗမာပြန်တဲ့အခါမှာ သူပြောတာက တရုတ်နိုင်ငံက ယနေ့ကမ္ဘာမှာ နံပတ် (၂) အဆင့်ကို ရောက်သွားပါပြီ။ စီးပွားရေးအရ အများကြီး တိုးတက်နေပါပြီ။ ကျနော်တို့တွေက စီးပွားရေးအရ တော်တော်လေးကို လက်လှမ်းမှီရအောင် ကြိုးပမ်းရမယ့်အပိုင်း။ အဲဒီတော့ ငြိမ်းချမ်းရေး မရလို့ မဖြစ်နိုင်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး ရနိုင်ဖို့ ဒီလူမှု့ infrastructure တွေ ကောင်းလာမှ၊ အဲဒီအခါကြတော့ မြစ်ဆုံကဏ္ဍတွေက အရေးပါလာတာပေါ့။ ဒီဥစ္စာကို ပြန်လုပ်မှပဲ ခင်များတို့နိုင်ငံ၊ ပြည်နယ် တိုးတက်လာမယ်။ ကျနော်တို့က သူတို့ရဲ့ မီဂါ ခြောက်ထောင်လောက်ရှိတဲ့ဟာနဲ့ (၉၀) ရာခိုင်နှုန်းလောက် သူတို့ယူမယ်။ (၁၀) ရာခိုင်နှုန်းကပဲ ကျနော်တို့ဆီကို ဓါတ်အားပို့ပေးမယ်ဆိုတော့ ဒါတွေကလည်း ဘာမှ အဓိပ္ပါယ်မရှိဘူး။ လုပ်မယ်ဆိုရင် ဒီထက်ကြီးကျယ်တဲ့ International အဆင့်ဝင်တဲ့ လုပ်ငန်းကြီးတွေ Project ကြီးတွေ အများကြီး လက်ခံပြီး လုပ်လို့ရှိရင် ကျနော်တို့နိုင်ငံက ပိုပြီး တိုးတက်နိုင်တယ်။ ဒီမြစ်ဆုံတခုတည်း မဟုတ်ဘဲနဲ့ တခြားလုပ်လို့ရတယ်ဆိုတာကို ကျနော် ပြောပြခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒေသခံပြည်သူတွေ၊ အထူးသဖြင့် မြစ်ဆုံဒေသခံတွေနဲ့ တွေ့တဲ့အခါမှာတော့ စီမံကိန်း ပြန်စဖို့ဆိုတဲ့ နေရာမှာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ် ပြုမယ်ဆိုတာကို တရုတ်သံအမတ်က ပြောဆိုခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံစီမံကိန်းဆိုင်ရာ သုတေသနပြုသူ ကချင်တိုင်းရင်းသူ ခွန်ဂျာအောင် ကတော့ အခု မြစ်ဆုံစီမံကိန်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ အစိုးရသစ် နဲ့ တရုတ်အကြား ဆက်ဆံရေးအတွက် အရေးပါလိမ့်မယ်လို့ ဆိုပါတယ်။

ခွန်ဂျာအောင် ။ ။ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ကတည်းက ခေတ္တယာယီ ရပ်ဆိုင်းလိုက်တာ တရုတ်ဘက်က မကျေနပ်ဘူး။ မကျေနပ်ဘူးဆိုတာ သူတို့ရဲ့ စာချုပ်အရ .. ကျမတို့ စာချုပ်ကိုတော့ အသေးစိတ် မသိဘူး။ ဒါပေမဲ့ စာချုပ်သဘောတရားအရ နိုင်ငံနှစ်နိုင်ငံ စာချုပ်ချုပ်ထားတာ၊ လက်လွှတ်စပယ်ပြော မလုပ်သင့်ဘူး။ အဲဒီလို စကားတွေ ထွက်လာခဲ့တာ။ အဲဒီအချိန်တုန်းကတခေါက်။ ဒါပေမဲ့ ပြည်သူလူထုအသံကြောင့်ဆိုပြီး တခေါက်လုပ်ခဲ့တာ။ အခု NLD အစိုးရအချိန်မှာလည်း တရုတ်-မြန်မာ ဆက်ဆံရေးက မြစ်ဆုံကိစ္စကတော့ တော်တော်လေး အရေးပါမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက တရုတ်ပြည်ဘက်ကို ကျမတို့ဘက်က တာဝန်ရှိသူက သွားတွေ့ထားတယ်။ တရုတ်သံအမတ်က ကျမတို့ဆီကို လာခဲ့တယ်။ ပြီးမှ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့အတွက် ဒေသခံလူတွေရဲ့ အသံ။ ဒေသခံလူတွေက အရမ်းကြီး Against မလုပ်ပါဘူးဆိုတဲ့ အသံမျိုး ထွက်လာဖို့အတွက် ကြိုးစားနေကြတယ်။

ကိုသားညွှန့်ဦး ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဦးဆုံးအကြိမ် သွားရောက်ဖို့ မတိုင်ခင်က (၅) ရက်အလို၊ သြဂုတ်လ (၁၂) ရက်နေ့မှာ သမ္မတဦးထင်ကျော် လက်မှတ်နဲ့ ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစီစစ်သုံးသပ်ရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ကချင်လွှတ်တော်အမတ်တဦးဖြစ်တဲ့ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ် က ဒီကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနဲ့ ဆက်လျဉ်းပြီးတော့ ပထမဦးဆုံး အစီရင်ခံစာကိုတော့ နိုဝင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး ကော်မရှင်ကနေ သမ္မတကို တင်ပြပေးရမှာပါ။ လူထုတိုက်က စာရေးဆရာ ညီပုလေးကတော့ အစိုးရသစ်ရဲ့ အကျပ်အတည်းကို နားလည်သလိုပဲ၊ အစိုးရသစ်ကလည်း လူထုဆန္ဒနဲ့အညီ မြစ်ဆုံစီမံကိန်းကို ဖြေရှင်းလိမ့်မယ်ဆိုတဲ့အကြောင်း ဆိုပါတယ်။

ညီပုလေး ။ ။ အစိုးရသစ်မှာ စိန်ခေါ်မှုတွေ အများကြီး။ သူက ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့ရသူ မဟုတ်ဘူး။ ပြဿနာပေါင်း သောင်းခြောက်ထောင်မက အမှိုက်ပုံကြီး အမွေးဆိုးကြီးကို လက်ခံရတာ။ တိုင်းရင်းသားပြဿနာတွေ ရှိလိမ့်မယ်။ ရခိုင်ပြဿနာတွေ ရှိလိမ့်မယ်။ ဘာသာရေး ပြဿနာတွေ ရှိလိမ့်မယ်။ အခု မြစ်ဆုံက အဲဒီအထဲမှာ တော်တော်အရေးကြီး ထင်ရှားတဲ့ ပြဿနာ။ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆက်မလုပ်တဲ့ဘက်က ဦးထင်ကျော်အစိုးရက ဖြေရှင်းလိမ့်မယ်လို့ ကျနော်က မျှော်လင့်တာ၊ အားလည်းကိုးပါတယ်။ လူထုက လျော်ရမယ်ဆိုရင်တော့ အိတ်စိုက်လျော်ရမယ့်ဆန္ဒတွေ ရှိတယ်။ အဲဒီအထဲမှာ ကျနော်တို့လည်း လျော်ကြဖို့ဆိုရင် လျော်မယ်။ ဒါကြီးဆောက်ထားတာ မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လျှပ်စစ်ထုတ်ရုံတင်မကဘူး၊ နျူကလီယားဓါတ်ပေါင်းဖို တစ်ခုလိုပဲ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိနိုင်သေးတယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ရွေးလမ်း (၃) လမ်း ရှိမယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ပထမကတော့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ပါ။ စီမံကိန်း ပြန်စမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်ဒေါ်လာ သန်း (၅၀၀) အခွန်အခ ရပြီးတော့၊ နိုင်ငံမှာလည်း တစုံတရာ လျှပ်စစ်မီး ဖူလုံနိုင်မှာပါ။ နောက်တခုကတော့ ဒီအတိုင်း ရပ်ဆိုင်းထားရေးပါ။ တရုတ် CPI ကုမ္ပဏီအနေနဲ့ ဒီအတွက် ရင်းနှီးမြုပ်နံှထားတဲ့ အတိုးနှုန်းတက်နေပြီးတော့ တနှစ်က သန်း (၅၀) လောက် ဆုံးရှုံးမှု ရှိမယ်လို့ ခန့်မှန်းပါတယ်။ တတိယအချက်ကတော့ စီမံကိန်းကို လုံးဝရပ်ပြီးတော့ စာချုပ်ပါအတိုင်း လျော်ကြေးပေးချေးဖို့ပါ။ ဒီအတွက် တရုတ်နိုင်ငံဘက်က သူတို့ရဲ့ ရင်းနှီးမြုပ်နံှပြီးသား ဒေါ်လာသန်း (၈၀၀) ရှိနေပါတယ်။ ဇူလိုင် (၂၄) ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာမှာတော့ စတုထ္တ ရွေးလမ်းဆိုတာကို အယ်ဒီတာအာဘော်မှာ ထည့်သွင်းဖော်ပြလာပါတယ်။ ဒါကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပြီးတော့ အဲဒီအရင်းအနှီးတွေနဲ့ မြန်မာနိုင်ငံက အခြားနေရာတခုခုမှာ ရေအားလျှပ်စစ်စီမံကိန်းတခုခုကို တည်ဆောက်ဖို့ပါ။ အစိုးရ ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ စတုထ္တလမ်းကို ရွေးလမ်းတခုအနေနဲ့ သတ်မှတ်မလားဆိုတာ စဉ်းစားစရာပါ။ ကချင်ပြည်နယ် ဒီမိုကရေစီဥက္ကဋ္ဌ ဒေါက်တာတူးဂျာ က အဓိက ဖြစ်နေတဲ့ ပြဿနာဟာ နေရာကြောင့်ဖြစ်ပြီးတော့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးကိုတော့ နေရာတခုခုမှာ လုပ်ရမယ်ဆိုတာကို သူက လက်ခံပါတယ်။

ဒေါက်တာတူးဂျာ ။ ။ ဒီရေအားလျှပ်စစ် စီမံကိန်းကတော့ လုပ်ရမယ်။ သူ့ရဲ့ မူအရသာ လုပ်ရမယ်။ ဒါပေမဲ့ အခုက နေရာပြဿနာ။ ကျနော်တို့အနေနဲ့လည်း အဲဒီ တရုတ်ကုမ္ပဏီ CPI ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ မြစ်ဆုံစီမံကိန်း လုပ်ခွင့်မပြုဘူး၊ မထောက်ခံဘူးဆိုတာ တရုတ် မုန်းတီးရေး မဟုတ်ဘူး။ ဒီနေရာ Site of the Project အဓိက အဲဒါဖြစ်တယ်။

ကိုသားညွှန့်ဦး ။ ။ ဒေသခံတွေ တက်ကြွလှုပ်ရှားသူတွေဘက်ကတော့ မြစ်ဆုံစီမံကိန်း ရပ်ရေးကို အဓိက လိုလားကြပါတယ်။ အထူးသဖြင့်တော့ လူထုဆန္ဒမဲနဲ့ အနိုင်ရလာတဲ့ NLD အစိုးရအနေနဲ့ ဒီကိစ္စကို လူထုဆန္ဒနဲ့အညီ မလုပ်နိုင်လို့ရှိရင် အကျပ်အတည်း ကြုံမှာပဲလို့ သူတို့က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ ။ ။ ကျမတို့ကတော့ ဒီမြစ်ဆုံစီမံကိန်းကို တက်လာတဲ့ NLD အစိုးရက အမှန်တကယ် လုံးဝရပ်ဆိုင်းပေးဖို့၊ ရာသက်ပန် ရပ်ဆိုင်းပေးမယ်လို့ ယုံကြည်တယ်။ မြစ်ဆုံစီမံကိန်းကို လုပ်ပြီလို့ ကျမတို့ မထင်တော့ဘူး။ အရင် သမ္မတလည်း ဒါကို ရပ်ဆိုင်းထားတယ်။ အခု အစိုးရက ပြည်သူတွေ အရမ်းမျှော်လင့်တဲ့ အစိုးရ။ အားကိုးတဲ့ အစိုးရ။ ဒီမြစ်ဆုံစီမံကိန်းသာမက တခြားစီမံကိန်းတွေ အများကြီး ရှိသေးတယ်။ မြစ်ဆုံစီမံကိန်းကိုတော့ ရပ်ဆိုင်းဖို့သင့်ပါတယ်။

ဦးအက်ချ်လှအောင် ။ ။ အစိုးရကတော့ အကောင်းဆုံး ဖြေရှင်းမယ်၊ သွားမယ်လို့ ထင်တယ်။ မဖြေရှင်းဘူးလားဆိုလဲ ဒီအစိုးရက ပြည်သူလက်မခံနိုင်တဲ့ အစိုးရ ဖြစ်သွားလိမ့်မယ်လို့ ကျနော် ထင်တယ်။ အခုန ကျနော် ပြောခဲ့သလိုပဲ ဒီဟာကို ဖြေရှင်းတဲ့ ပုံသဏ္ဍာန်လေးမှားတယ်။ ဒါကြီးကို ဖြေရှင်းတဲ့ ပုံသဏ္ဍာန် မှားတယ်မှန်တာထက် ဒါကို လုပ်တာကိုက ပြည်သူက လက်မခံနိုင်ဘူး။ ဒီဟာလုပ်တာနဲ့ တနိုင်ငံလုံး အုံကြွမှုတခု ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်လက်ထက်မှာတောင် ဒါကို ရပ်ဆိုင်းထားတာကို ပြန်ပြီး အစိုးရသစ်က လုပ်မယ်ဆိုရင် သူတို့မှာ တော်တော်ကို အကျပ်အတည်းနဲ့ ရင်ဆိုင်ပြီး ပြည်သူထောက်ခံမှု တော်တော်ကျဆင်းသွားမယ့် အရိပ်အရောင်တွေပါ။

ကိုသားညွှန့်ဦး ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်နေစဉ်မှာပဲ မြန်မာနိုင်ငံရေး နဲ့ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေ စုပြီးတော့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဆက်မလုပ်ဖို့ တရုတ်သမ္မတ ချီကျင်ရှန်ထံကို မြန်မာနိုင်ငံ တရုတ်သံရုံကတဆင့် စာပေးပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နံှမှုတွေမှာ မြန်မာလူထုရဲ့သဘောထားကိုပါ ထည့်သွင်းစဉ်းစားပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမှုတွေကို ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးဖြစ်အောင်လို့ ကြပ်မတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ သြဂုတ်လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီခချန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာ မြစ်ဆုံစီမံကိန်းအကြောင်းကို ပြောဖြစ်ပါတယ်။ မြန်မာအစိုးရဘက်က မြစ်ဆုံရေကာတာ ကိစ္စကို မျှမျှတတ ကိုင်တွယ်အဖြေရှာဖို့ဆိုပြီး တရုတ်နိုင်ငံဘက်က တိုက်တွန်းခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စ ကိုင်တွယ်ဖို့အတွက် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းထားတယ်ဆိုတာကို အကြောင်းပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးရဲ့ အဖြေမှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒေါက်တာတူးဂျာကတော့ အစိုးရဘက်က ဆင်ခြေကောင်းတခုခုနဲ့ စီမံကိန်းတခုကို လုံးဝရပ်ဆိုင်းလိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ် အစိုးရအတွက် အကျပ်အတည်း ပိုကြီးနိုင်ပါတယ်။

ဒေါက်တာတူးဂျာ ။ ။ ဒါကို အစောတလင် မကိုင်တွယ်စေချင်တဲ့သဘော ဖြစ်နိုင်တယ်လို့ ကျနော် ထင်တယ်။ ဒီလိုစကားတွေ ဆင်ခြေပေးပြီးတော့၊ ဆင်ဆင်ခြင်ခြင် ပြောပြီးမှ ခဏထိန်းထားတဲ့သဘော။ အခြေအနေတခုမှ ဒီဟာကို ဖြေရှင်းမယ့်အချိန် ရောက်လာလို့ရှိရင်လဲ သူကတော့ ပြည်သူလူထုအသံ နားထောင်မှာပဲ။ ဟိုစာချုပ်ရှိမယ်၊ ဒီစာချုပ်ရှိမယ်။ လုပ်လို့ရမယ်လို့တော့ ပြောမယ်မထင်ဘူး။ ကျနော့် စိတ်အထင်ကတော့ လွန်တယ်လို့တော့ မြင်သွားမလား မပြောတတ်ဘူး။ ဒီမြစ်ဆုံရေကာတာ လုပ်ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ဒီနေ့ပြောလိုက်တာနဲ့ မနက်ဖြန် လမ်းပေါ်ပြည့်သွားမှာပဲ။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံစီမံကိန်းကို ပြန်စမယ်ဆိုရင် လက်ခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ တညီတည်းအဖြေကတော့ လက်မခံနိုင်ဘူးဆိုတာပါ။ ဒါကြောင့်မို့ အကယ်၍ မြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုရင်တော့ အရင်သမ္မတဦးသိန်းစိန် လက်ထက်မှာ ကြုံခဲ့ရတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အရင်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ နိုင်ငံတကာစာချုပ်စာတမ်းတွေကို လုံးလုံးပစ်ပယ်မှာ မဟုတ်ဘူးဆိုတဲ့ NLD အစိုးရအတွက်တော့ ဒါဟာ အကဲစမ်းချက်တခု ဖြစ်လာနိုင်ပါတယ်။

XS
SM
MD
LG