သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး


ဦးစောမျိုးမင်းသူ၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ သပြေပညာရေးဖောင်ဒေးရှင်း

ဦးစောမျိုးမင်းသူ၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ သပြေပညာရေးဖောင်ဒေးရှင်း


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ချက်အစီအစဉ်မှာ NLD အစိုးရသစ်လက်ထက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲတဲ့အခါမှာ အငြင်းပွားစရာ ပညာရေးဥပဒေ ပြဌာန်းချက်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ အခက်ကြုံနေရတယ်လို့ သပြေပညာရေး ဖောင်ဒေးရှင်းမှ ပြောပါတယ်။ သပြေဖောင်ဒေးရှင်းအနေနဲ့က အစိုးရသစ်ရဲ့  ပညာရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုစေမယ့် အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်နေပါတယ်။ သပြေပညာရေး ဖောင်ဒေးရှင် အမှုဆောင်ညွှန်ကြားရေးမှူး စောမျိုးမင်းသူ ကို မအင်ကြင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ သပြေပညာရေးဖောင်ဒေးရှင်းက မြန်မာနိုင်ငံရဲ့  အခုလက်ရှိ NLD အစိုးရ လက်ထက်မှာ ပညာရေးပြုပြင်ပြောင်းလဲရေး။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေဆောင်ရွက်ပေးနေပါလဲရှင့်။

ဦးစောမျိုးမင်းသူ ။ ။ ပထမဦးဆုံး ပညာရေးပြုပြင်ပြောင်းလဲရေး မသွားခင်မှာ ပညာရေးအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အဓိကအားဖြင့်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးယဉ်ကျေးမှုအသစ်၊ လမ်းကြောင်းကို ကျနော်တို့က ဖော်ချင်တာ။ ကျနော်တို့ အခုလုပ်တာကတော့ အခုလောလောဆယ်မှာတော့ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံက လူငယ်လေးတွေကို ကျနော်တို့ (၁) နှစ် ရန်ကုန်မှာ သင်တန်းပေးတယ်။ အဲဒါကတော့ Community Studies and Leadership Program လို့ ခေါ်တယ်။ အဓိကက ဘာလဲဆိုတော့ ပညာရေးအားဖြင့် တိုင်းရင်းသားလူငယ်လေးတွေ အမြင်ပွင့်လာဖို့ရယ်။ ပညာရေးအားဖြင့် ရေရှည် Sustainable Peace ငြိမ်းချမ်းရေးကိုလည်း တွန်းအားပေးနိုင်ဖို့ရယ်။ ပြီးတော့ ပညာရေးအားဖြင့် ကျနော်တို့ရဲ့  သင်ကြားမှု၊ သင်ကြားနည်း။ သင်ကြားတဲ့စနစ်အားဖြင့် ပညာရေးယဉ်ကျေးမှု အသစ်ကိုလည်း ကျနော်တို့ ပံ့ပိုးချင်တယ်။ အဲဒီလမ်းကြောင်းကိုလည်း ဖော်ဆောင်ချင်တယ်ဆိုတဲ့ အပိုင်းကနေ လုပ်နေတာရှိတယ်။ နောက်တခုကတော့ သင်ရိုးညွှန်တမ်းနဲ့ ပုံနှိပ်စာအုပ်တွေ ပြုစုတဲ့လုပ်ငန်းပိုင်းမှာလည်း ကျနော်တို့ သာမန်မြန်မာနိုင်ငံမှာ ပြုစုလေ့ရှိတဲ့ သင်ရိုးညွှန်တမ်းတွေနဲ့ မတူသော သင်ရိုး၊ ပုံနှိပ်စာအုပ်တွေ ပြုစုပေးပြီးတော့ အလွှတ်ပညာသင်ကျောင်းတွေမှာ သုံးစွဲဖို့ဆိုတာမျိုး လုပ်တာရှိတယ်။ အခုနောက်ဆုံးပိုင်း လုပ်တာကတော့ ဘာသာပြန်၊ စကားပြန်သင်တန်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်တန်းကျောင်းကို ကျနော်တို့ဖွင့်တာရှိတယ်။ Program တွေအားလုံး အစီအစဉ်တွေအားလုံး (၅) ခုလောက်ရှိတယ်။ အခုလောလောဆယ် သပြေဖောင်ဒေးရှင်းကနေ ကျနော်တို့ လုပ်နေပါတယ်။

မအင်ကြင်းနိုင် ။ ။ သပြေပညာရေးဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှာ အခြေစိုက်ပြီးတော့ လုပ်ပေးနေတာ ဘယ်နှစ်နှစ်လောက် ရှိပါပြီလဲ။

ဦးစောမျိုးမင်းသူ ။ ။ ကျနော်တို့ သပြေပညာရေးဖောင်ဒေးရှင်းက က အရင် ရှင်းရှင်းပြောရရင်တော့ သပြေဖောင်ဒေးရှင်း စခဲ့တာ အနှစ် (၂၀) ပြည့်တော့မယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အစချိန်ကနေ ၂၀၀၉ ခုနှစ်အထိ ချင်းမိုင်အခြေစိုက် လုပ်ခဲ့တာ။ ဒါပေမဲ့ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်မှပြန်ပြီးတော့ ရန်ကုန်မှာ အခြေစိုက်တယ်။ အဲဒီတုန်းကတော့ ရှင်းရှင်းပြောရရင် ခြောက်ဆယ်ရာခိုင်နှုန်းလောက်ပဲ စပြီးပျိုးခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်ရောက်တဲ့အခါကြတော့ သပြေရဲ့  အားလုံးရဲ့  လည်ပတ်မှုအားလုံးရဲ့  ၉၀ ရာခိုင်နှုန်းကလောက် ရန်ကုန်မှာ အခြေစိုက်တယ်လို့ ပြောလို့ရတယ်။ အခုလက်ရှိ ထိုင်း-မြန်မာ နယ်စပ်မှာလည်း ကျနော်တို့ တချို့ လုပ်နေတဲ့ လုပ်ငန်းလေးတွေ ကျန်သေးတယ်။ ဆယ်ရာခိုင်နှုန်းကနေ ဆယ့်ငါးရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံက ပညာရေးစနစ်ကို သပြေပညာရေးဖောင်ဒေးရှင်းရဲ့  သင်တန်းပို့ချမှုတွေ၊ သင်ရိုးညွှန်တမ်းတွေ အဲဒီဆောင်ရွက်ချက်တွေက ဘယ်လောက်အထိ အထောက်အကူပြုနိုင်တာ တွေ့ရလဲ။

ဦးစောမျိုးမင်းသူ ။ ။ ကျနော်တို့ အဓိကအားဖြင့် ကျနော်တို့ဆီလာတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ တနှစ်ကို ကျောင်းသားအယောက် (၆၀) လောက်ပဲ Train လုပ်ပေးနိုင်တယ်။ သို့သော် ကျနော်တို့က အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်မှာ မန္တလေး၊ လားရှိုးတက္ကသိုလ် မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ အခွင့်အခါရရင်ရသလို တက္ကသိုလ်တွေနဲ့ လုပ်တယ်။ ပြီးလို့ရှိရင် တခြားပညာရေးပြုပြင်ပြောင်းလဲရေးလုပ်တဲ့ အဖွဲ့အစည်းသော်လည်းကောင်း၊ NNER အဖွဲ့အစည်းသော်လည်းကောင်း၊ အစိုးရပညာရေးဝန်ကြီးဌာနမှာ သက်ဆိုင်ရာဦးစီးဌာနတွေနဲ့သော်လည်းကောင်း အလျင်သင့်ရင် သင့်လသို ပါဝင်ပြီးတော့ သူတို့နဲ့လည်း ပညာရေးပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးတာ ရှိတယ်။ ဥပမာဆိုလို့ရှိရင် အရင် အစိုးရလက်ထက်တုန်းကဆိုရင် Comprehensive Education Sector Review ဆိုတာရှိတယ်။ ဆိုတော့ အဲဒီလို လုပ်တဲ့အခါမှာ ကျနော်တို့က သပြေပညာရေးဖောင်ဒေးရှင်းက အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဆီကို အကြံဥာဏ် တောင်းခံသည်လည်းကောင်း၊ ကျနော်တို့ဆီက တင်သွင်းနိုင်တဲ့ စာတမ်းတွေ ရှိတယ်ဆိုရင် တင်သွင်းခဲ့တာလည်း ရှိတယ်။ တင်သွင်းခွင့်ရတာလေးတွေလည်း ရှိတယ်ဆိုတော့ အဲဒီလိုနည်းအားဖြင့် ပြုပြင်ပြောင်းလဲမှုကိုလည်း တွန်းအားပေးတာပေါ့။ ကျနော်တို့လုပ်တဲ့ ဝန်ဆောင်မှုနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကတော့ ရှင်းရှင်းပြောရရင် အစိုးရပညာရေး၊ လက်ရှိ သွားနေတဲ့ ပညာရေးလမ်းကြောင်းကို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတခုပေါ် ရောက်လာအောင် ကျနော်တို့က ပံ့ပိုးပြီးတော့ အထောက်အကူပြုတဲ့ အစီအစဉ်တွေများပါတယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာနိုင်ငံမှာက အစိုးရ အပြောင်းအလဲအရပ်သားအစိုးရ၊ တကယ်ပြောပြချင်လို့ပါ။ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး လူထုမဲဆန္ဒနဲံ့တက်တဲ့ အစိုးရလက်ထက်ဆိုတော့ အခု ပညာရေးဝန်ဆောင်တဲ့ အဖွဲ့အစည်းတွေ၊ ပညာရေးဝန်ဆောင်မှု အခန်းကဏ္ဍတွေက ဘယ်လို ရှိပါလဲရှင့်။

အေတည်ပြုပြဌာန်းပြီးခဲ့တဲ့ အမျိုးသားပညာရေးဥပဒေထဲမှာ ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကကျောင်း၊ ပုဂ္ဂလိကတက္ကသိုလ်၊ ပညာရေး Institution တွေရဲ့  အခန်းကဏ္ဍပါလာတာ ကျနော်တို့တွေ့တယ်။ ဒါပေမဲ့ အဲဒီအထဲမှာ မရှင်းဘူး။ တချို့  Definition အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ သိပ်ပြီးတော့ မရှင်းတာလေးတွေရှိတယ်။ သို့သော်လဲ အဲဒါ နည်းဥပဒေ ထွက်လာရင်တော့ ပိုပြီးတော့ သိသာလာမှာပါ။ ဘယ်လောက် အတိုင်းအတာအထိ လုပ်ခွင့်ရှိလဲဆိုတာ။ တခုသေချာတာကတော့ မြန်မာနိုင်ငံရဲ့  ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှုအတွက် Development ပညာရေးက တွန်းအားပေးရမယ်။ ပညာရေးက အခြေခံတွေ တည်ဆောက်ပေးရမယ်။ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပညာရေးလမ်းကြောင်း၊ ပညာရေးကဏ္ဍကနေ ပြင်ဆင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိက အစိုးရကျောင်းတွေ၊ အစိုးတက္ကသိုလ်တွေနဲ့ကြည့်ပြီး မဖြစ်ဘူး။ ပုဂ္ဂလိကအခန်းကဏ္ဍကလည်း အရေးကြီးတယ်ဆိုတာကိုတော့ ဒီအစိုးရက သဘောပေါက်ပုံရတယ်။ သို့သော် ဘယ်လောက်အထိ ပုဂ္ဂလိကပညာရေး Institution ကို လုပ်ပိုင်ခွင့် ပေးမလဲဆိုတာကတော့ အမျိုးသားပညာရေးဥပဒေရဲ့ ပြဌာန်းချက်တွေပေါ်တယ်။ ဆိုလိုချင်တာက တက္ကသိုလ်ကျောင်းတွေနဲ့ ပတ်သက်လာတယ်ဆိုရင် ကျောင်းတည်ထောင်ရတာ ဘယ်လောက် လွယ်လွယ်ကူကူ အခွင့်ပေးမလဲ။ အခုထက်ထိဆိုရင် တချို့ ဆိုရင် Liberal Arts College တွေ တည်ထောင်ချင်ကြသူတွေ ရှိတယ်။ ဒါပေမဲ့ လက်ရှိမှာ အဖွဲ့အစည်း ဥပဒေအရဆိုရင် အဲဒါတွေကို တရားဝင်တည်ထောင်ပိုင်ခွင့် မရှိသေးဘူး။ နည်းဥပဒေပြဌာန်းလိုက်လို့ အခု ပညာရေးဥပဒေအသစ်အရ ခွင့်ပေးမယ်ဆိုရင်တော့ ဒါတွေကို ကျနော်တို့ စတင်တည်ထောင်လို့ရမယ်။ ဒါပေမဲ့ တခုဖြစ်နိုင်တာကတော့ အစိုးရအနေနဲ့လည်း ဒီတက္ကသိုလ်တွေကို ဘယ်လိုစံချိန်စံနှုန်းတွေနဲ့ အသိအမှတ် ပြုရမလဲဆိုတာက သူတို့မှာ အဆင်သင့်ဖြစ်သေးပုံ မပေါ်သေးဘူး။ ဆိုတော့ အဲဒီအတွက် ပြင်ဆင်မှုလုပ်ရမယ်။ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနတို့က ဒီ အလွတ်ပုဂ္ဂလိက ပညာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ ပေါ်လာမယ်ဆိုရင် ဒီတက္ကသိုလ်၊ ကောလိပ်ကျောင်းတွေရဲ့  စံချိန်စံနှုန်းတွေကို အသိအမှတ်ပြုဖို့အတွက် စံချိန်စံနှုန်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ အသိအမှတ်ပြုမလဲ။ ဘယ်လို စံချိန်စံညွှန်တွေနဲ့ ချမလဲဆိုတာကို သူတို့ အခုစလုပ်ရမယ်။ ဒါတွေစလုပ်လို့ ပြီးသွားရင်တော့ ဒီပုဂ္ဂလိက ပညာသင်ကျောင်းတွေရဲ့  အခန်းကဏ္ဍ ကြီးလာမယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်ချက်တွေ သိပ်များတယ်။ အစိုးရက အကုန်လုံးနိုင်ဖို့ဆိုတာ အင်မတန် သိပ်ခက်တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ချမှတ်သွားခဲ့တဲ့ အမျိုးသားပညာရေးဥပဒေ အဲဒီဥပဒေက လက်ရှိ NLD အစိုးရလက်ထက်မှာ ဒီဥပဒေရဲ့  ထိရောက်မှုတွေ၊ ဒီဥပဒေအတိုင်း အကောင်အထည်ဖော်တာတွေ အဲဒါမျိုးတွေက ဘယ်လို အခြေအနေ ရှိပါလဲရှင့်။

ဦးစောမျိုးမင်းသူ ။ ။ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ၂၀၁၄ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကနေ အတည်ပြုပေးလိုက်တယ်။ အတည်ပြုပြီးတော့ အဲဒီတုန်းကတော့ နည်းနည်းသဘောမတူညီတဲ့ အပိုင်းတွေ ကျောင်းသားတွေဘက်က သဘောမတူတာလေးတွေ၊ NLD ဘက်ကနေ ပြုပြင်ပြောင်းလဲလိုတဲ့အပိုင်း အတိုင်းအတာ မဟုတ်တဲ့အတွက်ကြောင့်မို့ ၂၀၁၅ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ရေးဆွဲလို့ နောက်ဆုံးအတည်ပြုလိုက်တာရှိတယ်။ ဆိုတော့ ၂၀၁၅ ခုနှစ်မှာ အတည်ပြုလိုက်ပြီးကတည်းက ဥပဒေကြီးတခု ဖြစ်သွားတယ်။ လွှတ်တော်က အတည်ပြုခဲ့တယ်။ သို့သော် အမျိုးသားပညာရေးဥပဒေရဲ့  သက်ရောက်ဖို့အတွက်ဆိုရင် ဒီဥပဒေကို လက်ရှိလုပ်ငန်းတွေမှာ ပညာရေးလည်ပတ်မှု၊ ပညာရေးလုပ်ငန်းတွေမှာ သက်ရောက်မှုရှိဖို့ဆိုရင် နည်းဥပဒေတွေ ပြဌာန်းရတယ်။ နည်းဥပဒေပြဌာန်းတဲ့အခါကြတော့ ပြဌာန်းဖို့လိုအပ်တဲ့အခါ အခုထက်ထိ အစိုးရအဟောင်းတုန်းကသော်လည်းကောင်း၊ အခုအစိုးရသစ်လက်ထက်မှာသော်လည်းကောင်း ဒီနည်းဥပဒေ ပြဌာန်းတာတွေကို ကျနော်တို့ မတွေ့ရသေးဘူး။ မတွေ့ရသေးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ မသေချာတာ တခုက ဘာလဲဆိုတော့ အခုလက်ရှိ အစိုးရသည် အဲဒီ ၂၀၀၄-၂၀၀၅ ခုနှစ်မှာ အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဘယ်လောက်အတိုင်းအတာအထိ ဆက်သုံးသွားမလဲဆိုတာကို ကျနော်တို့က အတည်အကျ အတည်ပြုပြောလို့ မရသေးဘူး။ သို့သော် ကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုတခုကတော့ မကြာသေးခင်က အမျိုးသားပညာရေး မူဝါဒကော်မရှင်ဆိုတာကို လက်ရှိ အစိုးရအသစ်က ဖွဲ့စည်းလိုက်တယ်။ နိုင်ငံတော်သမ္မတရုံးက ကြေညာချက်နဲ့ ဖွဲ့စည်းလိုက်တယ်။ ဖွဲ့စည်းလိုက်တဲ့အခါမှာ ဒီအစိုးရ အမျိုးသားပညာရေးကော်မရှင်ရဲ့  လုပ်ရမယ့် တာဝန်တွေပါ တခါထဲ ချပေးလိုက်တာရှိတယ်။ ဆိုတော့ ကျနော်တို့ သိရသလောက်ကတော့ ဒီအမျိုးသားပညာရေးကော်မရှင်ဟာ မြန်မာနိုင်ငံရဲ့  ပညာရေးဝန်ကြီးဌာနကို အကြံပေးမယ်။ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် ရှေ့ ဆက်ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်းတွေမှာ အကြံပေးမယ်။ လမ်းညွှန်မှုတွေ ပေးမယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေအတွက် အခရာကျတဲ့အဖွဲ့အစည်းတခု ဖြစ်တာပေါ့။ ဆိုတော့ ဒီပညာရေးမူဝါဒ ကော်မရှင်ကနေပြီးတော့မှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို စပြီးတော့ လုပ်သွားမယ်လို့ ကျနော်တို့က နားလည်ထားတယ်၊ မျှော်လင့်ထားတယ်။

မအင်ကြင်းနိုင် ။ ။ တခုရှိတာကတော့ အဲဒီ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှာ ပါဝင်တဲ့သူတွေ။ အဲဒီမှာ အများအပြင်က ဝေဖန်နေတာက အဆင့်မြင့်ပညာရေးဦးစီးဌာနကပဲ ဖြစ်နေပြီးတော့ အခြေခံပညာရေးအဆင့်မှာ လုပ်ဆောင်နေတဲ့ အတွေ့အကြုံရှိသူတွေ မပါဘူးဆိုပြီး ထောက်ပြနေတာမျိုးတွေလည်း ရှိတယ်။ ဒီဝေဖန်မှုတွေအပေါ် ဘယ်လို မြင်ပါလဲရှင့်။

ဦးစောမျိုးမင်းသူ ။ ။ အဲဒါကလဲ မှန်တယ်။ အခု ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို ကြည့်လိုက်တယ်ဆိုရင် အဆင့်မြင့်ပညာ ဦးစီးဌာနက လာတဲ့လူတွေပဲ အားလုံးလိုလို ဖြစ်နေတယ်။ အခြေခံပညာ ဦးစီးဌာန အတွေ့အကြုံတွေ၊ အခြေခံပညာ ဦးစီးဌာနတဆင့်လာတဲ့ လူတွေ မပါသလောက်ကို တွေ့ရတယ်။ အဲဒီတော့ အဲဒါက ဘာအားနည်းချက် ဖြစ်လာနိုင်လဲဆိုတော့ တကယ့် အခြေခံပညာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ချရတော့မယ်ဆိုရင် ဒီကော်မရှင်မှာ အနည်းငယ် အားနည်းတာတွေ ဖြစ်လာနိုင်တယ်။ သို့သော် ဒီကော်မရှင်ရဲ့  ကော်မရှင်ကိုယ်နှိုက်က ပြင်ပမှာရှိတယ် - ဒီကော်မရှင်နဲ့ မပါသေးသော ပညာရှင်တွေနဲ့ ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဥပမာ ဒီကော်မရှင်ထဲမှာပါတဲ့ လူတွေက တကယ်တမ်း အခြေခံမှာ အတွေ့အကြုံရှိခဲ့တဲ့ တခြားသောပညာရှင်တွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ သူတို့ရဲ့  အကြံတွေကို ရယူတာတွေ ရှိမယ်ဆိုရင်တော့ ဒါကိုတော့ အထောက်အကူ ပြန်ပြုနိုင်တယ်။ သို့သော် အခုလက်ရှိကတော့ အများက မြင်ပြီးတော့ ဝေဖန်နေတာကော၊ သုံးသပ်နေတဲ့ အပိုင်းမှာတော့ အခြေခံပညာကို အားနည်းမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အခြေခံပညာပိုင်းမှာ အားနည်းမယ်ဆိုတာကို စိုးရိမ်တာ ဒါက စိုးရိမ်သင့်စိုးရိမ်ထိုက်တဲ့ ကိစ္စပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ပညာရေး၊ အဆင့်မြင့်ပညာရေး ဦးစီးဌာနကို ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် တက္ကသိုလ် သင်ရိုးညွှန်တမ်းတွေကို ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် ဒီတက္ကသိုလ်တွေကို ရောက်ရှိလာမယ့် ကျောင်းသားလူငယ်တွေအတွက် ဒီပညာရေးစနစ်မှာ ပြင်ဆင်မှုမှာ တခုနဲ့တခု ချိတ်ဆက်အံ့ဝင်ခွင်ကျ မရှိဘူးဆိုရင်တော့ အရင်ရှိခဲ့တဲ့ ပြဿနာတွေ ဆက်ရှိနေဖို့ရှိတယ်။ အဲဒီအပိုင်းတွေမှာ အခုလောလောဆယ် စိုးရိမ်မှု ရှိနေကြတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက်။

ဦးစောမျိုးမင်းသူ ။ ။ ကျေးဇူးပါ။တယ်။

XS
SM
MD
LG