သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ပဋိပက္ခ တရုတ်က ကန်ကို ပြန်အပြစ်ဖို့


တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo

တောင်တရုတ်ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေပေါ်မှာ တရုတ်နိုင်ငံ အနေနဲ့ စစ်ရေးအရ စိန်ခေါ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ကိုယ့်ဘာသာ အထီးကျန်ဖြစ်အောင် တံတိုင်းခတ်သလို ဖြစ်သွားစေနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ စနေနေ့က ပြောဆိုချက်ကို အကြီးတန်း တရုတ် စစ်တပ် အရာရှိတဦးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပယ်ချပါတယ်။

တရုတ်တို့ဟာ အရင်တုန်းကလည်း အထီးမကျန်ဘူး၊ အခုလည်း အထီးမကျန်သလို အနာဂတ်မှာလည်း အထီးကျန် ဖြစ်မှာ မဟုတ်ဘူးလို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Sun Jianguo က တုံ့ပြန်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter က တရုတ်တို့ဟာ ကိုယ့်ဘာသာ အထီးကျန်ဖြစ်စေဖို့ တံတိုင်းခတ်နေတယ်လို့ သတိပေးပြောကြားလိုက်တာက အရှိုက်ထိသွားစေတယ်လို့လည်း Australian National University အမျိုးသား လုံခြုံရေး ကောလိပ်ရဲ့ အကြီးအကဲ ပါမောက္ခ Rory Medcalf က ပြောပါတယ်။ ပါမောက္ခ Medcalf က ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ မှတ်ချက်စကားကို နားထောင်းဖို့ အခန်းထဲမှာ ကိုယ်တိုင် ရှိနေခဲ့သူပါ။ ရေတပ်ဗိုလ်ချုပ်ကြီး Sun က တရုတ်တို့ဟာ အထီးကျန် ဖြစ်မနေဘူးလို့ ခုခံပြောဆိုခဲ့ပေမယ့် အခန်းထဲမှာရှိတဲ့ နိုင်ငံတွေက လူတွေက တရုတ်ရဲ့ လုံခြုံရေးဆိုင်ရာ အပြုအမူတွေ အပေါ် စိုးရိမ်မကင်း မေးခွန်းထုတ်ခဲ့ကြတာကို ကြည့်မယ်ဆိုရင်တော့ အတော်လေး ကွဲလွဲနေတာကို တွေ့ရတယ်လို့ ပါမောက္ခ Medcalf က ပြောပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဌာနချုပ်ရဲ့ ဒုတိယ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Sun က ဒေသတွင်း ရေပြင်နယ်နိမိတ်ဆိုင်ရာ တင်းမာမှုတွေ အတွက် အမေရိကန် ပြည်ထောင်စုအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန် စစ်တပ်ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ကျင့်သုံး ဆောင်ရွက်ချက်တွေ၊ နောက် တရုတ်နိုင်ငံနဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားနေတဲ့ ဒေသတွင်းက နိုင်ငံတွေကို အမေရိကန် အစိုးရက ထောက်ခံနေတာကိုလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်မှု မရှိတဲ့ စစ်အေးခတ် စရိုတ်တွေကို ဆက်လက် ကျင့်သုံးနေတဲ့ နိုင်ငံတွေ အနေနဲ့လည်း ကိုယ့်အကျိုးစီးပွားတခုတည်း အတွက် ဖျက်လိုဖျက်စီး မလုပ်သင့်ဘူးလို့လည်း တရုတ် ရေတပ်ဗိုလ်ချုပ်ကြီး ဆွန်းက ပြောဆိုခဲ့ပြီး တရုတ်ကို ဘယ်သူမှ လက်ညှှိုးထိုး ပြစ်တင် ပြောဆိုပိုင်ခွင့် မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG