သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆင်စွယ်မှောင်ခိုရောင်းဝယ်မှု တောရိုင်းထိန်းသိမ်းရေးအဖွဲ့ စိုးရိမ်


မြန်မာနိုင်ငံ မုန်းလားမှာ ရောင်းချဖို့ ပြသထားတဲ့ ဆင်စွယ်နဲ့ ကျားသစ်သားရေ (ဓာတ်ပုံ - Chris Shepherd)
မြန်မာနိုင်ငံ မုန်းလားမှာ ရောင်းချဖို့ ပြသထားတဲ့ ဆင်စွယ်နဲ့ ကျားသစ်သားရေ (ဓာတ်ပုံ - Chris Shepherd)
ထောင်ချီရှိတဲ့ ဆင်စွယ် အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံ တွင်းမှာ ပြောင်ပြောင်တင်းတင်း ရောင်းချနေတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ မကြာသေးခင်ကပဲ စုံစမ်းတွေ့ရှိခဲ့ကြပါတယ်။

တိရစ္ဆာန် အစိတ်အပိုင်းတွေကို အကြီးအကျယ် ဝယ်ယူနေတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသမှာ ဒီလို ဆင်စွယ်တွေ ဥပဒေမဲ့ ရောင်းချနေတာကိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက လျှို့ဝှက် စုံစမ်းခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Joe De Capua သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က အပြည့်အစုံ တင်ပြထားပါတယ်။

တောရိုင်းတိရစ္ဆာန်တွေ ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ TRAFFIC နဲ့ Oxford Brookes တက္ကသိုလ်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ပါဝင်တဲ့ လျှို့ဝှက်စုံစမ်းရေးအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မုန်းလားဒေသမှာ ဆင်စွယ် အစိတ်အပိုင်းပေါင်း ၃,၃၀၀ နဲ့ မဖြတ်တောက်ရသေးတဲ့ ဆင်စွယ်ပေါင်း ၅၀ လောက် ရောင်းချနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

TRAFFIC အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Chris Shepherd ကတော့ တောရိုင်းတိရစ္ဆာန်ပေါင်းစုံကို ဥပဒေမဲ့ ရောင်းချနေတာ အံ့သြတကြီး တွေ့ခဲ့ရတဲ့အကြောင်း ပြောပါတယ်။

“ဆင်တွေ၊ ကျားတွေ၊ ငှက်တွေကအစ ရှားပါးပြီး မျိုးတုန်းတော့မယ့် တိရစ္ဆာန်အမျိုးပေါင်းစုံကို ဥပဒေမဲ့ ရောင်းချနေတဲ့ တောရိုင်း တိရစ္ဆာန်ဈေးကွက်ကြီး တခုပါ။ ဆင်စွယ်တွေ ဆိုရင်လည်း တုန်လှုပ်စရာ ကောင်းလောက်အောင် များပါတယ်။ အရင်တုန်းက ဒီနေရာမှာ တွေ့ခဲ့ဖူးတာထက် အများကြီးကို ပိုများနေပါတယ်။”

အရင်တုန်းကဆိုရင်တော့ ဒီဒေသမှာ တောရိုင်းတိရစ္ဆာန်တွေကို အသားအဖြစ် စားသုံးဖို့၊ ရိုးရာဆေးဖော်ဖို့နဲ့ အမှတ်တရ စုဆောင်းဖို့လောက်သာဖြစ်ပြီး တွင်တွင်ကျယ်ကျယ် ရောင်းဝယ်တာမျိုး မရှိခဲ့ဘူးလို့လည်း လေ့လာစုံစမ်းသူတွေ တွေ့ရှိခဲ့ကြပါတယ်။

အခုအခါမှာတော့ မုန်းလားဒေသက ဈေးကွက်ထဲမှာ မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ သာမက အာဖရိကလို ပြင်ပက တင်သွင်းရောင်းချတာတွေလည်း ရှိနေတာပါ။ ဒါပေမဲ့လည်း ဈေးကွက်ထဲမှာ ဘယ်လောက် များများစားစား နေရာယူထားသလဲဆိုတာ အတိအကျ သိဖို့ကတော့ မလွယ်ဘူးလို့ Dr. Chris Shepherd ကပြောပါတယ်။

“ဥပမာ ရေမြင်းရဲ့သွားလိုမျိုး အာဖရိကတိုက်ကလာတဲ့ ပစ္စည်းတွေကိုလည်း တွေ့ပါတယ်။ ဒါကြောင့် တခြားကလာတဲ့ ပစ္စည်းတွေလည်း ပါကောင်းပါနေနိုင်ပါတယ်။ တွေ့ရတဲ့ ဆင်စွယ် ပမာဏအရ၊ အာရှတိုက်က ဆင်တွေဆီက ရတာသာ ဖြစ်မယ်ဆိုရင်တော့ တော်တော် ကြောက်စရာလည်း ကောင်းပါတယ်။”

တောရိုင်းတိရစ္ဆာန်တွေ ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ TRAFFIC ကတော့ သူတို့ရဲ့ ရှာဖွေ တွေ့ရှိချက်တွေကို သက်ဆိုင်ရာနိုင်ငံတွေ ဖြစ်ကြတဲ့ မြန်မာနဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမှာပါ။

“နယ်စပ်ဖြတ်ကျော်တာတွေ မလုပ်နိုင်အောင် အရောင်းအဝယ်တွေကို ထိန်းချုပ်ဖို့ သုံးနိုင်တဲ့ နည်းလမ်းတွေ ရှိသလို၊ နောက်ဆုံးမှာ ဈေးကွက်ကိုပါ ပိတ်ပစ်လိုက်တဲ့အထိ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။”

ဥပဒေမဲ့ ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရာမှာတော့ တရုတ်နိုင်ငံက တခြားတိုင်းပြည်တွေထက် တက်တက်ကြွကြွ ဆောင်ရွက်တာ တွေ့ရတဲ့အကြောင်းလည်း TRAFFIC အဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသရေးရာ ညွှန်ကြားရေးမှူး Dr. Chris Shepherd ကပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ တွေ့ရတဲ့ ကုန်သွယ်မှုမျိုးတွေ ထပ်ဖြစ်မလာအောင် ဟန့်တားရာမှာတော့ တရုတ်နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ သူက မြင်ပါတယ်။

“တရုတ်နိုင်ငံက ဆင်စွယ်ဝယ်လိုအားကို လျှော့ချဖို့ လိုပါတယ်။ ဈေးကွက်ကိုရော ဝယ်လိုအားကိုပါ အမြစ်ဖြုတ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးတဲ့ ခြေလှမ်းလို့လည်း ကျနော်ယူဆပါတယ်။ နောက်ထပ် လုပ်ဖို့လိုတာကတော့ တရုတ်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ အရေးယူဆောင်ရွက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ပါ။”

တရုတ်နိုင်ငံကတော့ မှောင်ခိုဈေးကွက်က ဖမ်းဆီးရမိထားတဲ့ ဆင်စွယ်တန်ချိန် ၆ တန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အများပြည်သူရှေ့မှောက် မီးရှို့ဖျက်ဆီးပြခဲ့တာပါ။ မြန်မာနဲ့တရုတ် ၂ နိုင်ငံစလုံးဟာ ဆိုရင်တော့ ရှားပါးတိရစ္ဆာန်တွေ ကုန်သွယ်မှုကို တားမြစ်တဲ့ နိုင်ငံတကာ စာချုပ်တခုဖြစ်တဲ့ CITES အဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။
XS
SM
MD
LG