သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ကျန်းမာရေးအာမခံ


ဆေးပညာဌာန ညွှန်ကြားရေးမှူးဖြစ်၊ ကျောက်ကပ်ကုသရေးဌာနမှူးလည်းဖြစ်သူ ဒေါက်တာသင်မောင်ဟန် (Australia)
ဆေးပညာဌာန ညွှန်ကြားရေးမှူးဖြစ်၊ ကျောက်ကပ်ကုသရေးဌာနမှူးလည်းဖြစ်သူ ဒေါက်တာသင်မောင်ဟန် (Australia)
တိုက်ရိုက် လင့်ခ်


ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာဆရာဝန်တွေအနေနဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သရွေ့ ကူညီအားဖြည့်ပေးနေတာဟာ အခုတလော တွေ့နေရပါတယ်။ Australia နိုင်ငံ Central Queensland ပြည်နယ်၊ Rockhampton ဆေးရုံရဲ့ ဆေးပညာဌာန ညွှန်ကြားရေးမှူးဖြစ်၊ ကျောက်ကပ်ကုသရေးဌာနမှူးလည်းဖြစ်သူ ဒေါက်တာသင်မောင်ဟန် က Australia နိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်နဲ့ ကျန်းမာရေးအာမခံစနစ်အကြောင်း သိကောင်းစရာများကို မျှဝေရင်း၊ ပြည်တွင်းက ဆရာဝန်များအနေနဲ့ ပြည်ပက စေတနာဝန်ထမ်း လာရောက်ကြတဲ့ မြန်မာဆရာဝန်များအပေါ် အပြန်အလှန်လေးစားမှုနဲ့ နားလည်ပေးစေချင်ကြောင်းကိုလည်း ပြောပါတယ်။ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဒေါက်တာသင်မောင်ဟန် ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာသင်မောင်ဟန် အခုလို မြန်မာနိုင်ငံကို ခေတ္တခဏရောက်တုန်းမှာ ကျမတို့ VOA အမေရိကန်အသံကို အချိန်ပေးပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော်ကလည်း ဒီလို အစီအစဉ်အတွက် ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု မြန်မာနိုင်ငံက အရင်တုန်းကနဲ့ မတူတော့ဘူးပေါ့။ ပြောင်းလဲလာပြီ။ အရပ်သားအစိုးရလည်း တက်လာပြီဆိုတော့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်နေပါတယ်။ အဲဒီမှာ ဒေါက်တာသင်မောင်ဟန်တို့နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျန်းမာရေးကဏ္ဍ။ ကျန်းမာရေးကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ အားမလိုအားမရ ဖြစ်ကြတာတွေ ရှိပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးကာလမှာတော့ ကာလတခု၊ အတိုင်းအတာတခုတော့ အချိန်ယူရမှာပေါ့။ အဲဒီ အချိန်အတိုင်းအတာအတွင်းမှာ ဒေါက်တာသင်မောင်ဟန်န်တို့ နိုင်ငံခြားမှာရှိတဲ့ ပညာရှင်တွေ၊ ဆရာဝန်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုများ ဝင်ပြီးတော့ အကြံပေးခွင့်ရခဲ့လို့ရှိရင် ဘယ်လိုအကြံဉာဏ်ပေးချင်လဲ။ လောလောဆယ် လုပ်နေတဲ့ Australia နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးစနစ်နဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ Australia ကျန်းမာရေးစနစ်မှာ အဓိကတော့ အများသိကြတဲ့အတိုင်း Government ရဲ့ Public System ရှိတယ်။ Private ကဏ္ဍ ရှိတယ်။ Funding (ငွေကြေးထောက်ပံ့မှု) တွေက ဘယ်ကလာလဲဆိုတော့ အစိုးရက ထည့်ဝင်တာရှိတယ်။ နောက်ပြီးတော့ Private Health Insurance Fund Companies တွေက ထည့်ဝင်တာ ရှိတယ်။ သူတို့က အဲဒီ Fund တွေက ဘယ်လိုလုပ်လဲဆိုတော့ လူတွေ သက်သက်သာသာနဲ့ ဆေးကုသခွင့်၊ ဆေးဝါးတွေသုံးလို့ရအောင် Major Systems နှစ်ခုထားတယ်။ တခုက Medicare နဲ့ နောက်တခုက PBS ခေါ်တဲ့ Pharmaceutical Benefits .. အဲဒီနှစ်ခုရှိတယ်။ ဘယ်လိုအကျိုးရှိသလဲဆိုတော့ Australia နိုင်ငံသားတွေဟာ Medicare card ကိုင်ဆောင်ထားတယ်။ အဲဒီကဒ်တွေနဲ့ Public ဆေးရုံတွေမှာ အခမဲ့ဆေးကုသခွင့်ရှိတယ်။ တကယ်လို့ ဆေးရုံပြင်ပမှာ ဆရာဝန်ဆေးခန်းတွေ သွားပြလို့ရှိရင်လဲ ၈၅ ရာခိုင်နှုန်းလောက်အထိ Medicare ကနေ ပေးပေးတယ်။ ဒါကတခု။ နောက် သူတို့အတွက် လိုအပ်တဲ့ ဆေးတွေဝယ်ရမယ်ဆိုရင် အပြင်ဆေးခန်း Pharmacy တွေမှာ ဝယ်လို့ရှိရင်လည်း ၇၅ ကနေ ၈၅ ရာခိုင်နှုန်းအထိ စရိတ်မျှဝေပေးတယ်။ အဓိကတော့ Australia နိုင်ငံသားတိုင်း သို့မဟုတ် PR ရထားသူတိုင်းဟာ သင့်တင့်လျှောက်ပတ်တဲ့ ထည့်ဝင်ငွေ အနည်းအကျဉ်းနဲ့ အထူးကုသခွင့် ရကြပါတယ်။ Private Health Insurance တွေ ထားဖို့ကိုလည်း အစိုးရက တိုက်တွန်းအားပေးတယ်။ အဲဒီလိုထားသင့်ရဲ့သားနဲ့ မထားတဲ့ Income ဝင်ငွေရှိတယ်၊ မထားဘူးဆိုရင် အစိုးရက နောက်ထပ် တစ်ရာခိုင်နှုန်းထပ်ဆောင်းခိုင်းတယ်။ သဘောက ဒီလူတွေကို Private Health Insurance တွေထားအောင် အားပေး တွန်းအားပေးတဲ့သဘောပါ။ အစိုးရက အလကားကုပေးနေပြီး ဘာလို့ထားသလဲဆိုတဲ့ မေးခွန်းမေးစရာရှိတယ်။ အဲဒီလို ထားရင်တော့ သူတို့ ကြိုက်တဲ့ဆရာဝန်ကို ပြခွင့်ရှိတယ်။ ကြိုက်တဲ့ဆေးရုံကို တက်ခွင့်ရှိတယ်။ နောက်ပြီးတော့ ခွဲတာစိတ်တာ Procedure တွေ လုပ်ဖို့အချိန် စောင့်ဆိုင်းဖို့နည်းတယ်။ ချက်ချင်း လိုအပ်ရင်လိုအပ်သလို Private ဆေးရုံမှာ လုပ်ခွင့်ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံတို့ ဘာတို့ဆိုတာ လူတွေက မရင်းနှီးဘူးလေ။ ပြီးတော့ ကျန်းမာရေးအာမခံအတွက် ဝယ်ထားရမယ်ဆိုတာလဲ သိပ်မသိကြဘူး။ ဒီ ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကုမ္ပဏီတွေကတော့ စလုပ်နေတာ တွေ့ရပါတယ်။ ဥပမာ နိုင်ငံတကာ NGO တွေကတော့ သူတို့မှာ ကျန်းမာရေးအာမခံ ရှိပါတယ်။ သက်သက်လုပ်ပေးထားတာရှိတယ်။ သူတို့ဝန်ထမ်းတယောက် တခုခုဖြစ်တယ်ဆိုရင် သူတို့က ကျန်းမာရေးအာမခံက ပေးတယ်။ သာမန်လူတန်းစားအတွက်တော့ ဒီကျန်းမာရေးအာမခံဆိုတာ တခါမှတောင် ကြားဖူးကြမှာ မဟုတ်ဘူး။ အဲဒီတော့ ကျန်းမာရေးအာခံစနစ် မရှိတဲ့အတွက်ကြောင့်မို့ လူတွေက ပုဂ္ဂလိဆေးရုံတွေကို သွားတဲ့အခါကြရင် ကိုယ့်အိတ်ထဲကနေ ကိုယ့်ဘာသာကိုယ်ပေးရတယ်။ ပြည်သူ့ဆေးရုံတွေ၊ အစိုးရပိုင်ဆေးရုံတွေ သွားရင်လဲ ပြောတော့ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး ရှိတာပေါ့။ ဒါပေမဲ့ အဲဒီအခါမှာလဲ Cover မဖြစ်တာတွေ၊ မလိုအပ်တာတွေ အများကြီးဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံစနစ်ကို ထူထောင်လို့ ရပါ့မလားရှင့်။ ဘယ်လိုများ ယူဆပါလဲရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ တခုတော့ရှိတယ် ဒီဟာလဲ ပုဂ္ဂလိအာမခံတွေကလည်း အမြတ်အစွန်းက လိုသေးတယ်။ ဒီအပေါ်မှာ အစိုးရရဲ့ ပံ့ပိုးမှုကလည်း လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Australia နိုင်ငံမှာဆိုရင် အခုနပြောတဲ့ အစိုးရက အာမခံလုပ်ငန်းအကြီးဆုံး ကုမ္ပဏီအများကြီးထဲမှာ သူ့ကုမ္ပဏီက အကြီးဆုံးဖြစ်တယ်။ အစိုးရရဲ့ ကျားကန်မှုနဲ့ ရှင်သန်အောင် လုပ်ပေးထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါကတော့ အစိုးရအပိုင်းပေါ့။ အစိုးရက လုပ်စရာတွေကတော့ အများကြီးပေါ့။ ပညာရေး၊ ကျန်းမာရေး တတ်နိုင်သလောက် လုပ်နေတာ ကြားပါတယ်။ အဲဒီကို စောင့်ကြည့်ရမှာပေါ့။ Australia နိုင်ငံမှာ မြန်မာနိုင်ငံက ပညာတတ်ဆရာဝန်တွေ အများကြီးရှိပါတယ်။ အဲဒီ ပညာတတ်ဆရာဝန်တွေကနေ Australia နိုင်ငံမှာ ဘွဲ့လွန်ပညာရပ်တွေ သွားတက်ချင်တယ်။ သင်တန်းတွေ တက်ချင်တယ်ဆိုရင် ဖြစ်နိုင်ချေ ရှိပါလားရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ ဒါက ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်ဆိုတာကတော့ အတိုင်းအတာတခုပေါ့။ တနှစ်တန်သည်၊ (၂) နှစ်တန်သည် ဒီလိုသွားရောက်ပြီးတော့ ပညာတွေ လက်တွေ့လေ့လာပြီးတော ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပေါ့။ အဲဒီမှာ နှစ်ခုရှိတယ်။ ဘယ်လိုကဏ္ဍလဲဆိုတော့ တခုက အစိုးရဝန်ထမ်း၊ အစိုးရဆေးရုံမှာ လုပ်နေတဲ့ ဘွဲ့လွန်ပညာတွေ သင်ထားတဲ့လူတွေရှိတယ်။ အဲဒီလူတွေကတော့ ပိုပြီးတော့ လွယ်ကူဖို့ရှိပါတယ်။ ဟိုမှာ Short-term Training ခေါ်တဲ့ တနှစ်၊ (၂) နှစ် အများဆုံးပေးတဲ့ သင်တန်းတွေ ရှိပါတယ်။ အဲဒါက ဒီနိုင်ငံမှာ ဘွဲ့ရပြီသား။ အထူးပြုဖြစ်ပြီသား။ သို့မဟုတ် အထူးကုသင်တန်းတွေ ရောက်နေတဲ့လူတွေက အဲဒီကို လျှောက်ပြီးတော့ အတွေ့အကြုံ ရှာလို့ရပါတယ်။ နောက်တခုအပိုင်း ကျနော် သတိထားမိတာကတော့ ဒီမှာ ပြင်ပ ပုဂ္ဂလိက Private အပိုင်းကလဲ ဆရာဝန်ငယ်တွေ စာမေးပွဲတွေ ဖြေကြတယ်။ MRCP စာမေးပွဲတွေက အကုန်လုံး ပြီးတဲ့အထိ စာတွေ့၊ လက်တွေ့ ဖြေပြီးတော့ အောင်မြင်ကြတာကို တွေ့ရတယ်။ ဒါအများကြီး ကောင်းပါတယ်။ အများကြီးဝမ်းသာတယ်။ ဒါပေမဲ့ သူတို့အနေနဲ့တော့ ရှေ့လျှောက်ပြီး ဘွဲ့ရရုံတခုထဲနဲ့ မပြီသေးဘူး။ သူတို့မှာ လက်တွေ့လုပ်ကြရမယ်။ အဲဒီ အခန်းကဏ္ဍတွေကိုတော့ ကျနော် ရှင်းလင်းမသိသေးပါဘူး။ သူတို့အနေနဲ့ကတော့ နိုင်ငံခြားကို တိုက်ရိုက်သွားပြီးတော့ လက်တွေ့ဆည်းပူးမယ်ဆိုရင် နည်းနည်းအခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လက်တွေ့အပိုင်းက အားနည်းနေကြပြီး အဲဒီအပိုင်းကဏ္ဍကိုတော့ စာမေးပွဲ၊ ဘွဲ့ရရုံတခုထဲနဲ့ မဟုတ်ဘူး။ လက်တွေ့အပိုင်းကဏ္ဍမှာလည်း တိုးတက်အောင် လုပ်ပေးဖို့လိုတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု မြန်မာနိုင်ငံကလည်း ပွင့်လင်းလာပြီ။ အရင်အစိုးရလက်ထက်မှာ ပွင့်လင်းလာပြီဆိုတော့ နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာဆရာဝန်တွေ ပြန်လာကြတာရှိတယ်။ သူတို့အနေနဲ့ သူတို့တတ်တဲ့ ကျွမ်းကျင်တဲ့နယ်ပယ်ပေါ့။ ဥပမာ မျက်စိကု အထူးကုရှိမယ်။ စိတ်ရောဂါ အထူးကု၊ ကျောက်ကပ်နဲ့ ဒေါက်တာသင်မောင်ဟန်လို ကျောက်ကပ်အထူးကု ရှိမယ်ပေါ့။ အဲဒီ ဆရာဝန်ကြီးတွေ ဒီဘက်ကို လာပြီးတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ထဲထဲဝင်ဝင် ဝင်ပြီးတော့ ကူညီပေးချင်တယ်။ ငွေရေးကြေးရေးအရ မဟုတ်ပါဘူး။ စေတနာနဲ့ ကူညီပေးချင်တဲ့ လာပြီး အကူအညီပေးတဲ့အခါမှာ တချို့တလေ အောင်မြင်တာတွေ ရှိသလို။ Case by case အခက်အခဲ ရှိတာတွေလည်း ရှိတာပေါ့။ အဲဒီလိုမျိုး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ မြင်ပါသလဲ။ ဘယ်လိုများ သုံးသပ်လို့ ရပါလဲရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ ဒါ မှန်ပါတယ်။ ကျနော်က ဒီမှာမွေးတယ်။ နောက်ပြီးတော့ အခြေခံပညာတွေ သင်ကြတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားရောက်သွားတယ်။ ပိုပြီးတော့ ထပ်ပြီးတော့ ပညာဆည်းပူးကြတယ်ဆိုတော့ တော်တော်များများက စိတ်ထဲမှာ လာပြီးတော့ တခုပြန်ပေးဆပ်ချင်တယ်။ ကျနော် သိရသလောက်ဆိုရင် တဦးချင်းအတွေ့အကြုံ ခင်မင်မှုနဲ့ လာကြတယ်။ ဒါမှမဟုတ် အသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ လုပ်ဆောင်မှုနဲ့ လာကြတယ်။ နောက် G2G Arrangement နဲ့ လာကြတယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အခါမှာတော့ ကျနော့်အမြင်ကတော့ နည်းနည်း Coordination ရှိဖို့ လိုမလားတော့ မသိဘူး။ ကျနော်အကြံဉာဏ်ကတော့ ဒီလိုလာတဲ့ လူတွေနဲ့ ကူညီပေးချင်တဲ့လူတွေက စိတ်အားထက်သန်တယ်။ ဒီမှာရှိတဲ့ ဆေးပညာရှင်တွေကလည်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တော့ အရေးကြီးဆုံးကတော့ Mutual Respect ရှိဖို့ လိုမယ်လို့ ထင်ပါတယ်။ နှစ်ဘက်စလုံးက အပြန်အလှန် လေးစားမှုပေါ့။ လာတဲ့လူတွေကလည်း ကိုယ်တတ်ထားတဲ့ ပညာနဲ့ ဦးစားပေးလုပ်မယ်။ ဒီကလူကလည်း Welcome လုပ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖွဲ့စလုံးရဲ့ ရည်ရွယ်ချက်က တခုပါပဲ - ဒါက မြန်မာပြည်မှာရှိတဲ့ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ဖို့အတွက် အတတ်နိုင်ဆုံး အကူအညီပေးဖို့၊ ပညာဖြန့်ဝေဖို့အတွက်။ အဲဒါမျိုးအတွက် ကျနော့်အနေနဲ့ အကြံဉာဏ်ပေးချင်တာက ဒီလို တဦးတယောက် အဖွဲ့အတွက် လုပ်နေတာထက်စာပြီး ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ရအောင် ကော်မတီတရပ် ချပြီးတော့ ဘယ်လိုလူတွေ ပါသင့်လဲဆိုတော့ မြန်မာနိုင်ငံ ဆေးကောင်စီ၊ ဆရာဝန်ကြီးတွေ၊ ဘာသာရပ်ဆိုင်ရာ ဆရာဝန်ကြီးတွေ။ နောက် ညပိုင်းစိတ်ပါဝင်စားမယ့်လူတွေ။ ဘာသာရပ်ဆိုင်ရာ ဆရာဝန်တွေနဲ့ ဖွဲ့စည်းထားရင်တော့ ပိုပြီးတော့ စနစ်တကျ ရှိမယ်လို့ ကျနော် ထင်ပါတယ်။ ပြီးတော့မှ နောက်ထပ် Sub-committee ဖွဲ့ပြီးတော့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တူညီတဲ့ ဆေးပညာရှင်တွေ ပူးပေါင်းပြီး လုပ်ကြရင်တော့ ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်မယ်ထင်ပါတယ်။ အရေးကြီးဆုံးက အခုန ကျနော် ပြောသလိုပဲ တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှု နဲ့ ယုံကြည်မှုတည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ အသက် (၆၀) ကျော်ဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်ဖြစ်၊ အစိုးရဝန်ထမ်းတွေက ပင်စင်ယူကြရတယ်။ ဒါပေမဲ့ အသက် (၆၀) ဝန်းကျင်တွေက ဘာပဲပြောပြော လှုပ်ရှားနိုင်သေးတယ်။ သွက်သွက်လက်လက် လုပ်နိုင်ကိုင်နိုင်သေးတယ်ဆိုတော့ သူတို့တွေရဲ့ လုပ်အားတွေ။ နိုင်ငံခြားကလာတဲ့ လူတွေမှာတော့ သူတို့ရဲ့ လုပ်အားတွေ အလဟသ ဖြစ်တယ်လို့ မြင်တာပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ဒေါက်တာသင်မောင်ဟန်န် ဘယ်လိုများ သုံးသပ်လိုပါလဲရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော်ကိုယ်တိုင် အခုမှ အသက် (၆၀) ပြည့်ပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကြီးတယ်လို့ သိပ်မထင်သေးဘူး။ အများကြီး လုပ်နိုင်သေးတယ်လို့ ယူဆတယ်။ နိုင်ငံခြားမှာဆိုလဲ ကျနော်တို့ လုပ်နိုင်သလောက် လုပ်တယ် - Australia ဆိုရင် (၆၅) အထိ အနည်းဆုံး လုပ်ကြတယ်။ ကျနော် အခုမြင်တာကတော့ ဒီမှာ (၆၀) နဲ့ ကျနော့်သူငယ်ချင်းတွေ၊ ကျနော့်ထက် Senior ကျတဲ့လူတွေက (၆၀) ပြည့်သွားပေမယ့် သူတို့က ဆက်ပြီးလုပ်နိုင်ကိုင်နိုင်သေးတယ်။ လုပ်ချင်စိတ်လည်းရှိတယ်။ အဲဒီတော့ ဒီလူတွေ ဘယ်မှာသွားလုပ်လဲဆိုတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားလုပ်ကြတယ်။ တချို့က Part-time တချို့က အချိန်ပြည့်။ ကျနော်မြင်တာက ဒီလူတွေရဲ့ အတွေ့အကြုံပညာနဲ့ စာတွေသင်ကြားမှု၊ ဆေးပညာအတတ်ပညာ သင်ကြားမှု အကုန်လုံးမှာ သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒီ Workforce, Human Resource လူသားအရင်းအမြစ်တွေက အင်မတန်အဖိုးမဖြတ်နိုင်ပါဘူး။ ကျနော့်အနေနဲ့ မြင်တာကတော့ အခုန ပြောခဲ့သလိုပဲ ပုဂ္ဂလိကဏ္ဍမှာ ဆေးပညာပိုင်းက တိုးတက်မှုရှိလာဖို့က အငြိမ်းစားသွားတဲ့ ဆရာ၊ ဆရာမကြီးတွေအနေနဲ့ အများကြီး လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အခုနပြောသလို Practical ပိုင်းကလည်း MRCP လို စာမေးပွဲတွေအောင်ထားတဲ့ ကလေးတွေက အင်မတန်တော်တဲ့ ကလေးတွေပါ။ အဲဒီကလေးတွေအတွက် လက်တွေ့ပညာသင်ကြားရေးမှာ သူတို့က အထောက်အကူပြုနိုင်ပါလိမ့်မယ်။ ဆိုလိုတဲ့သဘောက အစိုးရကဏ္ဍနဲ့ ပုဂ္ဂလိကဏ္ဍ နှစ်ဦးနှစ်ဖက်စလုံး ဖွံ့ဖြိုးမှ ကျန်းမာရေးစနစ်က ပိုပြီးတော့ ပိုမြင့်လာမယ် ထင်ပါတယ်။ အဲဒီဆရာဝန်ကြီးတွေကို လိုအပ်တဲ့နေရာမှာ သူတို့ကလည်း ကူညီဖို့ အဆင်သင့်လို့ ကျနော် ထင်မြင်မိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလိုမျိုး စိတ်ရှည်လက်ရှည် ပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG