သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင် တွင်း တရုတ် ဒုံးလက်နက် ချထား


Woody ကျွန်းပေါ်က တရုတ် ဒုံးပစ်စင်တွေ
Woody ကျွန်းပေါ်က တရုတ် ဒုံးပစ်စင်တွေ

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်က သူပိုင်တယ်လို့ဆိုတဲ့ အငြင်းပွားဖွယ် ကျွန်းစု နေရာတခုမှာ မြေပြင်ကနေ ဝေဟင်ပစ် အဆင့်မြင့် ဒုံးလက်စနစ်တရပ်ကို တရုတ် ဘက်က တပ်ဆင်ချထားလိုက်ပါတယ်။

ဒါဟာ တရုတ်နဲ့ သူ့ အိမ်နီးချင်းနိုင်ငံတွေအကြား တင်းမာမှုတွေ ပိုတိုးလာမယ့် အခြေအနေတရပ်ဖြစ်လာဖွယ်ရှိနေပါတယ်။ Paracel ကျွန်းစု တန်းပေါ်မှာတည်ရှိတဲ့ Woody ကျွန်းပေါ်မှာ တရုတ်ဘက်က ဒုံးပစ်စင်တွေ တင်ဆင်ထားလိုက်တာဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည် ၈ စင်းပါ ဒုံးပစ်စင် နှစ်ခုနဲ့ ရေဒါစနစ ်တရပ်ကို အဲဒီ ကျွန်းစပ်မှာ တင်ဆင်ထားတာကို အရပ်ဖက်ဆက်သွယ်ရေး ဂြိုလ်တုတလုံးကနေ ဓါတ်ပုံရယူထားနိုင်ပြီး၊ အဲဒီပုံကို အမေရိကန် Fox သတင်းဌာနက အရင်ဆုံး ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ ဒီသတင်းကို တစုံတရာ အတည်ပြုတာ ငြင်းဆန်တာမလုပ်ပဲ၊ အခုလို ဒုံးကျည်တွေ တင်ဆင်လိုက်တယ်ဆိုတဲ့သတင်းဟာ အနောက်နိုင်ငံမီဒီယာအချို့ရဲ့ ဖန်တီးရေးသားမှုဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လှုပ်ရှားဆောင်ရွက်မှုတွေအားလုံးဟာ နိုင်ငံတကာနဲ့အများပြည်သူအကျိုးအတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ပတ်ဝန်းကျင်ရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေ အရေးပေါ် ကယ်ဆယ်ကူညီရေးအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပြင်ဆင်ဆောင်ရွက်မှုတွေဖြစ်တယ်လို့ တရုတ်ဖက်က တုန့်ပြန်ထားပါတယ်။

ဒါပေမယ့်လို့လည်း အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်စစ်ဒေသ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကတော့၊ အခုလို ဒုံးစနစ် တပ်ဆင်မှုဟာ တောင်တရုပ်ပင်လယ်ပြင်အတွင်း စစ်ရေးတည်ဆောက်မှုဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တချိန်တည်းမှာတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပိုင်နက်အငြင်းပွားမှုတွေအပေါ် တင်းမာမှုတွေကို လျှော့ချနိုင်ရေးအတွက် အခိုင်အမာ ခြေလှမ်းလှမ်း ဆောင်ရွက်သွားကြဖို့ သမတအိုဘားမားက အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ တောင်-တရုတ် ပင်လယ်ပြင်အတွင်း ထိုင်ဝမ် ၊ဗီယက်နမ် ၊ဖီလစ်ပိုင်၊ မလေးရှား ၊ဘရူးနိုင်းနိုင်ငံတို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတာကြောင့် ဒေသတွင်း တင်းမာမှုတွေ ရှိလာနေတာပါ။

XS
SM
MD
LG