သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာအန္တရာယ် သတိထားနယ်မြေထဲ မြန်မာကို ကန် ထည့်သွင်း


အမေရိကန်လွှတ်တော်ရှေ့ Zika တိုက်ဖျက်ရေး တိုက်တွန်း ဆန္ဒပြနေသူတဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၆)
အမေရိကန်လွှတ်တော်ရှေ့ Zika တိုက်ဖျက်ရေး တိုက်တွန်း ဆန္ဒပြနေသူတဦး။ (စက်တင်ဘာ ၁၄၊ ၂၀၁၆)

အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDCက ဇီကာဗိုင်းရပ် ကူးစက်ခံနိုင်ရတဲ့ အန္တရာယ်ရှိတဲ့အတွက် နှိုးဆော်ချက်ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံပေါင်း၁၁ နိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။မြန်မာနိုင်ငံအနေနဲ့ ချင်းမိုင်လို နယ်စပ်ဒေသမျိုးမှာ ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိဖူးတာကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေ ရောဂါပိုးတွေ့ရှိပြီးနိုင်ငံတွေကနေ ပြန်လာတဲ့သူတွေဆီကနေ ကူးစက်နိုင်တဲ့အတွက် ဇီကာဗိုင်းရပ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးလုပ်နေတယ်လို့ ပြည်သူ့ကျန်းမရေးဦးစီးဌာနက ပြောပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးသွားမှာပါ။

ဇီကာရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့အတွက် အမေရိကန် ရောဂါ ထိန်းချုပ်ရေးဌာန CDCက နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ နိုင်ငံ၁၁ နိုင်ငံအထဲ မြန်မာနိုင်ငံ ပါဝင်လာပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့ အလားအလာရှိတဲ့ မြန်မာနိုင်ငံမှာ ခရီးသွားတွေအတွက်ဘယ်အတိုင်းအတာအထိ အန္တရာယ်ရှိနိုင်သလဲဆိုတာ မသိနိုင်ပေမဲ့လည်း ရောဂါကူးစက်မှု အသစ်တွေ ဖြစ်ပေါ်နေတဲ့ တခြားဒေသတွေထက်တော့ လျော့ပါးနိုင်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါသေးတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ရောဂါပိုး ကာကွယ်နှိမ်နှင်းရေးတွေကိုဦးစားပေး ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းကပြောပါတယ်။

" ရောဂါပိုးသယ်ဆောင်တဲ့ ခြင်က ရှိနေတယ်။ နောက် နယ်စပ်ဘက်မှာ ချင်းမိုင်ဘက် မှာလည်းပဲ ရောဂါပိုးက ရှိတယ်ဆိုတော့ ဒီ Cross Borders တွေမှာ လည်းပဲ ရောဂါပိုး ဝင်ရောက်နိုင်တဲ့ အနေအထားရှိတယ်။ နောက် Affected countries တွေကနေပြီးတော့ ပြန်လာတဲ့ ခရီးသည်တွေက ရှိနေတယ်ဆိုတော့ Risks Countries အနေနဲ့ကတော့ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဇီကာဗိုင်းရပ်စ် ကာကွယ်နှိမ်နှင်းရေးတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာ။"

ဇီကာဗိုင်းရပ်စ်ကူးစက်ခံတဲ့ အဓိကလက္ခဏာတွေဟာ ဖျားတာ၊ အရေပြားမှာ အနီစက်ထွက်တာ၊ မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့အဆစ်တွေ နာကျင်တာဖြစ်တတ်ကြောင်းနဲ့ ရောဂါဖြစ်ပွားပြီးနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဦးနှောက်သေးငယ်တဲ့ ကလေးငယ်တွေမွေးဖွား လာနိုင်ကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက နေ့စဉ်ထုတ် အစိုးရပိုင်သတင်းစာတွေက တဆင့် သတိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာပဲ ဇီကာဗိုင်းရပ်စ်ပိုး ရှိတယ်လို့ သံသရရှိသူ ငါးဆယ်ဦးကို စစ်ဆေးခဲ့ပေမဲ့လည်း အခုချိန်ထိတော့ ရောဂါပိုး ရှိသူ မတွေ့ရှိသေးဖူးလို့ ဒေါက်တာ စိုးလွင်ငြိမ်းက ပြောပါတယ်။

" မွေးတဲ့ကလေးတွေမှာလည်း ဒီလို ဦးခေါင်းသေးတဲ့ကလေးတွေ မွေးလာခဲ့လို့ရှိရင် ကျနော်တို့ဆီ ချက်ခြင်းသတင်းပို့တယ်။ ပို့ပြီး ဒီဟာကိုလည်းပဲ ကျနော်တို့ စစ်ဆေးတာပေါ့နော်။ အခုဆိုရင် ကျနော်တို့က သံသယလူနာ ငါးဆယ်လောက် စစ်သွားပြီးပြီ။ လောလောဆယ် သံသယလူနာမရှိဘူး။"

ဒါပေမဲ့လည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က ဒေါက်တာမြင့်ဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ဇီကာရာဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေတာမှန်ပေမဲ့ လုံလုံလောက်လောက် တားဆီးနိုင်ဖို့ကတော့ မလွယ်သေးဘူးလို့ မြင်ပါတယ်။

" CDC ဆိုတာ တကမ္ဘာလုံးနဲ့လည်း ဆိုင်တယ်။ ရောဂါတားဆီးရေးနဲ့ ရှာဖွေရေး ကာကွယ်ထိန်းသိမ်းရေး ဗဟိုဌာနဆိုတာ။ အဲ့တော့ မြန်မာပြည်ကို သူတို့ Alert လုပ်ထားတယ်ပေါ့။ အဲ့တော့ မြန်မာပြည်မှာ လုပ်တာတွေကတော့ သူရဲ့ ဥစ္စာဓနနဲ့ နိုင်သလောက် သူက လုပ်ရတာ။ ဆိုတော့ ၁၀၀% ပြည့်တော့ မကာကွယ်နိုင်ဘူးလို့ ကျနော်က ယုံကြည်တယ်။"

ခြင်ကိုက်ရာက အဓိက ကူးစက်လေ့ရှိတဲ့ ဇီကာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်ပြီး ခရီးသွားတွေ သတိထားဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က နှိုးဆော်ချက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံအပြင်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အရှေ့တိမောနဲ့ မော်လ်ဒိုက် နိုင်ငံတွေ ပါဝင်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဇီကာရောဂါဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး၊ နိုင်ငံတော်တော်များများမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိတတ်ကြောင်းလည်း CDC ကပြောပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများက ဒေသခံတွေ အနေနဲ့ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည် ရှိကောင်းရှိနေနိုင်ပေမဲ့၊ နိုင်ငံခြားက ခရီးသွားတွေ အနေနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်မှ ရှိနိုင်တဲ့အတွက် သတိထားဖို့ လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG