သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အူမကြီးကင်ဆာအတွက် သတင်းကောင်း


အူမကြီးကင်ဆာဖြစ်လို့ ကုသမှုခံယူထားသူတွေအနေနဲ့ ကျန်းမာအောင် စားသောက်နေထိုင်မယ်ဆိုရင် ရောဂါပြန်ဖြစ်လို့ အသက်ဆုံးရှုံးမှုကို ၄၀% လျော့နည်းစေနိုင်တယ်လို့ သုတေသနသစ်တခုက တွေ့ရှိခဲ့ပါတယ်။

အမေရိကန်တဝန်းက အူမကြီးကင်ဆာ ရောဂါကျွမ်းပြီး အဆင့် ၃ ရောက်နေသူ ၁ ထောင်နီးပါးရဲ့ မှတ်တမ်းအချက်အလက်တွေကို California San Francisco တက္ကသိုလ် UCSF ကသုတေသီတွေက ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့ကြတာပါ။ လေ့လာမှုမှာပါဝင်သူတွေကို ၇ နှစ်ကြာလေ့လာခဲ့ကြပါတယ်။

ခွဲစိတ်ကုသမှုယူထားတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ အစားအသောက်၊ ခန္ဓာကိုယ်အလေးချိန်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့မှတ်တမ်းတွေကို လေ့လာခဲ့ကြပါတယ်။ ကင်ဆာရောဂါပပျောက်ရေး American Cancer Society အဖွဲ့အစည်းက ညွှန်ကြားထားတဲ့အတိုင်း စားသောက်နေထိုင်ရဲ့လားဆိုတာကိုလည်း စာရင်းယူခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ဝေဒနာရှင် ၉% ကပဲ ညွှန်ကြားထားတဲ့အတိုင်း စားသောက် နေထိုင် လေ့ကျင့်ခန်းလုပ်ကြတာတေ့ွရပါတယ်။

အဲဒီလိုလိုက်နာနေထိုင်သူတွေက မလိုက်နာသူတွေထက် ရောဂါပြန်ဖြစ်မှုနှုန်း ၃၁% နည်းသလို သေဆုံးနိုင်ခြေ ၄၂% ပိုနည်းတာကို တေ့ွခဲ့ကြပါတယ်။ လေ့လာခဲ့တဲ့ ခွဲစိတ်မှုခံယူထားသူ အူမကြီးကင်ဆာဝေဒနာရှင် ၁ ထောင်နီးပါးထဲက ၃၅၅ ယောက်မှာ ခွဲစိတ်ကုသခဲ့ပေမဲ့ ရောဂါပြန်ဖြစ်တာတေ့ွခဲ့ရပြီး ၂၅၆ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

အမေရိကန်က ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီးတွေရဲ့ ညီလာခံမတိုင်ခင်မှာ ခုလိုလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ အူမကြီးကင်ဆာဖြစ်နေသူ ၁ သန်း လောက်ရှိတယ်လို့ စာရင်းတွေအရသိရပါတယ်။ အမေရိကန်မှာ ကင်ဆာကြောင့်သေဆုံးရသူတွေထဲမှာ အူမကြီးကင်ဆာကြောင့် သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပါတယ်။

အူမကြီးကင်ဆာအတွက် သတင်းကောင်း
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG