သုံးရလွယ်ကူစေသည့် Link များ

ဖွံ့ဖြိုးရေးကို အာရုံမစိုက်နိုင်သေးတဲ့ ရှမ်းဒေသ

  • ကိုဇော်ဝင်းလှိုင်


ဒီတပတ် မြန်မာဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းသားဒေသတွေမှာ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဘက်ကို အာရုံမလှဲ့နိုင်သေးဘူးလို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၃) လားရှိုးခရိုင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားဒေသ ကိုယ်စားပြုလွှတ်တော်အမတ် တယောက်ဖြစ်ရတာ မလွယ်ဘူးလို့လဲ မတည်ငြိမ်သေးတဲ့ ဒေသက ဒေသခံတွေရဲ့  အရေးကို ဆောင်ရွက်ပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ Bush Center ခေါင်းဆောင်မှုဆိုင်ရာသင်တန်း လာရောက်တက်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း ကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျနော်တို့ VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံဟာ လက်ရှိမှာ အသွင်ကူးပြောင်းဆဲ့ကာလ ဖြစ်နေတဲ့ အရေးကြီးတဲ့အချိန်မှာ ရောက်နေပြီပေါ့။ အကိုက ရှမ်းပြည်နယ် SNLD ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တဦးလည်း ဖြစ်တယ်။ အခုလာတဲ့ သင်တန်းမှာလဲ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေ ပို့ချပေးတယ်လို့ ကြားပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ သူတို့ ပို့ချတဲ့ သင်တန်းအခြေအနေတွေနဲ့ ဟပ်ဆက်မှု အခြေအနေ ရှိပါလား။ ပြန်အသုံးချနိုင်တဲ့ အနေအထားမျိုး တွေ့ရသလား။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ ကျနော်တို့ အဓိကတော့ ဒီမှာတော့ ခေါင်းဆောင်မှုပေါ့။ ခေါင်းဆောင်မှုဆိုတာ အမျိုးမျိုးရှိတာပေါ့။ ကျနော်တို့ ဒီနိုင်ငံမှာ ဘယ်လို နိုင်ငံရေးထဲမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ဦးဆောင်နိုင်အောင် စသည်ဖြင့် ကျနော်တို့ကို တွန်းအားပေးပါတယ်။ ဥပမာ ဘယ်လို သတ္တိရှိရမယ်။ ဘယ်လို ရင်ဆိုင်ရမယ်။ အမေရိကန်မှာဆိုရင်လဲ ဒီမိုကရေစီ သက်တမ်းရင့်ပြီဆိုသော်လဲ အရင်တုန်းက စွန့်စွန့်စားစား လုပ်ခဲ့ရတဲ့လူတွေ အများကြီး ရှိတာပေါ့။ နိုင်ငံရေးသမားတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ လုပ်ကြံခံခဲ့ရတဲ့ သမ္မတတွေလည်း ရှိတယ်။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေလည်း လေ့လာရတာပေါ့။ ဒါကြောင့် နိုင်ငံရေးမှာ အဓိကတော့ တန်းဖိုးထားမှု။ ဥပမာ သတ္တိရှိမှုတွေ၊ စာနာမှုတွေ၊ တကယ့်ကို ပေးဆပ်ချင်တဲ့စိတ် ရှိမှုတွေကို ဒီခေါင်းဆောင်မှု သင်တန်းတွေမှာ ခေါင်းဆောင်တဦးချင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တဦးချင်းရဲ့  တန်းဖိုးထားမှုတွေကို လေ့လာရတယ်။ ပြီးတော့ အဲဒီထဲကနေ ကျနော်တို့က ကိုယ့်ရဲ့ တန်းဖိုးထားမှုကို ပြန်ရှာဖွေရမှာပေါ့။ ဒါကြောင့် အဓိကတော့ ကျနော် လွှတ်တော်ကိုယ်စားလှယ် လုပ်နေတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ လွှတ်တော်ကိုယ်စားလှယ်တယောက် လုပ်ရတာ အင်မတန်မှ မလွယ်ပါဘူး။ တော်တော်လေးကို အန္တရာယ်ရှိတဲ့ကြားထဲမှာ သွားနေရပါတယ်။ ဒါပေမဲ့ ဒါမျိုးဖြစ်တဲ့အချိန်မှာ ကျနော်တို့ သတ္တိရှိရပါမယ်။ ဒါကြောင့် ဒီနေရာကိုရောက်တော့ ပိုပြီးသတ္တိ ရှိလာပါတယ်။ သတ္တိရှိတာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူလူထုက တခုခု ရင်ဆိုင်နေရပြီ။ ဥပမာ တိုက်ပွဲဖြစ်လို့ လူတွေ အဖမ်းခံရတယ်၊ မတရားသတ်ဖြတ်ခံရတဲ့ ကိစ္စတွေမှာဆိုရင် ကျနော်တို့က ချက်ချင်း ပြည်သူတွေဆီ အရောက်သွားရပါမယ်။ မဲဆန္ဒနယ် ပြည်သူတွေကို သွားတွေ့ရပါမယ်။ ဒီလိုမျိုးတွေက အင်မတန်ကို မလွယ်တဲ့ သတ္တိတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့  မဲဆန္ဒနယ် ကိုယ်ကိုယ်စားပြုတဲ့နေရာဆိုရင် ဘာကိစ္စပဲဖြစ်ဖြစ် ကျနော်တို့ အရင်သွားရောက်ရမယ်။ အားပေးရမယ်။ တွေ့ရှိရမယ်။ ဖြစ်ပျက်သမျှအားလုံးကို ကျနော်တို့ ပိုပြီးတော့ သဲသဲကွဲကွဲ အခြေအနေတွေရောက်အောင် ယူလာပြီးတော့ လိုအပ်တဲ့ အစိုးရဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာတွေ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါမှလဲ သူတို့ကို ကိုယ်စားပြုရာ ရောက်မှာပေါ့။ ကိုစိုင်းဝမ်းလှိုင်ခမ်း က အမျိုးသားလွှတ်တော်အမတ် ဖြစ်ပြီးတော့ လွှတ်တော်ထဲကို ရောက်ပြီးတဲ့အချိန်မှာ ရှမ်းပြည်ဆိုတာ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့တနေ့က အချိန်အထိ တိုက်ပွဲတွေ ဖြစ်နေတာပဲဆိုတော့ စောစောက အကို ပြောသွားတဲ့ထဲမှာလဲပါပါတယ်။ တိုင်းရင်းသားဒေသကို ကိုယ်စားပြုရတဲ့ လွှတ်တော်အမတ်တယောက်ဟာ တော်တော်လေးကို ခက်ခက်ခဲခဲ အခက်အခဲတွေ အများကြီး ရှိတယ်ပေါ့။ ဆိုတော့ လွှတ်တော်ကို ရောက်ပြီးတော့ကော အခု ကိုယ်ကိုယ်စားပြုတဲ့ ကိုယ့်ပြည်နယ်က ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိစ္စတွေ ပြေလည်ရေးအတွက်၊ အထူးသဖြင့် တိုက်ပွဲတွေကိစ္စ ပြေလည်ရေးအတွက် ဘာတွေများ လုပ်ဆောင်ပေးပြီးပြီလဲ။ ခြောက်လ၊ ခုနှစ်လအတွင်းမှာ။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ စစချင်း ကျနော်တို့ လွှတ်တော်တက်ရပြီး နောက်ပိုင်းတော့ တပ်မတော်က နယ်မြေရှင်းလင်းရေး ကိစ္စတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်တဲ့ကိစ္စတွေနဲ့ အဲဒီနယ်တွေမှာ သွားလာလှုပ်ရှားနေတဲ့ တောင်သူလယ်သမားတချို့ ၊ သံသယရှိတဲ့ လူတွေကို ရွာသားတွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အဲဒီလိုမျိုးကိစ္စတွေဆို ကျနော်တို့ ကိုယ်စားပြုရတဲ့အလျောက် သက်ဆိုင်ရာဌာနတွေကိုသွားတယ်။ တွေ့ဆုံတယ်။ ညှိနှိုင်းတယ်။ ဒါက ကျနော်တို့ရွာက လူတွေ မှန်ကန်ပါကြောင်း။ ကျနော်တို့ အုပ်ချုပ်ရေးမှုးတွေလည်း ထောက်ခံစာတွေ ထုတ်ပေးပါတယ်။ ကျနော်တို့ ဝင်ရောက်ညှိနှိုင်းပေးရပါတယ်။ အဲဒါအခါ ကျနော်တို့ကို ပျူပျူငှာငှာ တွေ့ဆုံပါတယ်။ တပ်မတော်ဘက်က အရာရှိတွေကလဲ ဖြစ်ပျက်နေတဲ့ အခြေအနေကို ရှင်းပြပါတယ်။ ဘာကြောင့် ဒီလိုမျိုး ဖြစ်ရတယ်။ ကျနော်တို့လည်း ပြန်ပြီးတော့ တောင်းဆိုမှုတွေ ရှိပါတယ် - ရိုက်နှက်မှုတွေ မရှိပါနဲ့။ သူတို့မိဘတွေနဲ့ လာရောက်တွေ့ဆုံခွင့် ရှိလား စသည်ဖြင့် ကျနော်တို့ အဲဒီလို ပေါင်းစပ်ညှိနှိုင်းခွင့်တွေ ရတယ်။ နောက်ပိုင်းတော့ စီစစ်ပြီးတော့ အားလုံးပြန်လွတ်လာတာ ရှိပါတယ်။ နောက်တခုကလဲ ပြီးခဲ့တဲ့ လပိုင်းတုန်းက ကျနော်ရဲ့  မဲဆန္ဒနယ် မိုင်းယော်ဒေသမှာလည်း အပြစ်မရှိတဲ့ ပြည်သူ (၅) ယောက်က တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ကိစ္စမျိုးကို ချက်ချင်းပဲ သက်ဆိုင်ရာ တိုင်းဌာနတွေနဲ့ ကျနော် ညှိနှိုင်းဆောင်ရွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံကလဲ ဒီမိုကရေစီကို ရှေ့ ဦးတည်နေပြီ။ တရားဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် (၃) ခုစလုံး လက်တွဲညီညီ လုပ်ဆောင်ရမှာဆိုတော့ အဲဒီလိုကိစ္စမျိုး ဖြစ်ဖြစ်ချင်း ကျနော်တို့ ဘယ်သူကိုမှ အပြစ်မပြောပါဘူး။ ဖြစ်ဖြစ်ချင်း နစ်နာခဲ့တဲ့ ပြည်သူအတွက် ချက်ချင်းလုပ်ဆောင်သွားတဲ့ လိုအပ်ချက်ကို ဖြည့်ပြီးတော့ အပြစ်ပေးနိုင်အောင်၊ နစ်နာမှုတွေကို ချက်ချင်း Cover ဖြစ်အောင်၊ ဖြစ်နိုင်ရင်တော့ မဖြစ်စေချင်ဘူးပေါ့။ ကျနော်တို့ကတော့ အမြဲတမ်းပြောတယ် - မဖြစ်စေချင်ဘူး။ ပြည်သူလူထုတွေ မဲဆန္ဒနယ်မြေကိုဆင်းရင်လဲ အမြဲ သတိပေးတယ်။ ဒါမျိုးတွေကို သတိထားပါ။ စစ်ကြောင်းရောက်လာရင် ဘယ်လို သတိထားပြီး နေရမယ်။ တောနက်ထဲ တယောက်ထဲ မသွားဖို့ စသည်ဖြင့် သတိပေးတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အသိပညာ ပေးတာပေါ့။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ ဟုတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ သက်ဆိုင်ရာ တပ်မတော်အကြီးအကဲတွေနဲ့ ညှိနှိုင်းတယ်။ ပူးပေါင်းဆောင်ရွက်တယ်။ သွားရောက်တွေ့ဆုံတယ်။ ပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းတွေ၊ ရဲတွေကို ကြားထဲကနေ - ဒီအတိုင်းပဲလေ ပြည်သူလူထုက အကြောက်တရားကနေ မကင်းလွတ်သေးဘူးဆိုတော့ ကျနော်တို့က ရှေ့ ကနေ သူတို့ကို ခေါ်သွားပြီးတော့ ပေါင်းစပ်ညှိနှိုင်းရေးတွေ ဆောင်ရွက်ခဲ့တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ မြန်မာ့နိုင်ငံရေးမှာ လက်ရှိအချိန်အထိကတော့ စစ်တပ်ရဲ့  အခန်းကဏ္ဍက ကြီးကြီးမားမား ကြီးမားနေလျှက်ရှိတယ်။ အရေးပါတဲ့ ဝန်ကြီးဌာနတွေဆို စစ်တပ်က ကိုင်ထားတယ်။ အတိုင်းအတာတခုအထိ သူက သြဇာရှိနေတုန်းပဲ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်အခန်းကဏ္ဍက ပိုပြီးကြီးသွားတာပေါ့။ ဆိုတော့ စစ်တပ်အပေါ်မှာကော ကိုယ်ကိုယ်စားပြုတဲ့ နယ်မြေမှာပဲ တခုပြောကြမယ်ဆိုရင် အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေက စစ်တပ်အပေါ် အမြင်က ဘယ်လိုရှိလဲ။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ တိုက်ပွဲတွေကြောင့် တိုက်ပွဲတွေရှိနေသေးတော့ ကြောက်လန့်နေကြတုန်းပါပဲ။ ဒီလိုမျိုးတော့ ကျနော်တို့ မဖြစ်စေချင်ပါဘူး။ အမြန်ဆုံး ငြိမ်းချမ်းရေး နည်းလမ်းကို မြန်မြန်ရှာဖွေပြီး၊ အမြန်ငြိမ်းချမ်းစေချင်ပါတယ်။ အပစ်ရပ်စေချင်ပါတယ်။ လက်မှတ်ထိုးပေမယ့်လဲ ထိုးစစ်ဆင်မှုတွေက ရှိသေးတယ်။ ဒါတော့ ကျနော်တို့က စစ်ရေးကျွမ်းကျင်တဲ့လူတွေ မဟုတ်တော့။ ဒါပေမဲ့ မဲဆန္ဒနယ်မှာ ရှိနေသေးတယ်ဆိုတာတော့ တခြားစဉ်းစားရမယ့် ဖွံ့ဖြိုးရေးကိစ္စတွေ - ပညာရေးကိစ္စတို့၊ လမ်းပန်းဆက်သွယ်ရေးကိစ္စတို့၊ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စဆိုတာ ခေါင်းထဲတောင် မရောက်နိုင်တော့ဘူး။ ဒီ ထွက်ပြေးရတဲ့ကိစ္စတို့၊ လူသတ်တဲ့ကိစ္စုတို့၊ သံသယရှိလို့ ဖမ်းဆီးကြတာတွေ အဲဒီလိုမျိုး ရှိနေသေးတော့ ကျနော့်အနေနဲ့ တပ်မတော်အနေနဲ့ ပြောနေပါတယ်။ ငြိမ်းချမ်းရေးကို လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ကျနော့်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ တပ်မတော် အမြန်ဆုံး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်စေချင်ပါတယ်။ ဘယ်သူကိုမှ ကျနော်တို့က ဘယ်လို ဆောင်ရွက်မယ်ဆိုတာတော့ ကျနော်တို့ ကျွမ်းကျင်တဲ့အပိုင်း မဟုတ်တော့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေကို ကြည့်ရှုပြီးတော့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်သင့်ရင် ရပ်တန့်စေချင်ပါတယ်။ တိုက်ပွဲဖြစ်နိုင်မယ့် အလားအလာတွေအားလုံးကို ရှောင်ကျဉ်စေချင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ငြိမ်းချမ်းရေး ရရှိဖို့က အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောသွားပါတယ်။ အခုလက်ရှိ NLD အစိုးရက ဦးဆောင်လုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ဘယ်လို မြင်မိသလဲ။ လက်ရှိ အနေအထားအထိ သွားတော့သွားနေတယ်။ ဒါပေမဲ့ အရင်အစိုးရ ဦးသိန်းစိန်အစိုးရတုန်းကလဲ ကာလအကြာကြီး လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ NLD အစိုးရလက်ထက်မှာလဲ ဒါကို ဦးစားပေးလုပ်မယ်ဆိုပြီး ဆောင်ပုဒ်တခုအနေနဲ့ တင်ပြီးတော့ သူတို့ ရွေးကောက်ပွဲကာလတွေမှာ ပြောဆိုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ ဦးဆောင်ပြီး လုပ်နေတယ်။ ဒီဟာက ဘယ်လို အနေအထားရှိလဲ။ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ အဓိကတော့ ဒီငြိမ်းချမ်းရေးကာလ ဆောင်ရွက်တဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ ကဏ္ဍ အင်မတန် အရေးကြီးပါတယ်။

တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလူထုတွေအသံကိုလည်း နားထောင်စေချင်ပါတယ်။ ပိုပြီးတော့လဲ Promote မြှင့်တင်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မငြိမ်းချမ်းတဲ့ ဒေသဆိုတာ တိုင်းရင်းသားဒေသတွေ အထူးသဖြင့် ဒါကြောင့် ဒီလိုကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ အောက်ခြေလူထုကတဆင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပါတီတွေအားလုံး ပါဝင်စေချင်တယ်။ တခန်းတကဏ္ဍနဲ့ အရေးကြီးတဲ့အပိုင်း ဖြစ်တယ်ဆိုတဲ့အနေနဲ့ ဆောင်ရွက်သွားရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ အဲဒီလို ဖြည့်စွက်ပြောချင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အောက်တိုဘာလ (၂၅) ရက်နေ့ကဆိုရင် တိုက်ပွဲဖြစ်တဲ့ ဒေသတွေက ရှမ်းပြည်နယ်အတွင်းက ဒုက္ခသည်တချို့  အခြေအနေတွေ ပြန်ကောင်းသွားလို့ တိုက်ပွဲတွေ ရပ်သွားလို့ နေရပ်ပြန်နိုင်ကြပြီဆိုတဲ့ သတင်းတွေ ထွက်လာတယ်ဆိုတော့ ရှမ်းပြည်နယ်အတွင်းမှာ၊ ကချင်ပြည်နယ်မှာလည်း ထောင်ပေါင်းများစွာ စစ်ပြေးဒုက္ခသည်တွေ အများကြီး နေရပ်စွန့်ခွါပြီး ထွက်ပြေးနေကြတာရှိတယ်။ သူတို့နေရပ် ပြန်နိုင်ရေး အခြေအနေက အခုဆိုရင် (၂၅) ရက်နေ့က ပြန်သွားတဲ့ အနေအထားမျိုးဆိုရင် ဘယ်လောက်အထိ ခိုင်မာမှု ရှိသလဲ။ သဘောက ပြန်သွားလိုက်၊ တိုက်ပွဲပြန်ဖြစ်လိုက် သံသယထဲမှာ လည်နေကြတော့ ဒီဟာက ဘယ်လောက်အထိများ လူထုရဲ့  စိတ်ဓါတ်ကို စစ်တပ်ကို ယုံကြည်မှု၊ အစိုးရအပေါ် ယုံကြည်မှု လျော့သွားစေသလဲ။

စိုင်းဝမ်းလှိုင်းခမ်း ။ ။ အဲဒါတော့ သိပ်မပြောတတ်ပါဘူး။ ဒါပေမဲ့ အခြေအနေကိုတော့ ရှင်းပြနိုင်ပါတယ်။ ဖြစ်နေတဲ့ အခြေအနေကြတော့ ဖြစ်လိုက်ရင် ကြောက်ကြတယ်။ ထိကြတယ်။ ခဏတာ ရှောင်ထွက်ကြတယ်။ အဲဒီအခြေအနေမှာ တိုက်ပွဲတွေ ရပ်တန့်သွားတယ်။ ဆက်တိုက်မဖြစ် ငြိမ်သွားတယ့်အခါကြတော့ ပြန်သွားကြတယ်။ တအောင့်လောက်နေ ပြန်ဖြစ်ရင် ပြန်ပြေးလာကြတယ် စသည်ဖြင့် အရင်တုန်းကလို ကြီးကြီးမားမား ထွက်ပြေးရတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျီးလန့်အစာစားတော့ ဖြစ်နေတုန်းပဲ။ ဒီအခြေအနေက ပိုတောင် စိုးရိမ်ရသေးတယ်။ ဘယ်အချိန် ဖြစ်မလဲ။ ဘယ်အချိန် တိုက်မလဲဆိုတာ။ ဒီခေတ်က ဘာလဲဆိုတော့ ထွက်ပြေးရလွယ်ကူလို့သာ - ကားတွေ၊ ထော်လဂျီတွေ ရှိလို့သာ လာလိုက်တယ်။ အခြေအနေကောင်းရင် ပြန်သွားကြည့်လိုက်တယ်။ အရင်တုန်းကလို အဝေးကြီး ထွက်ပြေးရတာမျိုး မဟုတ်တော့။ ဒါကြောင့် ပြန်တယ်ဆိုတာက လုံးဝစိတ်ချရလို့ ပြန်တာမဟုတ်သေးဘူး။ ပြောချင်တာက လုံးဝပြောတဲ့အတိုင်းပါပဲ စစ်ပွဲ ဖြစ်နိုင်မယ့် အရိပ်အရောင်တွေ အလားအလာတွေ လုံးဝမလုပ်တာ၊ လှုပ်ရှားမှုတွေ မရှိတာက အင်မတန်မှ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလည်း ပိုပြီးတော့ အထောက်အကူပြုစေမှာပေါ့။ အခု ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်။ ပြီးရင် တိုက်ပွဲတွေ ပြန်ဖြစ်နေကြတယ်ဆိုတော့ ကျနော်တို့ နိုင်ငံအတွက် ဂုဏ်သိက္ခာ မှေးမှိန်စေတာပေါ့။ ကမ္ဘာ့နိုင်ငံတွေက ကျနော်တို့ကိုကြည့်တော့ အခုလဲ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ထိုင်ကြတယ်။ တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်ဆိုတော့ တော်တော်လေးတော့ ခက်တဲ့အခြေအနေမှာ တွေ့နေရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

မှတ်ချက်များပြပါ

XS
SM
MD
LG