သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းပြဿနာ သမ္မတဦးထင်ကျော် တရုတ်ခရီးစဉ်အတွင်း အဖြေထွက်နိုင်


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့မှ လက်ခံတွေ့ဆုံစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့မှ လက်ခံတွေ့ဆုံစဉ်

အငြင်းပွားစရာဖြစ်နေတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း ဆက်ပြီး တည်ဆောက်ဖို့ရှိမရှိဆိုတာကို နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက မနေ့က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကြာသာပတေးနေ့မှာ စတင်မယ့် သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မတိုင်ခင်မှာ မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိ ဆက်ပြီး တင်ပြမှာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတ ဦးထင်ကျော်သွားမယ့် ပထမဆုံးအကြိမ် တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိမရှိ စောင့်ကြည့်နေချိန်မှာ အခုလို တရုတ်အစိုးရဘက်က သူတို့ သဘောထားကိုပြောကြားလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တဦးက မြစ်ဆုံဆည်ကိစ္စနဲ့ ပတ်သက်လို့ အခုလို မေးမြန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဆက်မလုပ်ဖို တရုတ်အစိုးရက သဘောတူညီခဲ့တယ်လို့ နားလည်ထားတဲ့အတွက် ဒီသတင်းဟာ မှန်ကန်သလား ဆိုတာ အတည်ပြုပေးပါ။ တကယ်လို့ မှန်ခဲ့တယ်ဆိုရင်လည်း ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်။”

ဒီမေးခွန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က အခုလို ဖြေဆိုပါတယ်။

“တရုတ်နဲ့ မြန်မာတို့ဟာ ချစ်ခင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားအတွက် နှစ်ဦးနှစ်ဖက်အပြန်အလှန် အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတရပ်ဖြစ်ပြီး ဒါကို လေ့လာစီစစ်ပြီး သဘောတူညီမှု လုပ်ငန်းအဆင့်ဆင့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပြဿနာတွေ၊ အခက်အခဲတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ အတွက် တရုတ်အစိုးရအနေနဲ့ မြန်မာဘက်နဲ့ အဆက်အသွယ်ရှိသွားမှာဖြစ်ပါတယ်။ ဒါအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးကို ပိုပြီး သယ်ပိုးဆောင်ရွက်နိုင်ဖို့ ကောင်းမွန်တဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်ပြီး တိုးတက်ဖို့ ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။”

အခုလို မြစ်ဆုံဆည်စီမံကိန်းကို ဆက်ပြီးမလုပ်ဖို့ တရုတ်အစိုးရဘက်က သဘောထားပြောင်းဖို့ ရှိတယ်ဆိုတဲ့ သတင်းအပေါ်မှာ တရုတ်-မြန်မာ အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။

“ဗမာပြည်နဲ့ ပတ်သက်လို့ ကျမကြည့်တာကတော့ တရုတ်က အစောကြီးကတည်းက ပြောတယ်။ မြစ်ဆုံကိစ္စကို နှစ်ဖက်အစိုးရ၊ နှစ်ဖက် ပြည်သူလူထု မထိခိုက်တဲ့အောက်မှာ မြန်မာပြည်သူလူထုအတွက် အကျိုးရှိမယ့် ကိစ္စတွေကို သူတို့ ဆက်လက်လုပ်ဆောင်မှာပါလို့တော့ ပြောထားတယ်။ အဲတော့ မြစ်ဆုံကိစ္စ သတ်သတ်ကြီး ဟုတ်ချင်မှ ဟုတ်မယ်။ မြစ်ဆုံကိစ္စနဲ့ ဆက်နွယ်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေကို ထည့်သွင်းစဉ်းစားပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်တခုက တရုတ်ရဲ့ ပိုးလမ်းမကြီးကိစ္စက တော်တော်ကို အရှိန်ရနေတာကိုး။ အခြားနိုင်ငံတွေမှာလည်း ဒီလုပ်ငန်းက အရှိန်ရနေတော့ ဒီကိစ္စအတွက်လည်း အခြားစီမံကိန်းတွေ ပိုမိုကောင်းမွန်တဲ့ စီမံကိန်းတွေ တွေ့ရင် သူတို့ ပြောင်းလဲ လုပ်နိုင်ပါတယ်။”

ဗုဒ္ဓဟူးနေ့ထုတ် ရိုက်တာသတင်းမှာတော့ မြန်မာအစိုးရအဆင့်မြင့်အရာရှိတွေအပြင် မြစ်ဆုံရေကာတာစီမံကိန်း သဘောတူညီမှုနဲ့ ပတ်သက်လို့ ရင်းနှီးမှုရှိတဲ့ လူတဦးနဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီနဲ့ နီးစပ်သူတဦးတို့ကို ကိုကားပြီး အမည်မဖေါ်လိုတဲ့ သတင်းရပ်ကွက် (၇)ခု အဆိုအရ တရုတ်အစိုးရအနေနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်လုပ်ဆောင်မယ့် ရပ်တည်ချက် ပြောင်းပြီး အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ အစားထိုးဖို့ လိုလားတဲ့ အရိပ်လက္ခဏာတွေပြခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာသုံးသပ် အကဲဖြတ်စစ်ဆေးဖို့ သမ္မတ ဦးထင်ကျော် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်အနေနဲ့လည်း မကြာခင် အစီရင်ခံအပြီးသတ်ထုတ်ပြန်ဖို့ ရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း ဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မြစ်ဆုံဆည်စီမံကိန်းကို တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ မြန်မာအစိုးရ အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ (၆)ရက်ကြာ တရုတ်ခရီးစဉ်အတွင်း တရုတ်ဘက်က အလေးထားဆွေးနွေးမယ့်အကြောင်းအရာတွေထဲ တောင်တရုတ်ပင်လယ် ကိစ္စအဓိကပါဝင်မှာဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇော်က သုံးသပ်ပါတယ်။

“တရုတ်ပြည်က တောင်တရုတ်ပင်လယ်ကိစ္စရှိတယ်လေ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်ကတည်းက တရုတ်နဲ့ အတော်ကို ဆက်သွယ်ရေးကောင်းလားတယ်။ အဲတော့ တရုတ်က ဒီကိစ္စကို ပြတ်သွားအောင်စီစဉ်ချင်ပုံရတယ်။ တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ Code of Conducts (လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ) ကို မေလမှာ အပြီးသတ်လက်မှတ်ထိုးနိုင်အောင် တရုတ်က ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်။ အဲဒီအတွက်လည်း မြန်မာသမ္မတ ဦးထင်ကျော်ကို ဖိတ်ပုံရတယ်။”

သမ္မတ ဦးထင်ကျော်ရဲ့ အခုခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် တို့လိုက်ပါသွားခဲ့ပါတယ်။ ခရီးစဉ်အတွင်း ရှီယန်း၊ စီချွမ်နဲ့ ယူနန်ပြည်နယ်အပါအဝင်၊ ရှန်ဟိုင်းနဲ့ ကွမ်ကျိုးတို့အပြင် မြို့တော် ဘေကျင်းမှာတော့ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့ သမ္မတဦးထင်ကျော်တွေ့ဆုံမှာဖြစ်ပါတယ်။

ဧပြီလ (၁၀) ရက်နေ့မှာ သမ္မတဦးထင်ကျော်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတို့သဘောတူလက်မှတ်ရေးထိုးပွဲရှိတဲ့အပြင် ပူးတွဲ သတင်းစာရှင်းလင်းပွဲကိုလည်း တရုတ်ပြည်သူ့ခန်းမဆောင်မှာ ကျင်းပဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG