သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ် တိုက်ပွဲရပ်ဖို့ တရုတ် တောင်းဆို


တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang

တရုတ် မြန်မာ နယ်စပ်အနီး တိုက်ခိုက်နေတာတွေကို ရပ်စဲကြဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း အပါအဝင် ဒေသတွင်းက အစိုးရ လုံခြုံရေး တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့မှု တရုတ်နိုင်ငံဘက်ခြမ်းမှာ တရုတ်နိုင်ငံသား တဦး ထိခိုက်ဒဏ်ရာ ရတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။ တရုတ်ရဲ့ အချုပ်အချာအာဏာနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေကို ထိပါးမှု မရှိစေရေး အတွက်လည်း တရုတ်ဘက်က တောင်းဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နယ်စပ် အနီး မြန်မာဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ တပ်မတော်မကြား တိုက်ပွဲတွေ ရပ်စဲဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုတာ ဖြစ်ပါတယ်။

“တရုတ်နယ်စပ် အနီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ နိုဝင်ဘာလ ၂၀ ရက်နေ့တုန်းက မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရ စစ်တပ် အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ နေရာတွေကနေ ကျည်တွေ တရုတ်ဘက်ကို ကျရောက်ပြီး တရုတ်နိုင်ငံသား တဦး လက်မောင်းမှာ ဒဏ်ရာရပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို အကာအကွယ်ပေးဖို့ အတွက် နယ်စပ် လုံခြုံရေးကို တင်းကြပ်သွားမှာ ဖြစ်ပြီး မြန်မာဘက်ကိုလည်း အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံသားတွေကိုလည်း သတိနဲ့ နေထိုင်ကြဖို့၊ စစ်ရေး ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေကို ခရီးမသွားကြဖို့ကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။”

ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေဟာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (KIA)၊ ဖုန်ကြားရှင်ရဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်း ပလောင်တပ်ဖွဲ့ (TNLA) တို့ ပူးပေါင်းပြီး တိုက်ခိုက်တာလို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ ဘက်ကတော့ ဒီသုံးဖွဲ့တင် မဟုတ်ဘဲ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) ပါ ပါဝင်ပြီး လက်နက်ကိုင် လေးဖွဲ့ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့တော့ အခြေအနေတွေကို ထိန်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

“ဒီအခြေအနေကို တရုတ်ဘက်က အနီးကပ် အာရုံစိုက် စောင့်ကြည့်နေမှာ ဖြစ်ပြီး မြန်မာ အစိုးရနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေမှာပါ။ နှက်ဘက်စလုံးတို့က အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းဖို့၊ တင်းမာမှုတွေ တကျော့ပြန် မဖြစ်အောင် ကာကွယ်ဖို့၊ စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက်တွေကို ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ နယ်စပ်ဒေသ ပြန်လည် တည်ငြိမ်ရေး အတွက် လက်တွေ့ဆောင်ရွက်ဖို့၊ နောက် တရုတ်ရဲ့ အချုပ်အချာအာဏာကို ထိပါးနိုင်တဲ့၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ် ဖြစ်စေနိုင်မယ့် အခြေအနေတွေကို နှစ်ဘက်စလုံးက ရှောင်ရှားနိုင်မယ်လို့ တရုတ်ဘက်က ခိုင်ခိုင်မာမာ မျှော်လင့်ထားပါတယ်။”

ရှမ်းပြည်နယ် အတွင်း တိုက်ပွဲတွေကတော့ ဖြစ်နေဆဲပါ။ မူဆယ်မြို့နယ် ပန်ဆိုင်း နယ်မြေ ရဲစခန်းကို လက်နက်ကိုင် ၁၀၀ လောက် ဝင်တိုက်ပြီး၊ နမ္မတူ - ဘော်တွင်းသွား ကားလမ်းပေါ်က တံတားတစင်း ပေါက်ကွဲမှု ဖြစ် ပျက်စီးတာကြောင့် သွားလာမရ ဖြစ်ခဲ့ပါတယ်။ မနေ့က တိုက်ခိုက်မှုတွေကြောင့် ပိတ်နေခဲ့တဲ့ မူဆယ် ပြည်ထောင်စု လမ်းမကြီးကတော့ ဒီကနေ့ ပုံမှန်သွားနိုင်ပြီလို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG