သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton နောက်ဆက်တွဲအီးမေးလ် စုံစမ်းမှု ဂယက်


Democratic သမ္မတလောင်း Hillary Clinton
Democratic သမ္မတလောင်း Hillary Clinton

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပါတ်ပဲ လိုတော့ချိန်မှာ Democratic သမ္မတလောင်း Hillary Clinton ရဲ့ Email နဲ့ပတ်သက်လို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ FBI ကပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပြီးနောက် ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်သမ္မတ Barack Obama ကတော့ ဗဟိုအစိုးရ စုံစမ်းရေးဗြူရို FBI အနေနဲ့ သမ္မတရွေးကောက်ပွဲတွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်တာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ သမ္မတလောင်း Clinton ရဲ့ Email ကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ဒီမိုကရက်သမ္မတလောင်း Hillary Clinton နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့စဉ်က အလုပ် Email တွေကို ကိုယ်ပိုင် Email server ကိုသုံးပြီး ပေးပို့လက်ခံခဲ့တဲ့ကိစ္စက အခုတခေါက် သမ္မတရွေးကောက်ပွဲမှာ ပြောစရာ ထောက်ပြစရာကိစ္စကြီးတခုအဖြစ် ရှိနေတာပါ။ အမေရိကန်နဲ့သက်ဆိုင်တဲ့ ထိပ်တန်းလှို့ဝှက် Email တွေကို ပုဂ္ဂိုလ်ရေးသုံး Email account နဲ့အသုံးပြုခဲ့တာနဲ့ပါတ်သက်လို့ FBI ကအသေးစိတ် စုံစမ်းခဲ့ပြီးနောက် July လတုန်းကပဲ Mrs. Clinton အပေါ် ရာဇဝတ်မှုနဲ့ တရားစွဲရလောက်အောင် အချက်အလက်တွေ မတေ့ွခဲ့ရဘူးလို့ FBI ညွှန်ကြားရေးမှူး James Comey က ကြေညာခဲ့တာပါ။ ဒါပေမဲ့ အောက်တိုဘာလ ၂၈ ရက်နေ့တုန်းကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ နောက်ထပ် Email တွေကို တေ့ွရှိထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ FBI ကပြောကြားခဲ့တာဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သီတင်းတပါတ်ကျော်ပဲ လိုတော့ချိန် တချို့မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနေကြချိန်မှာ သမ္မတလောင်းတယောက်နဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့အတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေအပေါ်မှာ ဂယက်ရိုက်ခတ်မှုတွေရှိနေပါတယ်။ ဒီလိုအခြေအနေမှာ FBI ညွှန်ကြားရေးမှူး James Comey ရဲ့ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲကို ထိခိုက်အောင် လုပ်တာမဟုတ်ဘူးလို့ သမ္မတ Barack Obama ကယုံကြည်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

“FBI ညွှန်ကြားရေးမှူးရဲ့ သိက္ခာသမာဓိအပေါ် သမ္မတရဲ့ အကဲဖြတ်ချက်က မပြောင်းလဲပါဘူး။ ညွှန်ကြားရေးမှူး Comey အနေနဲ့ ရွေးကောက်ပွဲရလာဒ် အပေါ် သက်ရောက်မှုရှိအောင် တမင်ရည်ရွယ်လုပ်ခဲ့တယ်လို့ သမ္မတက မယုံကြည်ပါဘူး။ သမ္မတလောင်းတယောက်အကျိုးရှိစေဖို့ လှို့ဝှက် မဟာဗြူဟာချပြီးလုပ်တယ်လို့လည်း သမ္မတက မယုံကြည်ပါဘူး။ သူ့အနေနဲ့လည်း ကျဉ်းထဲ ကြပ်ထဲရောက်နေပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေရဲ့ ဘက်ပေါင်းစုံက အရေးပါတဲ့ ထောက်ပြဝေဖန်မှုတာခံနေရတဲ့ သူ့လုပ်ရပ်အတွက် သူကိုယ်တိုင်ကပဲ ကာကွယ် ရှင်းပြရမှာဖြစ်ပါတယ်။ ထောက်ပြဝေဖန်နေကြသူတွေထဲမှာ အခုလက်ရှိရော အရင် Republican သမ္မတလက်ထက်ထဲကပါ တရားရေးဌာနရဲ့ အကြီးတန်းရာထူးတွေက ရထားကြသူတွေပါပါတယ်။”

တနင်္လာနေ့က အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ပြောခွင့်ရသူ Josh Earnest ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလို ဒီမိုကရက်သမ္မတလောင်း Hillary Clinton ရဲ့ Email ပြဿနာတခါပြန်ပေါ်လာရတဲ့အကြောင်းကတော့ Mrs. Clinton ရဲ့အနီးကပ် အကြံပေးတယောက်ဖြစ်တဲ့ Huma Abedin ရဲ့ခင်ပွန်းဟောင်း အောက်လွှတ်တော်အမတ်ဟောင်း Anthony Weiner ကြောင့်ဖြစ်ပါတယ်။ လွှတ်တော်အမတ်ဟောင်း Weiner က ဆယ်ကျော်သက် မိန်းကလေးတယောက်ကို ဥပဒေချိုးဖောက်ရာရောက်တဲ့ Email တွေပို့ခဲ့တယ်ဆိုတဲ့ကိစ္စကို FBI က စုံစမ်းစစ်ဆေးရာကနေ သူနဲ့ သူ့ရဲ့ဇနီးဟောင်း Huma Abedin တို့သုံးခဲ့ကြတဲ့ Laptop computer ထဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ရဲ့ကိုယ်ရေးသုံး Email server ကနေပေးပို့ထားတဲ့ Email တွေကို ထပ်တေ့ွရှိခဲ့တာဖြစ်ပါတယ်။ Email ပေါင်း ၆ သိန်းခွဲထဲမှာ ထိပ်တန်းလှို့ဝှက်ချက်တွေ ပါနေသလားဆိုတာကို စုံစမ်းနိုင်ဖို့ FBI က ရှာဖွေရေးဝရမ်းထုတ်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။ စုံစမ်းနေတဲ့ Email တွေနဲ့ပါတ်သက်လို့ မဲဆန္ဒရှင်တွေ ပိုပြီးသိရအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest ကတော့ ထုတ်ပြန်သင့် မသင့်ဆိုတာက FBI နဲ့ တရားရေးဌာနတို့ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ Email နဲ့ပါတ်သက်လို့ နောက်ထပ်သတင်း ထုတ်ပြန်ပါလို့ အိမ်ဖြူတော်အနေနဲ့ အကြံပြုလို့မရပါဘူး၊ FBI နဲ့ တရားရေးဌာနအနေနဲ့ ဖွဲ့စည်းပုံအရပေးထားတဲ့ သူတို့ရဲ့တာဝန်ဝတ္တရားနဲ့အညီ ဒီဆုံးဖြတ်ချက်ကို ချဖို့ အရေးကြီးပါတယ်။ FBI နဲ့ တရားရေးဌာတို့က တာဝန်ရှိသူတွေဆီမှာ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးကိစ္စတွေအထိ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးနိုင်ခွင့်ဆိုတဲ့ ကြီးလေးတဲ့ လုပ်ပိုင်ခွင့်တွေရှိပါတယ်။”

ခုလို FBI ကပြန်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာနဲ့ပါတ်သက်လို့ သမ္မတလောင်း Clinton ကတော့ ဘာမှပြဿနာရှိမှာ မဟုတ်ဘူးလို့ သမ္မတအနိုင်အရှုံး အဆုံးအဖြတ်အတွက် အကြိတ်အနိုင် ပြိုင်ဆိုင်ရမယ့် Ohio ပြည်နယ်က မဲဆွယ်ပွဲတခုမှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

“ကျွန်မ ဝန်ထမ်းတယောက်ရဲ့ Email တွေကိုသူတို့က စစ်ဆေးချင်ပုံရပါတယ်။ စစ်ဆေးကြည့်လို့ရပါတယ်။ သေချာတာကတော့ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်မရဲ့ Email တွေကို စုံစမ်းစစ်ဆေးပြီးတော့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း အခုတခေါက်လည်း အလားတူ ဆုံးဖြတ်ချက်ဖြစ်မယ်ဆိုတာ ကျွန်မဖက်က သေချာပါတယ်။ ဘာမှ စိတ်ပူစရာ ပြဿနာမရှိပါဘူး။”

ရာဇဝတ်မှုနဲ့ တရားစွဲရလောက်အောင် အချက်အလက်တွေ မတေ့ွခဲ့ရဘူးလို့ FBI က တရားရေးဌာနကို July လက အကြံပြုခဲ့တာကို Mr. Clinton ကရည်ညွှန်းပြောခဲ့တာပါ။ နောက်ထပ်တေ့ွတဲ့ Email တွေကို FBI ကစုံစမ်းနေတာနဲ့ပါတ်သက်လို့ Republican သမ္မတလောင်း Donald Trump အတွက် ထောက်ပြ မဲဆွယ်စရာဖြစ်နေပါတယ်။

“ ခင်ဗျားတို့ကိုပြောရင် ယုံတောင် ယုံမှာ မဟုတ်ပါဘူး FBI ကနောက်ထပ် Email ၆ သိန်းခွဲထပ်တွေ့ပါတယ်။ ၆ သိန်းခွဲဆိုတဲ့ Email တွေကို ဘယ်လိုများရသလဲ။ တကယ့်ကို မြောက်များလှတဲ့ Email တွေလို့ ကျွန်တော်ကတော့ပြောချင်ပါတယ်။ ကျွန်တော့်အထင်တော့ Email အားလုံးကို သူတို့တွေ့သွားပြီထင်တယ်ဗျ။”

သမ္မတရွေးကောက်ပွဲရက်နီးကပ်နေချိန်မှာ ဒီမိုကရက်သမ္မတလောင်းနဲ့ပါတ်သက်လို့ ခုလိုအခြေအနေဖြစ်နေတဲ့အပေါ် မဲဆန္ဒရှင်တွေရဲ့ အမြင်တွေက အမျိုးစုံကွဲနေပါတယ်။ Clinton အပေါ်အမာခံထောက်ခံကြသူတွေကတော့ သူ့ကိုပဲ မဲပေးမယ်လို့ ပြောနေကြပေမဲ့ ဘယ်သမ္မတလောင်းကို မဲပေးမလဲဆိုတာ မဆုံးဖြတ်နိုင်သေးသူတွေကတော့ email ပြဿနာတကြော့ပြန်ပေါ်လာတဲ့အတွက် Clinton ကို မဲပေးဖို့ ပြန်စဉ်းစားစရာဖြစ်လာတယ်လို့ ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG