သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားကြွေးမြီ လျှော်ပေးဖို့ ကန်ကို Hun Sen တောင်းဆို


အမေရိကန်ပြည်ထောင်စုအပေါ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန်ရဲ့ မကြာသေးခင်က မေတ္တာရပ်ခံချက်ဟာ - အောင်မြင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ - ဒေသတွင်းအကဲခတ်တွေက ပြောဆိုကြပါတယ်။

အလွယ်တကူ ပြန်ဆပ်နိုင်အောင် အကြွေးပေးတဲ့စနစ်ကို ပြန်ပြင်တာကသာ ကမ္ဘောဒီးယားအတွက် အကောင်းဆုံး ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် ဟွန်စန် ကတော့ သူ့အပြောနဲ့သူ ပိတ်မိနေပြီး၊ အမေရိကန်သမ္မတ Donald Trump ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရကတည်းက အကြွေးပြဿနာကို လူသိရှင်ကြား ထပ်တလဲလဲ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ပြည်သူတွေကို သတ်ဖို့ ဗုံးတွေနဲ့ ကျည်ဆံတွေ ဝယ်ယူရာမှာ အကြွေးတင်ခဲ့တာကို ကမ္ဘောာဒီးယား နိုင်ငံသားတွေ လက်ခံအောင် ပြောဖို့ အစိုးရအတွက် ခက်ခဲကြောင်းလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဝန်ကြီးချုပ် ဟွန်စန် က ပြောဆိုခဲ့တာပါ။

ခမာနီတွေကို ချေမှုန်းဖို့ ကြိုပမ်းခဲ့ပေမဲ့ ကမ္ဘောဒီးယားအစိုးရထဲမှာ လှိုက်စားနေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ လွန်နော် (Lon Nol) အစိုးရလက်ထက် - ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘောဒီးယားနိုင်ငံဟာ အမေရိကန်ဆီကနေ ဒေါ်လာ ၂၇၈ သန်း အကြွေးတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မှတ်တမ်းတွေအရ - အစားအစာနဲ့ တခြားစိုက်ပျိုးရေးထွက်ကုန်တွေအတွက် ချေးငွေလို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း နှစ်ကြာလာတာနဲ့အမျှ အတိုးကြောင့် ချေးငွေပမာဏဟာလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီး - အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြွေးဟာ ဒေါ်လာ ၅၀၅ သန်းလောက် ရှိနေပြီဖြစ်ပြီး၊ အတိုးနှုန်း ၃% က များတယ်မဆိုနိုင်ပေမဲ့ - ပုံမှန်မပေးဆပ်တာကြောင့် အခုလို အကြွေးပမဏ များလာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG