သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်း အတိတ်၊ လက်ရှိနဲ့ အနာဂတ် 


ကမ ္ဘာတဝန်းက ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ တရုတ်က ငွေကြေးမတည်နေတာဟာ ဆယ်စုနှစ် ၂ ခု ရှိခဲ့ပါပြီ။ ကုန်းလမ်းနဲ့ ရေလမ်း နှစ်သွယ် ပဏာမ အစီအစဉ် အဖြစ် စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမ စီမံကိန်းနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းလို့ နာမည်ပေးထားတဲ့ စီမံကိန်း နှစ်ခုကို တရုတ် သမ္မတ Xi Jinping က အဆိုပြုလိုက်တဲ့ ၂၀၁၃ ခုနှစ်မှာ ငွေကြေး သုံးစွဲမှု တိုးလာခဲ့ပါတယ်။ BRI – Belt and Road Initiative - ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းလို့ ခေါ်ကြတဲ့ ဒီအယူအဆဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ ကြီးထွားလာနေပါတယ်။ တရုတ်ရဲ့ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာက ကဏ္ဍသစ် တရပ်ကို ရောက်လာပုံ ရပြီလို့ လေ့လာသူတွေက ပြောကြပါတယ်။ ဗွီအိုအေ Elizabeth Lee ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ပြပါမယ်။

BRI စီမံကိန်းကနေ တဆင့် တရုတ်က အီကွေဒေါမှာ ဓာတ်အားပေးစက်ရုံကနေ လာအိုမှာ မြန်နှုန်းမြင့် ရထားလမ်းတွေ အထိ ကမ္ဘာတလွှားမှာ ငွေကြေးထည့်ဝင်ပြီး စီမံကိန်းတွေ လုပ်နေတာပါ။ ဒါပေမဲ့ BRI စီမံကိန်းရဲ့ တကယ့် အနှစ်သာရကတော့

" BRI စီမံကိန်းရဲ့ အယူအဆကတော့ တရုတ်နဲ့ ကမ္ဘာ့တောင်ပိုင်းကြား ဆက်နွယ်မှုကို တိုးတက်အောင် လုပ်ဖို့ ဖြစ်ပါတယ်။ BRI ရန်ပုံငွေ အများစုက သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတ္တုတူးဖော်ရေးနဲ့ အလားတူ ခိုင်မာတဲ့ အခြေခံ အဆောက်အအုံတွေ အတွက် သုံးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဧရာမ BRI စီမံကိန်းကြီးထဲမှာ တရုတ်က သူတို့ရဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပညာရေးဆိုင်ရာ ပညာသင်ဆုတွေ အများအပြားလည်း ထည့်သွင်းလာပါတယ်။ "

Ammar Malik က AidData ရဲ့ အကြီးတန်း သုတေသန ပညာရှင် ဖြစ်ပါတယ်။ William & Mary တက္ကသိုလ်ရဲ့ သုတေသန ဌာန AidData က ကမ္ဘာတလွှားက တရုတ်ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ အချက်အလက်တွေကို စုဆောင်းနေတာပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြား အတွက် မဖြစ်မနေ ငွေချေးရတဲ့ နိုင်ငံဖြစ်လာကြောင်း အချက်အလက်တွေက ဖော်ပြပါတယ်။ ဘော့စတွန် တက္ကသိုလ်က တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ ကမ္ဘာတဝန်း စီးပွားရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ ကာလမှာ BRI စီမံကိန်း အခြေတည်ခဲ့တာလို့ ပြောပါတယ်။

"နောက်ခံ အကြောင်းအရာကတော့ ၂၀၀၈ ခုနှစ် ကမ္ဘာတဝန်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကမ္ဘာ့ဈေးကွက် ကျုံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကုမ္ပဏီတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဘိလပ်မြေ ထုတ်စက်ရုံတွေ၊ သံမဏိ၊ ကိရိယာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးမှာ တရုတ်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ အဆုံးစွန် လိုအပ်ချက် ရှိခဲ့ပြီး စက်ရုံ အများအပြားက အလွန်အကျွံ စပြီး ထုတ်လုပ်လာကြပါတယ်။ ၂၀၁၁ - ၂၀၁၂ ခုနှစ်မှာတော့ တရုတ်ရဲ့ ပိုလျှံထုတ်လုပ်နိုင်စွမ်းက ကဏ္ဍအလိုက် ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ထိ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ Xi Jinping က အာဏာရလာချိန်မှာ တရုတ်ဟာ ပိုလျှံထုတ်လုပ်မှု ပြဿနာ အကြီးအကျယ် ဖြစ်နေခဲ့တာပါ။ "

အဲဒီနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ သမ္မတ Xi က အခု BRI လို့ သိကြတဲ့ အစီအစဉ်ကို စတင်လိုက်တာပါ။ ခါးပတ်လမ်း ကိုစပြီး ကြေညာချိန်မှာတော့ စီးပွားရေး ကုန်ထုတ်လုပ်ရေးကဏ္ဍတွေကနေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံရေး၊ ပို့ကုန်တင်ပို့ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လုပ်ခဲ့ကြတာဟာ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူ Min Ye က ပြောသွားတာပါ။

တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကတော့ ခါးပတ်တကွင်း လမ်းတစင်းဟာ လုပ်ငန်းကြီး တခုတည်း မဟုတ်သလို တရုတ်အစိုးရ ရန်ပုံငွေနဲ့လည်း မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

" ဒါက အယူအဆ တရပ် ဖြစ်ပါတယ်။ ကမ္ဘာတလွှား နိုင်ငံတွေရဲ့ ကဏ္ဍ အများအပြားမှာ စီမံကိန်းတွေ လုပ်နေကြတဲ့ လုပ်ငန်းကြီးတွေကို ပေါင်းစည်းထားမှု ဖြစ်ပါတယ်။ "

တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တခြားသော အဖွဲ့အစည်းတွေကို ကမ္ဘာတဝန်း ဖြန့်ကျက်နိုင်ရေး မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးနဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အဖြစ် တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye က ပြောပါတယ်။

" အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ ကုန်စည်တွေ အတွက် ၊ နောက် တရုတ်နဲ့ ချိတ်ဆက်ရေး အတွက် အခြေခံ အဆောက်အအုံတွေ အမှန်တကယ် လိုအပ်ပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ရှေ့ပြေးဆောင်ရွက်ချက် ဆိုတာထက် ကမ္ဘာလုံးဆိုင်ရာ ရှေ့ပြေးဆောင်ရွက်ချက် သဘော ပိုပြီး သက်ရောက်ပါတယ်။ "

ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းတွေကြောင့် အိမ်ရှင် နိုင်ငံ အများအပြား အတွက် အကျိုးရှိစေပါတယ်။ ၂၀၁၆ တုန်းက အီကွေဒေါ သမ္မတ Rafael Correa က တရုတ်ဆောက် ဓာတ်အားပေး စက်ရုံ ပြီးမြောက်မှုကို အောင်ပွဲခံခဲ့ပါတယ်။

" ဒီနိုင်ငံမှာ အကြီးဆုံး အခြေခံ အဆောက်အအုံ ဖြစ်တဲ့ ရေအားလျှပ်စစ်စက်ရုံ Coca Codo Sinclair ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ၁၅၀၀ မဂ္ဂါဝပ် ထုတ်တဲ့ ဒီစက်ရုံ တခုတည်းကနေ အီကွေဒေါက အိမ်အားလုံးကို မီးပေးနိုင်ပါတယ်။"

အင်ဒိုနီးရှားမှာလည်း တရုတ်ရဲ့ မြန်နှုန်းမြင့် ရထား စီမံကိန်း တခု ရှိပါတယ်။ အင်ဒိုနီးရှား ပြည်သူ Achmad Rasyad ကတော့

" ပုံမှန်တော့ ၄ နာရီလောက်ကြာပေမဲ့ မြန်နှုန်းမြင့် ရထားနဲ့ဆိုရင် ၁ နာရီ - ၂ နာရီလောက် အချိန်လျှော့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ "

ဒါပေမဲ့ တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းတွေမှာ မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ အီကွေဒေါမှာ ဆိုရင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို သီးခြားဌာန တခုနဲ့ စစ်ဆေးထားတာကြောင့် ဘေးကင်းတယ်လို့ တရုတ်က ပြောထားပေမဲ့လည်း စက်ရုံမှာ ထောင်ချီတဲ့ အက်ကွဲရာတွေ ပေါ်နေတာကြောင့် အင်ဂျင်နီယာတွေ စိုးရိမ်နေကြပါတယ်။

အင်ဒိုနီးရှားရဲ့ မြန်နှုန်းမြင့် ရထားလမ်းဟာ ဆိုရင်လည်း ဖောက်ခွဲတဲ့ နည်းလမ်းတွေ သုံး တည်ဆောက်တာကြောင့် လူနေအိမ်တွေ ပျက်စီးစေတယ်၊ အမိုးက ပြိုကျတော့မယ် စသဖြင့် ဒေသခံတွေက ပြောခဲ့ကြတာပါ။

အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာတော့ အကျိုးရှိသူတွေ ရှိသလို အကျိုးမဲ့သူတွေလည်း ရှိကြမှာ ဖြစ်တယ်လို့ တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကလည်း ထောက်ပြပါတယ်။ ခါးပတ်လမ်း စီမံကိန်းတွေကို ဆယ်စုနှစ် တခုကြာ အကောင်အထည်ဖော်လာပြီးချိန်နဲ့ ကပ်ဘေးရောဂါကို တိုက်ဖျက်နေရချိန်နောက်ပိုင်းမှာတော့ တရုတ် အစိုးရဘက်က ပြန်လည် ချိန်ညှိလာနိုင်တယ်လို့လည်း တရုတ်အရေး လေ့လာသူတွေက ပြောပါတယ်။ BRI ပုံစံသစ်လို့လည်း ကျွမ်းကျင်သူတွေ သုံးနှုန်းကြတဲ့ အကြောင်း Ammar Malik က ပြောပါတယ်။

" ဧရာမ စီမံကိန်းကြီးတွေ၊ အတိုးနှုန်းနည်းနည်းနဲ့ ငွေလွယ်လွယ်ရတဲ့ ခေတ် ပြီးဆုံးသွားပုံ ရတာကတော့ ပေါ်လွင်လာပါတယ်။"

ကပ်ဘေးကာလ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း အများအပြား ရပ်ဆိုင်းသွားတယ်လို့လည်း တရုတ် ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Hong Zhang ကလည်း သုံးသပ်ပါတယ်။

" ရှင်းရှင်းလင်းလင်း တိတိကျကျ သတ်မှတ်မထားတဲ့ ကိစ္စ တခုကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်စွမ်း အပေါ်မှာ တရုတ်အစိုးရဘက်က ပိုပိုသာသာ ခန့်မှန်းထားတာမျိုး ဒါမှမဟုတ်လည်း အခက်အခဲ အများအပြား ရှိနေတာကို တရုတ်ဘက်က သဘောပေါက်သွားတာက အရေးအကြီးဆုံး အကြောင်းရင်းလို့ ယူဆပါတယ်။ "

ခါးပတ်လမ်း စီမံကိန်း ပထမ ၅ နှစ် အတွင်း ပေးထားတဲ့ ချေးငွေတွေက အခုအချိန်မှာ ပြန်ဆပ်ရတော့မှာကြောင့် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကြွေးရှင် ဖြစ်နေပြီလို့လည်း တရုတ်ရဲ့ ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik က ပြောပါတယ်။

" စီမံကိန်း အများအပြားက သူတို့ မျှော်လင့်ထားတဲ့ အတိုင်း စီးပွားရေး အလားအလာ မရှိဘူးဆိုတာကို သူတို့ နားလည်လာကြပါပြီ။ "

တရုတ်ရဲ့ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ တရုတ်ဟာ ပါကစ္စတန်က Gwadar ဆိပ်ကမ်းလို အထူးစီးပွားရေး ဇုံကြီးတွေလိုမျိုး မဟုတ်တော့ပေမဲ့ အခြေခံ အဆောက်အအုံတွေ ဆက်ပြီး လုပ်လိမ့်မယ်လို့ ပြောပါတယ်။

" ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေမှာ လျှပ်စစ်လိုအပ်ချက်ကြောင့် လျှပ်စစ်စက်ရုံတွေ အများအပြား ဆက်ပြီး လုပ်ပါလိမ့်မယ်။ ကျောက်မီးသွေးသုံးတော့ မဟုတ်နိုင်ပါဘူး။ "

ခါးပတ်လမ်း စီမံကိန်းတွေနဲ့ တရုတ်ဟာ ကမ္ဘာတလွှား ခြေကုပ်ရယူမှုကို တိုးချဲ့လာနေတယ်၊ တရုတ်အစိုးရရဲ့ ကမ္ဘာတလွှား သြဇာလွှမ်းမိုးမှုက ပြောင်းလဲလာတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုမြင်ကြပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ ဈေးသက်သာတဲ့ ပို့ကုန်တွေ ထုတ်လုပ်ရာ မဟုတ်တော့ဘဲ ခြိမ်းခြောက်မှု တခု ဖြစ်လာပြီလို့ တချို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။

တရုတ်ဟာ ဥရောပကို ရောက်လာပြီး မဟာဗျူဟာမြောက် အရေးပါတဲ့ အခြေခံ အဆောက်အုံကို ဝယ်ယူလာတာကို ဥရောပက ရုတ်တရက် သဘောပေါက်သွားပြီး တရုတ် အပေါ် အမြင်လည်း ပြောင်းသွားခဲ့တယ်လို့ ဥရောပနဲ့ အရှေ့ ဥရောပ ဆက်ဆံရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Karen Donfried က ပြောဆိုခဲ့တာပါ။ တရုတ် နိုင်ငံရေးဆိုင်ရာ စီးပွားရေး ကျွမ်းကျင်သူ Min Ye ကတော့ အတိတ်တုန်းက အမေရိကန် ဒါမှမဟုတ်လည်း ဗြိတိန်လိုမျိုး ကမ္ဘာမှာ သြဇာလွှမ်းမိုးသူမျိုး တရုတ် ဖြစ်လာဖို့ အထောက်အကူ ဖြစ်မယ်လို့ မယူဆပါဘူး။

"တရုတ်ရဲ့ စီးပွားရေး အများစုက နိုင်ငံတွင်းမှာဘဲ ရှိနေဆဲ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ BRI မှာ တရုတ်က ဘယ်လောက် ထည့်ဝင်မလဲ ဆိုတာကလည်း တရုတ် အတွက် ဘယ်လောက် အလုပ်ဖြစ်မလဲ၊ အထောက်အကူ ဖြစ်မလဲ ဆိုတဲ့ အပေါ်မှာ မူတည် ဆုံးဖြတ်တာပါ။ "

တရုတ် ဖွံ့ဖြိုးမှု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Ammar Malik ကတော့ တရုတ်ဟာ ကမ္ဘာတလွှား သြဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။

" ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သြဇာ အာဏာ ရှိသူတွေနဲ့ ရေရှည် ဆက်ဆံရေးကို သူတို့က တည်ဆောက်လိုနေပါတယ်။ အရင်ကနဲ့ မတူဘဲ သူတို့ တက္ကသိုလ်တွေကို နိုင်ငံခြား ကျောင်းသားတွေ လက်ခံလာပါတယ်။ တရုတ် အပေါ် လူထု သဘောထား ယိမ်းလာအောင် သိမ်းသွင်းစည်းရုံးရေးနဲ့ ယဉ်ကျေးမှု ဖလှယ်တာတွေလည်း ပိုပြီး လုပ်လာပါတယ်။"

တရုတ်ကို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံ တခု ဖြစ်လာမယ့် ခေတ်သစ် တခုကို ဦးတည်ပြီး တရုတ် အစိုးရက လမ်းဖွင့်နေပါတယ်။

တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်း အတိတ်၊ လက်ရှိနဲ့ အနာဂတ်
please wait

No media source currently available

0:00 0:07:40 0:00

(Unicode)
































XS
SM
MD
LG