သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီ ဒု-ဥက္ကဌ ဦးတင်ဦး ရဲ့ စစ်အာဏာရှင်များအား တိုက်တွန်းပြောဆိုချက်


ဦးရော်နီညိမ်း ။ ။မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီဟောင်းတွေ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရက်နောက်ဆုံးရက် သတ်မှတ်ခဲ့ပြီး တဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က မှတ်ပုံတင် တည်ရှိခဲ့တဲ့ နိုင်ငံရေးပါတီတချို့ဟာ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချတာကို ကိုယ့်ဘာသာမလုပ်ခဲ့သလို၊ အာဏာပိုင်တွေက လည်း ဆိုင်းဘုတ်တွေ လာဖြုတ်ချတာ မရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူမှုရေးလုပ်ငန်းတွေကိုပဲ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ ဦးစီးလုပ်ကိုင်ဆောင်ရွက်နေကြ ပါတယ်။ လက်ရှိအခြေအနေအရ တရားဝင်ပါတီ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ လုပ်လာတာလည်း မတွေ့ရသေးပါဘူး။ လောလောဆယ်မှာ မြန်မာစစ်အစိုးရရဲ့ နျူက လီးယား အကြံအစည် လူသိရှင်ကြား ဖြစ်သွားတဲ့ကိစ္စ၊ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တော့ နိုင်ငံတကာ ဖိအားတွေ ကြုံရနိုင်တဲ့အလားအလာ ရှိနေတဲ့အချိန်မှာ ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက် အခံနိုင်ငံရေး အင်အားစုတွေကို ဘာမှမလုပ်သေးဘဲ ထားတယ်လို့ ယူဆစရာအကြောင်းက ရှိနေပါတယ်။ ဖမ်းတာဆီးတာတွေကို လုပ်တဲ့ အခါမှာ စစ်အစိုးရအသုံးပြုလေ့ရှိတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါ တယ်။

ဦးတင်ဦးက သူကာကွယ်ရေးဦးစီးချုပ်ဖြစ်နေစဉ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လူတွေ မြစ်ဝကျွန်းပေါ်မှာ စိမ့်ဝင်လာနေပြီဆို ပြီး တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှုးက လူဖမ်းပွဲကြီးလုပ်ဘို့ စီစဉ်တဲ့အခါ အဲဒီအချိန်က ဝန်ကြီးချုပ်ဦးစိန်ဝင်းရုံးခန်းမှာ သူနဲ့ ထိပ်တိုက်တွေ့ခဲ့ပုံကို အောက်ပါအတိုင်းပြောဆိုပါတယ်။

ဦးတင်ဦး ။ ။ ၁၉၇၅ ခုနှစ်မှာထုတ်တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ ကာကွယ်တဲ့ဥပဒေက ထွက်တယ်။ အဲဒီမှာ ရုံးမတင်ဘဲ ဖမ်းတာဆီးတာ လုပ်စရာတွေရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်က ဗဟိုအဖွဲ့ထဲပါတယ်ဆိုတော့ ဗဟိုအဖွဲ့မှာ ဥက္ကဌက ပြည်ထဲရေးဝန် ကြီး၊ ကျနော်က အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်၊ ကုန်သွယ်ရေးဝန်ကြီးက လည်း အဖွဲ့ဝင်၊ ကျန်တဲ့ဝန်ကြီးတွေက အခါအားလျော် စွာ ခေါ်ပြီးလုပ်နိုင်တယ်။ အဲဒီအခါမှာ လေသတင်းကြားပြီးတော့ အဲဒီမှာရှိတဲ့ လူတွေကို ဖမ်းတာဆီးတာ လုပ်တယ်ဗျ။ ထောက်လှမ်းရေး ဘက်က သတင်းရပြီးတော့ ဖမ်းတာဆီးတာလုပ်ပြီးတော့ အဲဒီလူတွေနဲ့ပတ်သက်တာကို ရုံးမတင်ဘဲနဲ့ ကျနော်တို့ရဲ့ ဗဟိုအဖွဲ့ကို ထိန်းသိမ်း ပေးဖို့ တင်တယ်။ ကြည့်လိုက်တော့ လူတွေက သိပ်များတယ်။ ကရင်အမျိုးသားတွေ တော်တော်များတယ်။ များတော့ ကျနော်က ပြောမိ တယ်။ တချို့ဟာတွေက အသေးအမွှားလေးတွေ နေမှာပါ။ တချို့ဟာတွေလည်း မှန်ချင်မှမှန်တော့မယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းကြား လို့ဖမ်းတာ သိပ်များလွန်ကြီးတော့ ဒီအရေအတွက်ကတော့ မကောင်းဘူးထင်တယ်လို့ ကျနော့်ရဲ့ အမြင်ကို ပြောမိတယ်။ အဲဒါကို ဒေါသ ထပြီးတော့ ဒီအလုပ်က ကျုပ်အလုပ်၊ ကျုပ်ဘာသာကျုပ်လုပ်မယ်။ ခင်ဗျားအလုပ်ကို ခင်ဗျားလုပ်ပေါ့ ဆိုတဲ့ သဘောမျိုးတွေပြောတယ်။ ဒါကို ကျနော်က သည်းခံလိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကကလှမ်းဒါရိုက်တာ(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှုး)က ပြောတာလား။

ဦးတင်ဦး ။ ။ ဟုတ်ပါတယ်။ နံမည်တွေလည်း မပြောတော့ပါဘူး။ သူလည်း မရှိတော့ပါဘူး။ အဲဒါနဲ့ ပတ်သက်တာကို ဗိုလ်ချုပ်စိန်ဝင်း အခန်းမှာ ပြောမိတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ လုပ်ခဲ့တာတွေ သိပ်များတယ်။ များတာကြောင့်လည်း သူကလည်း အဲဒီတုန်းက NIB (အမျိုး သားထောက်လှမ်းရေးအဖွဲ့) နဲ့ ပတ်သက်ပြီး လာတင်တုန်းမှာ သူလည်းကြုံနေတာမို့ သူ့စာရင်းကို ကျနော်က ဝေဖန်လိုက်တာပေါ့။ နိုင်ငံ တော်ဝန်ကြီးချုပ်ကို ပြောရင်းနဲ့ သူကိုလည်းပြောလိုက်တယ်။ “ခင်ဗျား များလွန်အားကြီးတယ်။ တချို့ဟာတွေက သတင်းအရအနေ နဲ့ အသေးအမွှားလေးတွေများတယ်။ အရေအတွက်တွေ သိပ်များတော့ ယုတ္တိမရှိဘူး”။ သိပ်တော့မကောင်းလှဘူး။ အမြင်လည်းမကောင်း အကြားလည်းမကောင်း ဒီလောက်များနေ တော့။ ဖြစ်ဖို့မသင့်ဘူး။ စီစစ်ဖို့ ကျနော်က ပြောမိတယ်။ အဲဒီမှာ ဒေါတွေကန်ပြီး ကျနော့်ကို ဒေါနဲ့မောနဲ့ ပြောတယ်။ ကျနော်ကတော့ သည်းခံလိုက်တယ်။ ဒေါနဲ့မောနဲ့ သူပြန်သွား တယ်။ ဝန်ကြီးချုပ်ကပြောတယ် “ကိုတင်ဦး စကား ပြောရင် ကြည့်ပြော။ ခင်ဗျားကလည်း စိတ်ထဲရှိတာ ပြောတတ်တယ်။” အဲဒါနဲ့ ပတ်သက်ပြီး သတိထားဖို့ သူကပြောတယ်။ ကျနော် လည်း သူကိုပြောလိုက်ပါတယ် “ဝန်ကြီးချုပ် ခင်ဗျားလည်း သတိထား။” အပြင်မှာလည်းဖြစ်နေတာက ဆန္ဒပြပြီးအော်နေတာကလည်း ကြွေးကြော် သံတွေက ပြောင်းလာတယ်။ ပထမ ကြွေးကြော်သံတွေမှာက နေဝင်း၊ စန်းယု ကျဆုံးပါစေ။ နောက်တော့ စိန်ဝင်း၊ တင်ဦး အသက်ရာကျော် ရှည်ပါစေ။ အဲဒီလိုအော်တော့ ကျနော်လည်း စိုရိမ်တာပေါ့။ ကျနော်က လည်း သူ့ကို သတိပေးတာပေါ့။ အဲဒီတုန်းက အဲဒီလို ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ ကျနော်ရဲ့ သမိုင်းရေးတဲ့အထဲမှာလည်း အဲဒီအကြောင်းတွေ ရေးထားပါတယ်။ ဘာဖြစ်လို့ လည်းဆို တော့ သူက ဒီလိုဖြစ်လာ တာကိုး။ one and half ဖြစ်လာတော့ တန်းခိုးနည်းနည်းထွာလးာတော့ သည်းခံလိုက်ရတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း မေ့မေ့ ပျောက်ပျောက်ပါ ဘဲ။ အဲဒါကတော့ ရှိခဲ့ဘူးတာပေါ့။ ဒါက absolute power corrupt absolutely ဆိုသလိုပဲ တန်းခိုးအရှိန်အဝါ ရှိလာတဲ့ အခါကျတော့ ဒီလိုဟာမျိုးက လူ့သဘောအရ ဖြစ်တတ်တာ လေး တွေပေါ့။ အဲဒါလေးတွေ ဖြစ်ခဲ့တာတော့ ရှိခဲ့တာပေါ့။

ဦးရော်နီညိမ်း ။ ။ နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းတဲ့ဆီးတဲ့နေရာမှာ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ ၁၉၇၅ ခုနှစ်မှာထုတ်တဲ့ နိုင်ငံတော် အား နှောက်ယှက်ဖျက်ဆီးသူများရဲ့ ဘေး အန္တရာယ်မှ ကာကွယ်သည့်ဥပဒေကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်းက အဲဒီ အချိန်က နိုင်ငံတော်ရှေ့နေချုပ်ဖြစ်သူ ကွယ်လွန်သူသမ္မတဟောင်းဒေါက်တာမောင်မောင်ကို ဦးစီးရေးဆွဲခိုင်းတာဖြစ်ပြီးတော့ဒီဥပဒေဖြစ် မြောက်ရေးကို လုပ်ဆောင်ခဲ့သူတွေထဲမှာ သူလည်း တဦးအပါအဝင် ဖြစ်ခဲ့တယ်လို့ ဦးတင်ဦးက ပြောပြပါတယ်။

ဦးတင်ဦး ။ ။ ကျနော့်ကိုယ်ကျနော် အမြဲတမ်း စဉ်းစားကြည့်တယ်။ ဟိုတုန်းကထုတ်ခဲ့တဲ့ ဥပဒေတွေအားလုံးမှာ ကျနော်တို့တတွေ လုပ်ခဲ့ ကြတာတွေရှိခဲ့တယ်။ အဲဒီလိုဖြစ်တော့ အခုထုတ်ပြန်ထားတဲ့ ဥပဒေတွေထုတ်ခဲ့တုန်းကလည်း ကျနော်တို့ပဲ။ ဥပမာ ၁၉၇၅ခုနှစ် နိုင်ငံတော် အား နှောက်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှကာကွယ်ရေး ဥပဒေဆိုတာကလည်း တကယ်ပြောရင် ကျနော်တို့ ပါခဲ့တယ်။ အဲဒီတုန်း က ဒေါက်တာမောင်မောင်က တော်တော်လေးပူပန်မှုရှိခဲ့တော့ သူပြောတဲ့စကားရှိတယ် “ကိုတင်ဦး ခင်ဗျား ဒါနဲ့ ပတ်သက်လို့ ဆောင်ရွက်ရ ရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့၊ လူတွေနဲ့ ပတ်သက်ပြီး သူတို့ရရှိတဲ့အခွင့်အရေးကို မထိခိုက်မနှောက်ယှက် မပျက်စီးးစေဘဲ ကြိုးစား ပြီးလုပ်ပါဗျာ။” အဲဒီတော့ ဒီဥပဒေကြီး ထုတ်လိုက်ရတဲ့အတွက်တော့ သူအနေနဲ့ စိတ်ထဲမှာ အင်မတန်မှမသက်မသာဖြစ်တာကိုတော့ ဖွင့်ဟ ပြောခဲ့ဘူးတာတွေရှိတယ်။ ဦးနေဝင်းက ဆရာသမားကြီးအနေနဲ့လုပ်ခဲ့တဲ့ခေတ်တုန်းက ကျုပ်တို့တတွေက အစဉ်အလာနဲ့ပါခဲ့ပြီး ထိန်းထိန်း သိမ်းသိမ်းလုပ်ခဲ့ပေမယ့်လည်း ဒီဟာကြီးက အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောင်လုပ်တဲ့လူတွေကြရင် အရမ်းကာရော ဗရမ်းဗတာလုပ်လိုက်ရင် တော့ ပြည်သူလူထုတွေ သိမ်းကျုံးခံရတော့မှာပဲဆိုတာ ရှိလာနိုင်တယ်။ ခင်ဗျားလုပ်တာနဲ့ ပတ်သက်တာအားလုံးကိုလည်း အဲဒီလုပ်တာကို တော့၊ ဒါကို နောင်လူနောင်သား ခင်ဗျားလည်း တပ်မတော်ထဲကနေ အရပ်သားဖြစ်မှာပဲ။ အဲဒီအခါကျရင် ဒီဥပဒေနဲ့ပတ်သက်လို့ ခင်ဗျားကို ခြိမ်းခြောက်နေတာမဖြစ်ဘဲနဲ့ တတ်နိုင်သမျှ လုံခြုံအောင် လုပ်ခဲ့စမ်းပါဗျာလို့ ပြောဘူးတယ်။

ဦးရော်နီညိမ်း ။ ။ ဦးနေဝင်း အမိန့်နဲ့ ဖန်တီးတီထွင်ခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ဘေးအန္တရာယ်မှ ကာ ကွယ်သည့်ဥပဒေ အရ ဦးနေဝင်းကိုယ်တိုင် အရေးယူခံခဲ့ရတဲ့အဖြစ်ကို ကြုံမသွားရပေမဲ့လည်း ဦးနေဝင်းရဲ့ နောင်လာနောင်သားတွေဟာ ဦးနေဝင်း ထွင်ခိုင်းလို့ထွင်လိုက်ရတဲ့ ဒီဥပဒေနဲ့ မလွတ်ဘဲ ရှိခဲ့သလို၊ ဒီဥပေဒ တီထွင် ပြဌာန်းစဉ်က ပါဝင်ခဲ့တဲ့ ဦးတင်ဦး ကိုယ်တိုင်လည်း ၁၉၈၈နောက်ပိုင်း အာဏာပိုင်တွေက သူကို အရေးယူတဲ့အခါမှာ ဒီ ဥပဒေနဲ့ အရေးယူတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဦးတင်ဦးက တိုင်း သူပြည်သား မြန်မာနိုင်ငံသားတွေကို မလိုရင်မလိုသလို စိတ်ကြိုက်ကျဖမ်းဆီး ထောင်ချနေတဲ့ လက်ရှိ အာဏာပိုင်တွေကို သင်ခန်းစာယူ စေချင်ပါတယ်။

ဦးတင်ဦး ။ ။ အားလုံးနဲ့ ပတ်သက်ပြီးလုပ်တဲ့ကိစ္စတွေကို အားလုံးသည် ချင့်ချင့်ချိန်ချိန်၊ ချိန်ချိန်ဆဆ လုပ်ပါ။ ဒါကြီးက အသက်ဝင်ပြီး ရှင် သန်နေရင် ကိုယ်မရှိတဲ့အခါ ကိုယ့်သားသမီးမြေးမြစ်တွေနဲ့ပတ်သက်ပြီး ဒါကြီးက ခြိမ်းခြောက်နေမယ့်ဟာကြီး ဖြစ်တယ်ဆိုတာကို သဘော ပေါက်စေချင်ပါတယ်။ ပြည်သူလူထုအရိပ်ဆိုတာ ညောင်ညိုပင်ကြီးနဲ့ တူပါတယ်။ အရိပ်က အေးမြပါတယ်။ ညောင်ညိုပင်အရိပ်အောက်မှာ အေးချမ်းသာယာတယ်ဆိုတဲ့သဘောကို သက်ရောက်ပြီးတော့။ ဒီညောင်ညိုပင်ရိပ်ကို ငါ့အရိပ်လို့ထင်ပြီးတော့ လွဲမှားစွာထင်မှတ်ပြီး ဆောင် ရွက်ရင်တော့ အဲဒါဟာ အကျိုးကျေးဇူးများမှာထက် အကျိုးကျေးဇူး ယုတ်စရာသဘော ရှိတာပေါ့။ အဲဒီတော့ အဓိပ္ပါယ်ကတော့ ပြည်သူလူ ထုရဲ့ဆန္ဒ တရားမျှတတဲ့ဆန္ဒအရ ပြည်သူ့အရိပ်အာဝါသအောက်မှာ ဝန်ထမ်းကောင်းပီပီသသ ပြည်သူတို့သည် အမိ၊ ပြည်သူတို့သည် အဖ။ ပြည်သူအများစု စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်နိုင်အောင် လုပ်ကိုင်ပေးနိုင်အောင် ကျနော်တို့ ကြိုးစားရင်း မိမိတို့ကိုယ်တိုင်ပင် ပြည်သူ ပြည်သားအဖြစ် ပါဝင်တဲ့အတွက် မိမိတို့လည်း အေးချမ်းပါလိမ့်မယ်လို့ ဒီလိုပဲ မှတ်ယူရမှာပါ။ ကျနော့် ဘဝက ဘယ်လိုဖြစ်နေသလည်းဆို ရင် တပ်သားဘဝကနေ ဒီအထိ ရောက်လာတဲ့အခါဆိုတော့ သမိုင်းတခုတော့ ရှိခဲ့တာပေါ့။ ဒီသမိုင်းထဲမှာ ပြီးဆုံးတဲ့အထိ မှန်မှန်ကန်ကန်နဲ့ ပြီးဆုံးချင်တယ်။ တိုင်းပြည်အတွက် လုပ်သွားရင် ပြီးဆုံးချင်တယ်။ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ တကယ့်ဆန္ဒဖြစ်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေ စီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး လိုချင်တာပဲ။ ကျနော်တို့လည်း လိုချင်တယ်။ ကျနော်တို့ သားသမီးတွေလည်း အဲဒီလို ဖြစ်စေချင်တယ်။ အဲဒါကိုလုပ်ဖို့အတွက် ဒီလို လုပ်ကိုင်ပေးခြင်းသည် အခုလက်ရှိ ရှိနေတဲ့ အကြီးအကဲပုဂ္ဂိုလ်တွေလည်း ဒီလိုဆောင်ရွက်ပေးသွားမှ သူတို့ လည်း နောင် အေးချမ်းတဲ့ အရိပ်အာဝါသအောက်မှာ နေကြရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ပည်သူ့အရိပ်အာဝါသကို ကိုယ့်ရဲ့အရိပ်လို့ ထင်မှတ် မှားပြီး လိုက်လုပ်သွားခဲ့သည်ရှိသော်၊ ပြည်သူလူထုတရပ်လုံးမှာတော့ ကြိမ်မီးအုံးသလိုခံရပြီးတဲ့နောက် အင်မတန်မှ ကိုယ်ဆင်းရဲစိတ်ဆင်း ရဲ အစစအရာရာ ဆင်းရဲခြင်းနဲ့ ပြည့်နေပြီးတော့၊ ဒုက္ခသုက္ခတွေကလည်းအတောမသတ်နိုင်ပဲ၊ မကောင်းမှု သံသရာကြီးထဲမှာ လည်နေတာ ကြီးကိုတော့ လွတ်အောင်လုပ်ကြပါလို့ ပြောချင်ပါတယ်။

XS
SM
MD
LG