သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းထုတ် သတင်းစာတွေ ခေါ်ယူမေးမြန်းခံရ


ခေါ်ယူမေးမြန်းခံရသူများအနက်ပါဝင်သူ The Voice သတင်းစာအယ်ဒီတာချုပ်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ။
ခေါ်ယူမေးမြန်းခံရသူများအနက်ပါဝင်သူ The Voice သတင်းစာအယ်ဒီတာချုပ်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ။
မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေရဲ့ဘဏ္ဍာရေး အစီအမံတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေက ခေါ်ယူ မေးမြန်းခဲ့တဲ့အပေါ် စာနယ်ဇင်းလောကကြားမှာ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါပေမဲ့လည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရက ညွှန်ကြားထားတာမျိုး မဟုတ်ဘူးလို့လည်း သမ္မတရုံးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ပြည်တွင်းမှာထုတ်ဝေနေတဲ့ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေက တာဝန်ရှိတဲ့ အယ်ဒီတာတွေကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်က သတင်းရဲတပ်ဖွဲ့ကနေ ဒီရက်ပိုင်းတွေအတွင်း တွေ့ဆုံ မေးမြန်းနေခဲ့တာပါ။

ဆင့်ခေါ် မေးမြန်းမှုတွေဟာ လုပ်ရိုးလုပ်စဉ်ပုံစံမျိုးမဟုတ်တဲ့အတွက် အရင်စစ်အစိုးရ လက်ထက်တုန်းက သတင်းမီဒီယာကို ဖိနှိပ်တဲ့ လုပ်ရပ်မျိုးတွေ ပြန်လုပ်လာပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ မေးမြန်းခံခဲ့ရတဲ့ စာနယ်ဇင်းသမားတွေထဲက THE VOICE သတင်းစာ အယ်ဒီတာချုပ်လည်း ဖြစ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကျော်မင်းဆွေ က ပြောပါတယ်။

“သံတော်ဆင့်ကိစ္စနဲ့ဆက်စပ်ပြီး၊ ဦးဆန်းဆင့်ကိစ္စနဲ့ဆက်စပ်ပြီး ဒါတွေဖြစ်လာတာ၊ ဘာဖြစ်လို့ မီဒီယာတွေကို ဒီလို လုပ်ရမှာလဲ၊ လုပ်လို့ရလား၊ ဘယ်သူက လုပ်လို့ရလဲ။ လုပ်မယ်ဆိုလို့ရှိရင်လည်း ဥပဒေကြောင်းအရ ခိုင်လုံအောင် အရင်လုပ်ပြီးမှ လုပ်ပါလား၊ ဆိုလိုတာက ဥပဒေကြောင်းအရ officially ဖြစ်အောင် ဘာလို့ မလုပ်ဘဲနဲ့ ဒီလို အရင် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးက ခေါ်ပြီးတော့ လုပ်သလိုမျိုး ဘာဖြစ်လို့ လုပ်သလဲဆိုတာ မေးစရာဖြစ်တာပေါ့။”

မေးမြန်းရတဲ့ရည်ရွယ်ချက်ကို တိတိကျကျ မသိရပေမဲ့ အဓိကအားဖြင့်ကတော့ လက်ရှိ သတင်းစာ၊ ဂျာနယ်တွေ လည်ပတ်ရာမှာ ငွေကြေး သုံးစွဲမှုတွေကိုသာ မေးမြန်းခဲ့တဲ့အကြောင်း စစ်ဆေး မေးမြန်းခံခဲ့ရတဲ့ မြန်မာပို့စ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ပြောပါတယ်။
အခုလို မေးမြန်းမှုတွေဟာ မီဒီယာ လောကအတွင်းမှာ ငွေကြေးခဝချမှုတွေနဲ့ပတ်သက်ပြီး အစိုးရက သံသယဖြစ်လို့ မေးမြန်းခဲ့တာ ဆိုရင်တော့ မီဒီယာလောကအတွင်းမှာ ဈေးပေါပေါနဲ့ အရှုံးခံချရောင်းနေတဲ့ သတင်းစာ၊ ဂျာနယ်တွေကို ဆက်ပြီး စုံစမ်းမှုတွေ လုပ်သင့်တယ်လို့ ဦးသန်းထိုက်သူက ပြောပါတယ်။

“တကယ်တန်းကျတော့ ငွေကြေးခဝါချမှုတွေကြောင့် သိချင်လို့ မေးတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ် ငွေဖြူငွေမည်း ခဝါချတာတွေ မဖြစ်အောင် မေးတာမျိုးဆိုရင် သူတို့ တကယ် မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ ကျနော်တို့က ဝမ်းပမ်းတသာနဲ့ ကြိုဆိုရမှာပဲလေ၊ ဘာလို့လဲဆိုတော့ လက်ရှိ ဂျာနယ်ဈေးကွက်မှာက အရင်း ၅၀၀ လောက်ရှိတာကို ၃၀၀ နဲ့ရောင်းတယ်၊ ၃၀၀ ရှိတာကို ၁၀၀ နဲ့ ထိုးရောင်းလိုက်လုပ်နေကြရတာ၊ ဈေးကွက်ရဲ့ရေရှည်သဘောမှာ မကောင်းဘူးလေ။ နိုင်ငံတကာမှာလည်း ငွေထုတ်လုပ်မှုဈေးအောက်မှာ ကျပြီးတော့မှ ဈေးကွက်ပျက်နေတဲ့သဘောမျိုးနဲ့ ရောင်းတာ ခွင့်မပြုဘူး။ သူတို့မှာ ဥပဒေနဲ့ ထိန်းချုပ်တာတွေ ရှိတယ်။ အဲဒီလို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာမေးတာမျိုးဆိုရင်တော့ ကြိုဆိုပါတယ်။ တကယ်လုပ်ဖို့တော့ လိုမယ်လေ။”

စာနယ်ဇင်းလောကသားတွေကြား မကျေနပ်စရာတွေ ဖြစ်နေရတဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ ပတ်သက်လို့ အစိုးရက တိုက်ရိုက်ညွှန်ကြားချက် ပေးမထားကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ သမ္မတရုံးအနေနဲ့ သီးခြားညွှန်ကြားထားတာ မရှိဘူး။ သို့သော် သူတို့ စုံစမ်းစစ်ဆေးနေဆဲ ကိစ္စတွေနဲ့ပတ်သက်လို့ ပိုမိုသိချင်လို့၊ သတင်းအချက်အလက် စုံစုံလင်လင်ရချင်လို့ မေးတာမျိုးဖြစ်ပါလိမ့်မယ်။”

အခုလို သတင်းတပ်ဖွဲ့ က မေးမြန်းမှုတွေ ဟာ မီဒီယာ လောက အတွင်းမှာ ငွေကြေးခဝါချမှု တွေရှိလို လုပ်တာလို့လည်း သတင်းတွေ ထွက်နေပါတယ်။

“ငွေကြေးခဝါချမှုကတော့ အဲဒါနဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်။ ကျနော်တော့ အသေးစိတ်မသိဘူး။ သို့သော် ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ငွေကြေးခဝါချမှုနဲ့ ပတ်သက်လာလို့ရှိရင်တော့ ဒါ ကျနော်တို့က ငွေကြေးခဝါချမှုနဲ့ပတ်သက်တဲ့ ဥပဒေနဲ့အညီ အရေးယူခံရမှာပေါ့။”

အခုလို စာနယ်ဇင်းသမားတွကို မေးမြန်းတာနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ သီးခြားတုံ့ပြန်မှုအဖြစ် လာမယ့် ဗုဒ္ဒဟူးနေ့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပဖို့လည်း စီစဉ်နေကြပါတယ်။
အစိုးရရဲ့သတင်းရဲတပ်ဖွဲ့အနေနဲ့ မကြာသေးခင်တုန်းကလည်း ပေါက်မြို့နယ်က အစိုးရလက်နက်စက်ရုံကိစ္စ ရေးသားခဲ့တဲ့ UNITY ဂျာနယ်၊ ပြည်သူ့ခေတ် ဂျာနယ်၊ မြန်မာပို့စ်နဲ့ မြန်မာပိုစ့် ဂလိုဘယ်ဂျာနယ်၊ The VOICE ဂျာနယ် နဲ့ The VOICE သတင်းစာတွေကို မေးမြန်းမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်၊
XS
SM
MD
LG