သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အိုဘားမား ရုပ်သိမ်းပေးမည်


အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ အက်ဥပဒေအရ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ သမ္မတ Barack Obama က ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းတွေကို အခြေခံပြီး ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ရသလဲ၊ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေ ဘယ်တော့ တရားဝင်ဖယ်ရှားမလဲ ဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေစဉ် ၁၉၉၇ ခုနှစ် အမေရိကန် သမ္မတဟောင်း Bill Clinton လက်ထက်မှာ အမေရိကန်အစိုးရက အရေးပေါ် အခြေအနေဆိုင်ရာ အက်ဥပဒေပြဌာန်းပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။ အခု ဒီအရေးပေါ် အခြေအနေဆိုင်ရာ အက်ဥပဒေကို ရုပ်သိမ်းဖို့ သမ္မတ Barack Obama က ဆုံးဖြတ်ချက်ချထားပြီး ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အခုအချိန်မှာ ဒီဆုံးဖြတ်ချက်ကို ချထားပြီးသား ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူတဲ့အကြောင်း ပြောခဲ့ပါတယ်။ အရေးပေါ် အခြေအနေဆိုင်ရာ ချထားတဲ့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားမယ့် ဆုံးဖြတ်ချက်ကို သူကလည်း ထောက်ခံပါတယ်။ အရေးယူ ဆောင်ရွက်မှုကြောင့် ချမှတ်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ဥပဒေကြောင်းကနေ ပြန်လည် ပြင်ဆင်ဖို့ လုပ်ရပါမယ်။ အဲဒီအတွက် အချိန်တော့ လိုပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ ပြောကြားချက်အရဆိုရင် လာမယ့်ရက်ပိုင်းတွေမှာ အားလုံး ပြီးစီးနိုင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ် အခြေအနေ အက်ဥပဒေ ပယ်ဖျက်ကြောင်း ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု ဥပဒေ JADE ACT (Junta's Anti-Democratic Efforts) မှာ ပါဝင်တဲ့ အမေရိကန်ပြည်ဝင်ခွင့် တားမြစ်ချက်တွေကို ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ၊ မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရ သိသိသာသာ ထောက်ပံ့မှု ပေးနေသူတွေအပေါ် ထားရှိတဲ့ ပြည်ဝင်ခွင့် တားမြစ်ချက်ကို ဆက်ပြီး ထားရှိနေဦးမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် အကန့်အသတ်နဲ့ အကူအညီပေးတာ အပါအဝင် နိုင်ငံခြားထောက်ပံ့မှုတွေအပေါ် ကန့်သတ်ချက်တွေလည်း ဆက်ပြီး ရှိဦးမှာဖြစ်ပါတယ်။ ဆက်လက်ထားရှိမယ့် ကန့်သတ်ချက်တွေနဲ့ နောက်ထပ် လိုအပ်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ အမေရိကန်အစိုးရအနေနဲ့ အမေရိကန်လွှတ်တော်နဲ့ ဆက်ပြီး ဆွေးနွေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမှာ မြန်မာအစိုးရက အမေရိကန်အစိုးရနဲ့ တိုးမြှင့်ဆောင်ရွက်သွားမယ့်အပေါ် သမ္မတအိုဘားမားက ကြိုဆိုခဲ့ပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲမှာ မြန်မာနိုင်ငံက ပါဝင်လုပ်ဆောင်လာဖို့အတွက် ဒီလုပ်ရပ်တွေဟာ အရေးကြီးတဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကန့်သတ်ပိတ်ဆို့မှု တချို့ကို ဆက်ပြီးထားရှိဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုအားလုံးကို ဖယ်ရှားပေးဖို့ မဖြစ်နိုင်သေးဘူးလို့ အိမ်ဖြူတော်က အင်္ဂါနေ့ကပဲ ပြောကြားထားခဲ့တာပါ။ ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့က တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေလုပ်နိုင်ဖို့ ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေတွေကို ဖယ်ရှားဖို့ ပြောခဲ့တာမို့ ဒီလိုအခြေအနေ ဘာကြောင့် ဖြစ်လာရတာပါလဲ၊

“မြန်မာနိုင်ငံကို အရင်က အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရတွေရဲ့ လုပ်ရပ်တွေကြောင့် အရေးပေါ် အခြေအနေတွေကို ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံတွင်းမှာ သိသာတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို တေ့ွနေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း အစိုးရခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။ ဒါက မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုးတက်ပြောင်းလဲမှုတခု ဖြစ်ပါတယ်။ ဒါကြောင့် အရေးပေါ် အခြေအနေတွေကို ရုပ်သိမ်းပြီး ဒဏ်ခတ်မှုတွေကို ဖယ်ရှားတာက အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

ခုလို အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားနိုင်ဖို့ အရေးပေါ် အခြေအနေတွေကို ရုပ်သိမ်းမယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အပြောင်းအလဲတွေ ဆက်ပြီး လုပ်သွားဖို့ လိုအပ်တယ်ဆိုတာကိုလဲ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ခုလို ပြောပါတယ်။

“အစိုးရထဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ ပါဝင်နေဆဲဖြစ်ပါတယ်။ လွှတ်တော်ထဲမှာလည်း တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီအပိုင်းတွေမှာ ဒီမိုကရေစီနည်းလမ်းကျ အပြောင်းအလဲတွေ ဖြစ်လာတာကို ကျနော်တို့ဘက်က မြင်ချင်ပါတယ်။ မြန်မာနို်င်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ ဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ လိုနေပါသေးတယ်။ ဒီကိစ္စတွေဟာ မြန်မာအစိုးရရဲ့ ဦးစားပေး ဆောင်ရွက်မှုတွေ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြတ်ပြတ်သားသား ပြောထားပါတယ်။”

မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ပိတ်ဆို့ ဒဏ်ခတ်မှုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် သိသာတဲ့ သက်ရောက်မှုတွေ ရှိခဲ့တာကိုလည်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စီးပွားဆက်ဆံရေးတွေ တိုးမြှင့်လုပ်ဆောင်တာက နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာအောင် မက်လုံးပေးရာ ရောက်လိမ့်မယ်လို့လည်း Josh Earnest က ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြောင်းလဲတိုးတက်မှုတွေကြောင့် အမေရိကန်က ဒဏ်ခတ်မှုတွေ လုပ်နိုင်ဖို့ ချထားတဲ့ အရေးပေါ် အခြေအနေတွေကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့လည်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းတယ်ဆိုတဲ့ အမိန့်ရယ်၊ သမ္မတရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမိန့်ရယ်တို့ကို ဖျက်သိမ်းတယ်လို့ သမ္မတအိုဘားမားက ထုတ်ပြန်ကြေညာလိုက်တော့မှ ဒီဆုံးဖြတ်ချက်တွေဟာ တရားဝင် အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်က နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး OFAC က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေအားလုံး ပျက်ပြယ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနကလည်း စက်တင်ဘာလ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့် ပြန်လည်ပေးအပ်ဖို့ ရှိတယ်ဆိုတာကို သမ္မတ Barack Obama က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်စဉ်အတွက် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကို အသိအမှတ်ပြု ပြောကြားပြီး၊ အခုအချိန်ဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်လှစ်ထားပြီ ဖြစ်တာကြောင့် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံးကို ရုပ်သိမ်းချိန်တန်ပြီလို့ ပြောကြားခဲ့ပါတယ်။ ၈ လေးလုံး လူထုအုံကြွမှုဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံကိုပေးထားတဲ့ GSP ကုန်သွယ်ရေး အထူးခံစားခွင့်ကို သမ္မတဟောင်း George Bush က ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ အခု သမ္မတအိုဘားမားက ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်အပေါ် အမေရိကန် အာဆီယံ စီးပွားရေးကောင်စီက ကြိုဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG