သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်လပ်ရေးနေ့ နိုင်ငံတဝှမ်း ဆင်နွဲ


လွှတ်လပ်ရေးနေ့ မီးရှုးမီးပန်းများ ပစ်လွတ်နေစဉ်။
လွှတ်လပ်ရေးနေ့ မီးရှုးမီးပန်းများ ပစ်လွတ်နေစဉ်။

ဇူလိုင်လ ၄ ရက်နေ့ဟာ အနှစ် ၂၄၀ ပြည့် အမေရိကန် လွှတ်လပ်ရေးနေ့ ဖြစ်တာနဲ့အညီ နိုင်ငံရဲ့ လွှတ်လပ်မှုအတွက် အသက်ပေးကြတဲ့ စစ်မှုထမ်းတွေကို သမ္မတ Barack Obama က ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။ နိုင်တဝှမ်းမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အားလပ်ရက်ကို ပျော်ရွှင်စွာ ဆင်နွဲကြတဲ့တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားတွေဟာလည်း လွှတ်လပ်ရေးနေ့ကို ကိုယ်ရောက်ရာ ဒေသအသီးသီးမှာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်လပ်ရေးနေ့ အခါသမယမှာ နိုင်ငံ့ရဲ့ လွတ်လပ်မှုအတွက် အသက်ပေးခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုကြောင်း သမ္မတ Barack Obama က သူ့ရဲ့ အပတ်စဉ် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“လွှတ်လပ်ရေးနေ့ကျင်းပတာဟာ လွန်ခဲ့တဲ့ ၇ နှစ်ခွဲတာ ကာလအတွင်း ကျနော် အနှစ်သက်ဆုံး အစဉ်အလာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ နိုင်ငံရဲ့လွှတ်လပ်မှုရရှိအောင် စွန့်လွတ် အသက်ပေးခဲ့ကြသူတွေကို ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြုနေကြတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ဟာ အဲဒီ လွတ်လပ်ခွင့်ကို ခံစား၊ ဆင်နွဲခွင့်ရနေကြတာ ဖြစ်ပါတယ်။ အမေရိကန်တွေဟာ အခမ်းအနားနဲ့ မဟုတ်ပဲ၊ မျှော်လင့်ချက် တစုံတရာ မပါဝင်ပဲ၊ တစုံတခု ပြန်ရပါစေတော့ဆိုတဲ့ မျှော်လင့်ချက်မပါပဲ စစ်မှုထမ်းတွေ၊ စစ်ပြန် စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ မိသားစုဝင်တွေကို ဂုဏ်ပြုနေကြတယ်ဆိုတာကို ကျနော်သိပါတယ်။”

နိုင်ငံတော် အားလပ်ရက်နေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ရောင်စုံ မီးရှုး မီးပန်းတွေ ပစ်ဖောက်တာ၊ အလှပြယာဉ်တွေနဲ့ လှည့်လည် ချီတက်ကြတာ၊ အားကစားနဲ့ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပကြတာအပြင် မိသားစုတွေ စုဝေးပြီး အသားကင်နဲ့ တခြား အစားအသောက်တွေ ချက်ပြုတ် စားသောက်တာတွေ ပြုလုပ်ကြပါတယ်။

အမေရိကန်နိုင်ငံသား မြန်မာနွယ်ဖွားတွေလည်း လွှတ်လပ်ရေးနေ့ အားလပ်ရက်ကို အမေရိကန်တွေနည်းတူ ပျော်ရွှင်စွာ ဆင်နွဲကြပါတယ်။ နယူးယောက်ပြည်နယ်၊ Utica မြို့က ဖောချစ်ဟာ အမေရိကန်နိုင်ငံသား၊ မြန်မာနွယ်ဖွားတဦးဖြစ်ပြီး မြန်မာပြည်မှာလည်း လူထုက တင်မြောက်တဲ့ NLD အစိုးရ တက်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေ လိုလား မျှော်လင့်တဲ့ လွှတ်လပ်ခွင့်တွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အမေရိကန်ရဲ့ ထုံးတန်းအစဉ်အလာ ကျမတို့ လက်ခံတယ်။ ကျမတို့လည်း ထိုနည်းအတိုင်းပဲ ကျင့်ကြတယ်။ မြန်မာပြည်ကိုလည်း သတိရတယ်။ မြန်မာပြည်ရဲ့ လွှတ်လပ်ရေးမှာလည်း ကျမတို့ ၊ အဲဒီကိုတော့ မရောက်နိုင်ပေမယ့်၊ လွှတ်လပ်ရေးနေ့တိုင်းမှာလည်း ကျမတို့က ကိုယ့်နိုင်ငံရဲ့ လွှတ်မြောက်ခြင်းအပေါ်မှာ ပြန်လည်တွေးပြီးတော့မှ ကျေနပ်တယ်၊ ဝမ်းမြောက်တယ်ပေါ့။ အခု ပြည်သူတွေ လက်ခံထားတဲ့ ပြည်သူ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် တက်ပြီးကတည်းက၊ အခု သူလည်း အများကြီး ကြိုးစားတာတွေလည်း ကျမတို့ တွေ့တယ်။ အဲဒီအတွက်လည်း အရမ်း ကျေနပ်တယ်။ ဒါပေမယ့်လည်း တဖက်မှာကတော့ သူ့ရဲ့ ရည်ရွယ်ချက် ရှိတဲ့အတိုင်း သူဆက်လုပ်သွားမယ်ဆိုတာလည်း ကျမက ယုံကြည်တယ်။ အဲဒီလိုလည်း မျှော်လင့်တယ်။ ဒါပေမယ့်လို့တော့ပေါ့နော်၊ အဲဒီလောက်အထိ ထိထိရောက်ရောက် ဆက်လက် လုပ်ကိုင်နိုင်ဖို့ဆိုတာကလည်း အဲဒီမှာ အတားအဆီး အနှောက်အယှက်တွေလည်း ရှိနေတယ်။ ဆိုတဲ့အခါကျတော့၊ ပြည်သူတွေအနေနဲ့ ဆိုလို့ရှိရင် အဲဒီ နိုင်ငံရဲ့ လွှတ်လပ်ခွင့်ဆိုတာကိုတော့ ကျမတို့ အရမ်းပဲ မျှော်လင့်တယ်၊ ဒါပေမယ့်လို့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အတူ ကျမတို့က အမြဲတမ်း အနောက်ကနေပြီးတော့မှ ပံ့ပိုးချင်တယ်။”

Maryland ပြည်နယ်မှာ နေထိုင်နေတဲ့ ကိုယဉ်ထွေးကလည်း သူတို့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စုပြီး လွှတ်လပ်ရေးနေ့ကို ဘယ်လို ဆင်နွဲကြတယ်ဆိုတာကို အခုလို ပြောပြပါတယ်။

“ကျနော်လည်း ဒီ (အမေရိကန်) ရောက်တာ အနှစ် (၂၀) ကျော်ပြီပေါ့ဗျာ။ ကျော်ပြီဆိုတော့လည်း ဒီ အမေရိကန် ထုံးတန်း အစဉ်အလာလေးတွေ ဘာဘဲဖြစ်ဖြစ် သိသင့်သလောက်လည်း သိလာတယ်။ ဒီနေ့ကတော့ သူတို့ အမေရိကန်နိုင်ငံရဲ့ လွှတ်လပ်ရေးနေ့။ အဲဒီလို နေ့မျိုးကျတော့ တချို့ တချို့တွေကျတော့လည်း ဒီလို ရက်မျိုးတွေမှာ ပိတ်ရက်တွေက ကြာရှည်တဲ့အခါကျတော့ ခရီးသွားကြတယ်၊ Vacation တွေ သွားကြတယ်။ တချို့ဆိုရင် ပင်လယ်ကမ်းခြေတွေ အပန်းဖြေကြတယ်။ တချို့ကျတော့လည်း မိသားစုနဲ့ Reunion (ပြန်တွေ့ပြီးတော့) ကျနော်တို့ ချက်ပြုတ် စားသောက်ကြတယ်။ ကျနော်တို့ မြန်မာတွေကျတော့လည်း ဘာလဲဖြစ်ဖြစ်ပေါ့၊ ဒီလို ပိတ်ရက်ကျတော့ မိသားစုတွေ စုံစုံညီညီ ချက်ပြုတ် စားသောက်ကြတယ်။ မိသားစုနဲ့ ချက်စားနေတယ်။ သူငယ်ချင်းတွေလည်း ရောက်နေတယ်။ ပြီးသွားရင် ညနေဖက်မှာ ရထားစီးပြီး ဝါရှင်တန် ဒီစီထဲသွားမယ်၊ ဝါရှင်တန် ဒီစီမှာ ကျနော်တို့ လှလှပပပေါ့ဗျာ၊ ရှုမောဖွယ်ကောင်းတဲ့၊ အံ့သြဖွယ်လည်းကောင်းတဲ့ မီးရှုး မီးပန်းတွေဖောက်တာကို ကျနော်တို့ သွားအားပေးကြမယ်။ ပြီးရင် ပြန်လာကြမယ်။”

Indiana ပြည်နယ်၊ Fort Wayne မြို့က ကိုကျော်သက်ကတော့ ဒီနှစ် လွှတ်လပ်ရေးနေ့ အားလပ်ရက်မှာ မိသားစု၊ အသိမိတ်ဆွေတွေနဲ့ ကမ်းခြေသွားပြီး အပန်းဖြေဖြစ်တယ်လို့ ပြောပါတယ်။

“ဟိုးတုန်းကဆိုရင်တော့ ကျနော်တို့ ခရီးတွေထွက်တယ်။ Vacation ပေါ့နော်၊ တခြား State (ပြည်နယ်) တွေကို ထွက်တယ်။ ဒီနှစ်ကတော့ ကျနော်တို့မြို့မှာပဲ ကျနော်တို့ ဒီမှာ Beach (ကမ်းခြေ) မှာလာပြီး ကျနော်တို့ မိသားစုတွေ၊ မြန်မာ မိသားစုတွေ လာစုပြီးတော့ အနားယူကြတာပေါ့နော်။ ညကျရင်တော့ ကလေးတွေကို သွားပြီးတော့ Firework ပေါ့နော်၊ ဟို မီးပန်းတွေဖောက်တယ် ဒီမှာ အဲဒါတွေ သွားပြီးတော့ ပြမှာပေါ့နော်။

သမ္မတ Obama နဲ့ သမ္မတကတော် Michelle Obama တို့က သမ္မတ အိမ်ဖြူတော်မှာ စစ်မှုထမ်း မိသားစုတွေကို အသားကင်နဲ့ တည်ခင်း ဧည့်ခံဖို့ စီစဉ်ထားခဲ့ပေမယ့် ဝါရှင်တန် ဒီစီမြို့တော်တဝိုက် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက မိုးတွေရွာနေတာကြောင့် အဲဒီ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဒါပေမယ့် ဝါရှင်တန် ဒီစီမြို့လယ်မှာရှိတဲ့ National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင်အနီးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရောင်စုံ မီးရှုး မီးပန်း ပစ်လွတ်တာကိုတော့ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG