သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရရဲ့ တနှစ်တာစွမ်းဆောင်ရည်


မဟာဗျူဟာနဲ့ လေ့လာရေးအဖွဲ့ရဲ့ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ရဲ့ ဒါရိုက်တာ ဦးဇေယျသူတို့နဲ့ ဦးကျော်ကျော်သိန်း (VOA)
မဟာဗျူဟာနဲ့ လေ့လာရေးအဖွဲ့ရဲ့ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ရဲ့ ဒါရိုက်တာ ဦးဇေယျသူတို့နဲ့ ဦးကျော်ကျော်သိန်း (VOA)
NLD အစိုးရရဲ့ တနှစ်တာစွမ်းဆောင်ရည်
please wait

No media source currently available

0:00 0:11:49 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၂၀၁၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ အစိုးရတာဝန်တွေ စတင်ထမ်းဆောင်ခဲ့တဲ့ အခုလက်ရှိ အစိုးရသက်တမ်းဟာ တနှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ တနှစ်အတွင်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍတွေမှာ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည် ဘယ်လိုရှိခဲ့လဲ။ ဘယ်လို အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့၊ ဘယ်လို အရေးကြီးတဲ့ကိစ္စတွေမှာ အောင်မြင်မှု မရသေးတဲ့ အခြေအနေတွေ ရှိပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာနဲ့ လေ့လာရေးအဖွဲ့ရဲ့ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ရဲ့ ဒါရိုက်တာ ဦးဇေယျသူတို့နဲ့ VOA ဝိုင်းတော်သား ဦးကျော်ကျော်သိန်းတို့က ရန်ကုန်မြို့ VOA Studio မှာ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးဇေယျသူ VOA Studio က ကြိုဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ကိုအောင်သူငြိမ်း VOA Studio က ကြိုဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း NLD ပါတီ ဦးဆောင်တဲ့ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ စွမ်းဆောင်ချက်တွေကို သုံးသပ်ကြတာပေါ့။ ပထမဦးဆုံးက ရွေးကောက်ပွဲကာလတုန်းကလည်း ပြောတယ်။ အစိုးရဖြစ်ချိန်တုန်းကလည်း ပြောတယ်။ အခုအချိန်အထိလည်း အားစိုက်ပြီးတော့ တစိုက်မတ်မတ် လုပ်နေတဲ့ ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တနှစ်တာအတွင်း စွမ်းဆောင်ချက်ကို ယေဘုယျာအားဖြင့် ဦးအောင်သူငြိမ်း ဘယ်လို သုံးသပ်မလဲ။

ဦးအောင်သူငြိမ်း ။ ။ ပြောမယ်ဆိုလို့ရှိရင် သူတို့က ငြိမ်းချမ်းရေးကိစ္စက Priority တိုင်းပြည်ရဲ့ ဦးစားပေးလုပ်မယ်ဆိုတာမျိုး ပြောထားတာရှိပါတယ်။ အဲဒါအပြင် ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်ရယ်လို့ ဒီလိုသတ်မှတ်ခဲ့တာလည်း ရှိတယ်။ အဲဒီတော့ တဘက်မှာ အဲဒီလို ပြောနေရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ စစ်ပွဲတွေကို ပိုပြီးတရုတ်ဆန်လာသလို ဖြစ်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ။ နောက်တခါ IDP လို့ခေါ်တဲ့ ပြည်တွင်းဒုက္ခသည် အရေအတွက်ကလည်း တိုးပွားလာတယ်။ တိုးပွားလာတဲ့အခါကြတော့ ဒါက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို ပြောနေဆိုနေတာတွေက သံသယဖြစ်စရာ ရှိတာပေါ့။ အဲဒီတော့ လက်ရှိ အစိုးရအနေနဲ့ သူကတော့ (၂၁) ရာစု ပင်လုံဆိုပြီးတော့ ငြိမ်းချမ်းရေးညီလာခံတွေ ဆက်လုပ်သွားဖို့ရှိတယ်။ ဆက်လုပ်သွားဖို့ရှိတော့ လာမယ့် ငြိမ်းချမ်းရေးညီလာခံပေါ်မှာ အဖွဲ့အစည်းတွေကော၊ လူတွေကော တော်တော်များများက အောင်မြင်မလားဆိုတဲ့ သံသယတော့ ရှိလာတယ်။ ဒီအနေအထားမှာ ကျနော်ထင်တယ် နည်းနည်းလေးတော့ စိုးရိမ်စရာရှိတယ်လို့ ထင်ပါတယ်။ အစိုးရအနေနဲ့က ကျနော်ထင်တယ် - တောင်ပိုင်းဒေသတွေမှာတော့ ယေဘုယျအားဖြင့် ငြင်းကြပါတယ်။ မြောက်ပိုင်းဒေသတွေက တနှစ်အတွင်း သေနတ်ပေါက်သံတွေ ရပ်သွားဖို့။ ဒါတွေကို ဦးစားပေးပြီးတော့ လုပ်ဖို့လိုပါတယ်။ တဘက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အဓိပ္ပါယ်။ ဒီအဓိပ္ပါယ်နဲ့ ပတ်သက်ပြီးတော့ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့ဆိုတာတွေ၊ ဆွေးနွေးတာတွေ လိုလိမ့်မယ်။ အဲဒါအပြင် တပြိုင်နက်ထဲမှာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ - ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့မဆိုင်ဘူး တပြိုင်နက်ထဲမှာ လုပ်စရာကိစ္စတွေ ရှိတယ်လို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ တနှစ်အတွင်းမှာ စတက်တက်တဲ့အချိန်ကနေ ဒီနေ့အထိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှု ရှိလာတဲ့ အရိပ်လက္ခဏာပြလား။

ဦးအောင်သူငြိမ်း ။ ။ ယေဘုယျ ကျနော့်တယောက်ထဲအမြင်ကတော့ ပိုပြီးတော့ သံသယ ဖြစ်စရာ၊ စိတ်ပူစရာတွေ များလာတယ်လို့ထင်တယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးအောင်သူငြိမ်းပြောတဲ့ သံသယဖြစ်စရာ၊ စိတ်ပူစရာ များလာတယ်ဆိုတာကို သဘောတူလား။

ဦးဇေယျသူ ။ ။ တချို့ကောင်းတာလေးတွေတော့ ရှိတာပေါ့။ ငြိမ်းချမ်းရေးညီလာခံကို ပထမဦးဆုံး စလိုက်နိုင်တယ်။ ပြီးတဲ့အခါကြတော့ ဦးသိန်းစိန်လက်ထက်တုန်းက စပြီးအရှိန်ယူလာတဲ့ဟာကိုလည်း ဆက်ပြီးတော့ ပုံစံတချို့ ပြောင်းသွားပေမယ့် အဲဒီအတိုင်း ဆက်တော့ သယ်သွားတယ်။ ဒါလေးတွေကတော့ ကောင်းတာပေါ့။ အခုန အားနည်းချက်ကတော့ သေနတ်သံ ပိုကြားလာရတယ်။ တိုက်ပွဲတွေလည်း ပိုများလာတယ်။ နောက် တရုတ်တို့ဘက်ကလည်း ဖိတ်ခေါ်တယ်။ တရုတ်ဘက်ကလည်း ဝင်ပြောတဲ့ဟာမျိုးတွေ ဒါလေးတွေလည်း များလာတယ်။ ဒါလေးတွေကတော့ အနုတ်လက္ခဏာဆောင်တဲ့ဟာပေါ့။

ဦးကျော်ကျော်သိန်း ။ ။ အဓိက ဘာအတားအဆီးလို့ ထင်လဲ။

ဦးဇေယျသူ ။ ။ အဓိကကတော့ အစိုးရဘက်က ကြည့်မယ်ဆိုရင် ဒီထက်ပိုပြီးတော့ Pro-active ကိုယ့်ဘက်ကနေ ဝင်စဉ်းစားပြီးတဲ့အခါကြတော့ တွန်းနိုင်တယ်။ နောက်ပြီးတော့ ဆွေးနွေးတာမျိုး။ တဘက်ရဲ့ ဘက်ကတော့ အများကြီး အဖွဲ့တွေရဲ့ စိတ်ကို သိနိုင်ဖို့ များများစကားပြောဖို့ အဲဒီဘက်က တော်တော်လေး လိုနေတယ်။

ဦးကျော်ကျော်သိန်း ။ ။ ငြိမ်းချမ်းရေးအတွက် အဓိက ဘာအတားအဆီးရှိလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အစိုးရဘက်က ဦးဆောင်တဲ့ MPRC က အင်အားလည်းနည်းတယ်။ နောက်တခုကတော့ အခုနပြောသလိုပဲ သူတို့ကိုယ်တိုင်က ကမကထလုပ်ပြီးတော့ နည်းနည်းလက်ဦးမှု ယူပြီးတော့ တိုင်းရင်းသားတွေရဲ့အသံကို ပိုနားထောင်သင့်တယ်လို့ ထင်တယ်။

ဦးကျော်ကျော်သိန်း ။ ။ ငြိမ်းချမ်းရေးကိစ္စနဲ့ တဆက်ထဲ တကယ့် အကြီးမားဆုံးဖြစ်နေတဲ့ ပြဿနာက ရခိုင်ပြည်နယ် ပြဿနာ။ ပိုပြီးတော့ ဆိုးလာတယ်။ ပိုပြီးတော့ အသံတွေ ထွက်လာတယ်။ နိုင်ငံတကာ ဖိအားဆိုတာ ပိုပြီးတော့ များလာတယ်။ အဓိကအားဖြင့် နိုင်ငံကြီးတွေ မပြောနဲ့ ကုလသမဂ္ဂကိုယ်တိုင် ပြင်းပြင်းထန်ထန်ကို ပြောလာတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ နိုင်ငံတကာ တရားခုံရုံးကိုတောင် တင်ပြီးစုံစမ်းသင့်ပါတယ်ဆိုတော့ ဒီလို အစိုးရလက်ထက်မှာ ဒီလောက်အထိ ဖြစ်လာတဲ့ ရခိုင်ပြည်နယ် ပြဿနာက ဒီတနှစ်အတွင်းမှာ ဘာကြောင့် ဒီလောက်ဆိုးလာတယ်လို့ ထင်သလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ပြီးခဲ့တဲ့တလျှောက်လုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ နောက်တခါကြတော့ ဒီဒေသနဲ့ ပတ်သက်တဲ့ အရင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေလည်း ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ဖြေရှင်းတဲ့ပုံမှာ အားနည်းချက်တွေ ရှိတယ်လို့ ကျနော်ထင်တယ်။ အစိုးရအနေနဲ့ ဒါနဲ့ ပတ်သက်လို့ ရခိုင်ကော်မရှင်တခု ဖွဲ့ထားတယ်။ ဖွဲ့ထားပေမယ့်လဲ ဘယ်လိုဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကနေ အစိုးရတဖွဲ့လုံး ပါဝင်နေမှုဖြစ်နေတဲ့ အနေအထားမျိုးပေါ့။ အဲဒီလို အနေအထားမှာ တချို့လုပ်ငန်းတွေက နှောင့်နှေးနေတယ်လို့ ကျနော်ထင်တယ်။ နောက်တခုကတော့ Media Access နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေ အဲဒီဒေသကို ရောက်နိုင်ဖို့၊ သတင်းမှန်တွေကို ထုတ်နိုင်ဖို့ တော်တော်ခက်ပါတယ်။ ဒီလိုအနေအထားက ပိုပြီးတော့ အခုနပြောတဲ့ ဝေဖန်မှုတွေ များလာတဲ့ အနေအထားမျိုးထင်တာပေါ့။ ကျနော့်အမြင်ကတော့ ဒီပြဿနာက မကြာခင်လပိုင်းအတွင်း လေးငါးခြောက်လ တနှစ်အတွင်းမှာ နိုင်ငံတခုလုံးရဲ့ Issue အဖြစ်ကို ကျော်ပြီးတော့ နေရာယူသွားနိုင်တယ်ဆိုတဲ့ အန္တရာယ်မျိုးနဲ့ မြင်နေတယ်။

ဦးကျော်ကျော်သိန်း ။ ။ နောက် Issue တခုကို သွားလိုက်ရအောင်။ စီးပွားရေး။ နိုင်ငံရဲ့ စီးပွားရေးသည် NLD အစိုးရ စပြီးတာဝန်ယူအချိန်ကနေ ဒီနေ့အချိန်အထိ ပိုတိုးတက်လာသလား။ အဲဒီအတိုင်းပဲလား။ ဒါမှမဟုတ် ယုတ်လျော့သွားသလား။

ဦးဇေယျသူ ။ ။ တိုးတက်တဲ့အရှိန် လျော့သွားတယ်။ ဒီထက်ပိုပြီး တိုးတက်ရမယ့်အစား လျော့သွားတယ်။ တချို့ကိစ္စတွေက မရေရာမသေချာမှုတွေ။ အစိုးရတခု အပြောင်းအလဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အပြင်ကရော၊ အတွင်းကရော စောင့်ကြည့်နေတယ်။ နောက်တချက်ကတော့ စီးပွားရေးကို အလေးမပေးဘူးလို့ လူတွေက ထင်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးမိန့်ခွန်းထဲမှာ စီးပွားရေးမူဝါဒဆိုတဲ့ စကားလုံးက တလုံးမှမပါဘူး။ မပါတဲ့အခါကြတော့ ပြီးတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နံှမှု ကော်မရှင်တို့ ပြန်ဖွဲ့တာလည်း သုံးလေးလလောက် ကြာသွားတဲ့အခါကြတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေက စောင့်နေရတာဖြစ်တယ်။ အဲဒီအခါကြတော့ ပြည်တွင်းပြည်ပက လူတွေ စိုးရိမ်စိတ်က ပိုများသွားတယ်။ နောက်တချက်ကတော့ များသောအားဖြင့် အခု အမေရိကတို့ဘာတို့မှာလည်း ဒီအတိုင်းတွေ့ရတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကို အစိုးရတက်တက်ချင်းက ထည့်ဝင်လေ့ရှိတယ်။ အဲဒီမှာ ရင်းနှီးမြုပ်နံှလိုက်မှ ဒီထဲကနေ အလုပ်ကြမ်းသမားကော၊ အလုပ်နုသမားတွေ ဝင်ငွေတွေ တိုးလာတယ်။ အလုပ်အကိုင်တွေ တိုးလာပြီး ဒီစီးပွားရေးကို မောင်းလိုက်တာပေါ့။ မြန်မာနိုင်ငံမှာတော့ ပြောင်းပြန် - သူက ဥပဒေတွေ ပြန်စစ်တယ်။ အဆောက်အအုံတွေ ပြန်စစ်တယ်ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတခုလုံးက နှေးသွားပြီးတော့ ကျန်တဲ့နယ်ပယ်တွေကို ရောက်သွားတယ်။ နောက် သုံးလေးလောက်တော့ ကြာတဲ့အခါကြတော့ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။ အဲဒါမျိုးလေးတွေ ကြုံလိုက်ရတဲ့အခါကြတော့ စီးပွားရေးက တော်တော်လေး နှေးသွားတာကို တွေ့ရတယ်။

ဦးကျော်ကျော်သိန်း ။ ။ စီးပွားရေး နှေးသွားတယ်ဆိုတာကို ယေဘုယျ သဘောတူလား။

ဦးအောင်သူငြိမ်း ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာလည်း စီးပွားရေးချွတ်ခြုံကျနေတယ်ဆိုတဲ့ အနေအထားကို သူလည်းဝန်ခံထားတာကို တွေ့ရပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဘာကြောင့်လဲ - စီးပွားရေးက ကောင်းအောင်လုပ်မလာနိုင်လဲ။ အခုန ဦးဇေယျသူ ပြောတဲ့အချက်လေးတွေ ဘာလိုနေလဲ။

ဦးအောင်သူငြိမ်း ။ ။ တခုကတော့ အရင် ဦးသိန်းစိန်အစိုးရ ဆိုပါစို့။ သူတို့က ပိုက်ဆံကို ချသုံးတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ စသည်ဖြင့်။ အဲဒါ Expansional Policy ငွေကိုများများသုံးပေးတဲ့အခါကြတော့ စီးပွားရေးကို တွန်းတဲ့သဘောပါပါတယ်။ အခုလက်ရှိ အစိုးရရဲ့ အနေအထားကြတော့ ပိုက်ဆံကို ဒီလိုချဲ့ဖို့ထက်စာရင် ရှိသမျှဟာကို ချင့်ပြီးချွေတာပြီးတော့ အပိုအလို ဘာမှ အလဟသမဖြစ်အောင် သုံးမယ်ဆိုတဲ့မူ ပိုများနေတယ်လို့ ထင်တယ်။ ဒါကတချက်ပါ။ နောက်တခုကတော့ ကိစ္စတော်တော်များများမှာ သံသယနဲ့ကြည့်တယ်။ အရင်က တချို့လူတွေဆိုလဲ ခရိုနီ စသည်ဖြင့် ဒီလူတွေကို Contract တွေ မရအောင် စသည်ဖြင့် အဲဒီလို တင်းကြပ်မှုတွေ ပိုများလာတဲ့အချိန်မှာ အစိုးရရဲ့ ပြောမယ်ဆိုလို့ရှိရင် ကျုံလာတဲ့သဘောရှိတယ်။ ပိုက်ဆံသုံးတဲ့ကိစ္စတွေ။ ဒါတွေလည်း ပါပါတယ်။ နောက်အထူးသဖြင့် အရေးကြီးတာကတော့ ကျနော်တို့ ခေါ်တာက လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကိုလည်း မဖန်တီးနိုင်သေးလို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒါဆိုရင် ဒီတနှစ်အတွင်း အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်ထက်မြက်မှုပိုင်း အဲဒါကိုသွားရအောင်။ အစိုးရရဲ့ တနှစ်အတွင်း စွမ်းဆောင်ရည်၊ ထိရောက်ထက်မြက်မှုအပိုင်းတွေ ကျေနပ်စရာ ကောင်းပါရဲ့လား။ သာမန်ပဲလား သို့မဟုတ် မျှော်လင့်ချက်ထက် နိမ့်သလား။

ဦးအောင်သူငြိမ်း ။ ။ ပြောရမယ်ဆိုရင်တော့ မျှော်လင့်ချက်ထက် နိမ့်တယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ အများစုမျှော်လင့်တာက အခုအစိုးရတက်လာရင် ပိုပြီးတော့ အစိုးရနဲ့ ပြည်သူကြား ဆက်ဆံရေး ပိုအဆင်ပြေမယ်ပေ့ါ။ ကျနော်တို့ဘက်ကလဲ အစိုးရကို ချဉ်းကပ်လို့၊ တိုက်တွန်းလို့၊ အကြံပေးလို့ ပိုလွယ်မယ်လို့ ယူဆထားတယ်။ ဒါပေမဲ့ လက်တွေ့မှာ မဖြစ်လာဘူး။ ဒါမျိုး အနေအထားတွေ ရှိပါတယ်။ နောက်တချက်ကတော့ အထူးသဖြင့် ဝန်ထမ်းတွေကို စကားလိုက်ပြောဖူးပါတယ်။ သင်တန်းတွေ ဆွေးနွေးပွဲတွေမှာ။ ဝန်ထမ်းတွေက ပထမပိုင်းမှာ NLD အစိုးရ တက်လာရင် သစ္စာခံဖို့ သူတို့ညွှန်ကြားချက်ကို လိုက်လုပ်ဖို့ Ready ရှိပါတယ်။ လာဘ်စားမှုတွေ တက်နိုင်သလောက်ထိန်းတယ်။ တက်နိုင်သလောက် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ သူတို့ထင်သလို မလာတဲ့အခါကြတော့ ငါးလခြောက်လစသဖြင့် ဒီဘက်ကျော်လာတဲ့အခါကြတော့ ဝန်ထမ်းတွေက အရင်ပုံစံအတိုင်း ပြန်သွားပါတယ်။ ဆိုတော့ ကျနော်မြင်လိုက်တာက သူတို့ အခွင့်အခါကောင်းတခုကို ဆုံးရှုံးသွားတယ်လို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးဇေယျသူ ..

ဦးဇေယျသူ ။ ။ အစိုးရ စဖွဲ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်က သုံးလေးနေရာ စကိုင်လိုက်ကတည်းက ကျနော်တို့ နည်းနည်းထင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သုံးလေးလ ရွေးကောက်ပွဲအပြီး အနိုင်ရပြီးမှ သုံးလေးလအချိန်ရောက်ပေမယ့် တကယ်တမ်း အဆင်သင့်မဖြစ်သေးဘူး။ အစိုးရအဖွဲ့ကလည်း ချုံလိုက်တဲ့အတွက် လူတယောက်ချင်းဆီက အရေးကြီးသွားတဲ့အချိန်မှာ ဝန်ကြီးတပါးဆီ အရေးကြီးသွားတဲ့အချိန်မှာ အကောင်းဆုံးလူ မရလိုက်တဲ့အတွက် ကမန်ကတမ်း ဒေါ်အောင်ဆန်းစုကြည်အောက်ကို သုံးလေးခုလောက် ပစ်ထည့်လိုက်ရတယ်။ ဒီကတည်းက ကျနော်တို့က ဒါဘက်မှာ နည်းနည်း အားနည်းနေတယ်ဆိုတဲ့အခါကြတော့ အဲဒါကြောင့်ကစလို့ နောက်ဟာတွေမှာလည်း တချို့ဟာတွေ လွဲတာတွေရှိတယ့်အခါကြတော့ ထင်သလောက် မှန်းသလောက် မပေါက်ဘူးဆိုတာ တွေ့ရတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒီတနှစ်ကနေ နောက်ထပ်သက်တမ်း လေးနှစ် ကျန်သေးတာပေါ့။ ဒီပြီးခဲ့တဲ သက်တမ်း တနှစ်သည် နောက်ထပ်သက်တမ်း တနှစ်ကိုပဲ အနီးဆုံး ပြောကြပါစို့။ နောက်ထပ်တနှစ်ကို ဖြတ်ဖို့အတွက် အုတ်မြစ်ကောင်း ရခဲ့တယ်လို့ ပြောနိုင်လား။

ဦးဇေယျသူ ။ ။ တချို့ကတော့ ရခဲ့တယ်။ အခုနလိုမျိုး အတိုက်အခံအနေနဲ့ အနှစ်အစိတ်လောက် ကြာခဲ့တယ်။ ရာစုနှစ် လေးပုံတပုံလောက် ကြာခဲ့တဲ့အခါကြတော့ အာဏာရအစိုးရ ဖြစ်တဲ့အခါမှာ အာဏာကိုရအောင် လုပ်တာထက်၊ အသုံးချတာ အဲဒီနှစ်ခုကွာတယ်။ အဲဒါကိုတော့ ဒီအစိုးရအနေနဲ့ ကောင်းကောင်းကြီး သဘောပေါက်သွားပြီ။ ဒုတိယနှစ်က အရေးကြီးပါတယ်။ ပထမနှစ်မှာ ပြည်သူက သည်းခံနိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ အလုပ်သင့်သဘော။ ဒုတိယနှစ်မှာ အဲဒါက နည်းသွားပြီးတော့ မျှော်မှန်းချက်က ပိုကြီးလာနိုင်တယ်။ အဲဒီအခါကြတော့ Deliver အစိုးရတရပ်ဆိုတာ စွမ်းဆောင်မှုက အဓိကပဲ။ ရလဒ် ကျနော်တို့ ပြရမယ်။ အဲဒါ အရေးကြီးပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ နောက်တနှစ်ကို ဆက်သွားဖို့ အုတ်မြစ်ကောင်း ရှိခဲ့လား။

ဦးအောင်သူငြိမ်း ။ ။ ကျနော်က သိပ်အားမရသေးဘူး။

ဦးကျော်ကျော်သိန်း ။ ။ ဦးအောင်သူငြိမ်း ကိုယ်တိုင်က မျှော်လင့်ချက် သိပ်ကြီးမားနေတယ် မဖြစ်နေဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ဒါလဲ ဖြစ်နိုင်တာပေါ့။ ကျနော် မြင်တာကတော့ အစိုးရက သူ့ရဲ့ဝန်ဆောင်မှု Deliver လုပ်မယ်ဆိုပါစို့ - လုပ်မယ်ဆိုလို့ရှိရင် သူ့ရဲ့ ဝန်ထမ်းယန္တရားတွေမှာ ပြင်ဖို့တွေ လိုပါတယ်။ နောက်တခုကတော့ တိကျတဲ့ လမ်းညွှန်ချက်တွေ လိုတယ်။ အဲဒါမျိုးတွေက အခုအချိန်အထိ မတွေ့ရသေးဘူး။ အဲဒါအပြင် နောက်ထပ် တွေ့နေရတဲ့ အနေအထားက ဝန်ကြီးဌာနအချင်းချင်းမှာ ပူးပေါင်းဆောင်ရွက်မှုက တော်တော်အားနည်းတာတွေဖြစ်တယ်။ ဆိုလိုတာက NLD ဘက်က ဝန်ကြီးတွေ ဦးဆောင်တဲ့ ဌာနတွေ ရှိတယ်။ နောက် ကျွမ်းကျင်သူတချို့ ဦးဆောင်တဲ့ ဝန်ကြီးဌာနတွေရှိတယ်။ နောက်တခါ ဦးရွှေမန်းအဆိုပြုထားတဲ့ ဝန်ကြီးဌာနတွေ ရှိပါတယ်။ အဲဒီအချင်းချင်းကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုက မကောင်းလှဘူး။ ကျနော်တို့ အကြံပြုချင်တာက Whole Government Approach အစိုးရတရပ်လုံး ဘယ်လိုသွားမလဲ။ ဘယ်လို မောင်းမလဲပေါ့။ ဒီလိုမျိုးတွေက အခြေခံကောင်းတွေ မတွေ့ရဘူး။ ဒါတွေကို ဆက်လုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦဇေယျသူ နဲ့ ဦးအောင်သူငြိမ်းတို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG