သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွန်ငွေ တန်ဖိုးကျဆင်း


တရုတ်ယွမ်နှင့် ဒေါ်လာ။
တရုတ်ယွမ်နှင့် ဒေါ်လာ။

ဒေါ်လာတန်ဖိုးနဲ့ လဲလှယ်တဲ့ တရုတ်ယွမ်ငွေ တန်ဖိုး တနင်္လာနေ့က တက်ခဲ့ပေမဲ့ ဒီကနေ့ အင်္ဂါနေ့မှာ နည်းနည်းလေး ပြန်ကျပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ယွမ်ငွေတန်ဖိုးကို ငွေကြေးဈေးကွက်ထဲမှာ တန်ဖိုးတက်နေအောင်လို့ တရုတ်အစိုးရက ပြုသာပြင်သာ လုပ်နိုင်အောင် ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေတန်ဖိုး တဖြည်းဖြည်းနဲ့သာ တက်အောင်လို့ တရုတ်က ဈေးနှုန်းကို ဘောင်နဲ့ သတ်မှတ်ပေးထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ ဈေးနှုန်းပြန်ကျရတာဟာ တရုတ်အစိုးရရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ တချို့ သုံးသပ်သူတွေက ပြောပါတယ်။ ပြောင်းသာ ပြင်သာ ဖြစ်သွားတဲ့ ငွေကြေးဟာ တက်နိုင် ကျနိုင်တယ် ဆိုတာကို တရုတ်က ပြချင်လို့ လုပ်တာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောနေတာပါ။

ကမ္ဘာ့ဈေးကွက်ထဲမှာ တရုတ်ကုန်ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်အောင် ငွေကြေးဈေးကွက်မှာ ယွမ်ငွေတန်ဖိုးကို တရုတ်က တမင်ချထားခဲ့တာဆိုပြီး တရုတ်အပေါ် ဟိုးအရင်တည်းက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒီဝေဖန်မှုတွေကို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပယ်ချပြီး ဝေဖန်နေကြသူတွေ အနေနဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် ကောင်းမွန်လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG