သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် တိုက်ပွဲပြင်းထန်


ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA N တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ - SSPP/SSA North
ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA N တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ - SSPP/SSA North

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆို နေတဲ့ တချိန်ထဲမှာဘဲ ကာလအတန်ကြာ တိုက်ပွဲ ရပ်တန့်နေ တဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းဖက်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေပါတယ်။

အခုဖြစ်တဲ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှု များပြားနေသလို တပ်မတော် ဘက်က လေကြောင်းအကူနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည် တပ်မတော်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီတိုက်ပွဲ ကြောင့် ဒေသခံ ရွာသား အများအပြားဟာလဲ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ပြည်ထာင်စု အဆင့် အပစ်ခတ်ရပ်စဲထားတဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နဲ့ မြန်မာ့တပ်မတော် တို့အကြား ကျောက်မဲမြို့နယ် ပုံဝိုးရွာအနီးမှာ မနေ့က တကျော့ပြန် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော် ဘက်က လေကြောင်း အကူ သုံးရတဲ့အထိ ဖြစ်ပွါးခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ဘက်က ဗိုလ်မှူးကြီးဖိန်ဖက အခုလိုပြောပါတယ်။

“ဗမာ့ တပ်မတော်က အရာရှိ သုံးဦး၊ ရဲဘော် ၁၅ ဦး ကျဆုံးတယ်လို့ ကြားရပါတယ်။ အခုက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်အခါမှာ ဒီလိုတော့ မဖြစ်သင့်ဘူးပေါ့။ ”

အခုဖြစ်ပွားတဲ့ တိုက်ပွဲမှာ မြန်မာ့တပ်မတော် ဘက်က ထိခိုက်မှု များပြားသလို မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်က (၃)ဦးထက်မနဲ ထိခိုက်ကျဆုံးမှု ရှိနေတယ်လို့ ဒေသတွင်းမှာသတင်းပေါ်ထွက်နေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့နယ် အနောက်ဖက် ပုံဝိုး - ဟိုင်းကွီကျေးရွာ အုပ်စု ပန်လော့၊ နမ့်ဝိုင်၊ အက်ကြီး၊ ဟိုမိန်းနဲ့ နောင်ကန်ကျေးရွာ အနီးက တောင်တန်း တောင်ကုန်းအပေါ် အခြေချထားတဲ့ SSPP တပ်စခန်း တွေကို မေလ(၁၃)ရက်နေ့မှာ လေကြောင်းနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် ပုံဝိုးရွာ နဲ့အနီးနားရွာက ဒေသခံရွာသားအများ အပြားဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်သူ ခန့်မှန်းခြေ (၃၅၀)ကျော် ရောက်ရှိနေတယ်လို့ ဇီဝိတ လူမှုကူညီရေးအသင်းခေါင်းဆောင် ဦးတင်မောင်သိန်းက ဆိုပါတယ်။

“တပ်မတော်နဲ့ SSPP/SSA ပေါ့၊ အဲဒီအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဲဒီနေ့မှာပဲ ကျောက်မဲနဲ ၁၃မိုင်၊ ၁၅မိုင်လောက်ဝေးတဲ့ တုံအော်၊ မန်စီ ရွာတွေကို ဝင်လာပါတယ်။ ရပ်ဆွေ ရပ်မျိုး အိမ်တွေမှာလဲ သွားနေကြတယ်။ မနေ့ကလဲ ဝင်လာလို့ မနေ့ကလည်း ကူညီထောက်ပံ့မှုတွေ သွားလုပ်ပါတယ်။ မနေ့က အောင်ဓမ္မာရုံဆိုတဲ့ ဓမ္မာရုံမှာ စစ်ဘေးရှောင် စခန်းဖွင့်တော့ ၁၆၂ဦး ရှိပါတယ်။ အဲဒီလိုပဲ ရပ်ရွာထဲမှာပဲ နေကြတဲ့ စစ်ဘေးရှောင်တွေကလဲ ၁၀၀ကျော်လောက် ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ မြင်တာကတော့ ၃၀၀နဲ့ အထက်တော့ ရှိတယ်လို့ အကြမ်းဖျင်း မှန်းလို့ ရတယ်။ ခုလဲ ထပ်ရောက်နေတယ် ကြားတယ်ဗျ။ မငြိမ်သေးဘူးပေါ့နော်။ ”

အခုလို မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းကို မြန်မာ့တပ်မတော် ကနေ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSAကနေ အခြေပြုတပ်စွဲထားတဲ့ တန့်ယန်းမြို့နယ်ထဲက လွယ်စေး၊ လွယ်လန်း တောင်ကြော တပ်စခမ်းကို မေလ(၆)ရက်နေ့နဲ့(၁၂)ရက်နေ့မှာ ဒေသခံ မြန်မာ့တပ်မတော်ကိုယ် စားလှယ်တွေနဲ့ SSPP ကိုယ်စားလှယ်တို့ ပူးတွဲကွင်းဆင်းစစ်ဆေးရေး လုပ်ဆောင်ခဲ့အပြီးမှာ ရှမ်းပြည်မြောက်ပိုင်း ဒေသဘက်မှာ တိုက်ပွဲ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ အစိုးရနဲ့ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲထားတာဖြစ်ပြီး NCA အပစ်ရပ် စာချုပ် လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ TNLA တအာင်းပလောင်တပ်ဖွဲ့၊ ရခိုင့်တပ်မတော် AA၊ ကိုးကန့် တပ်ဖွဲ့တို့ဟာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာ့တပ်မတော်အနေနဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ၅နှစ်အတွင်း ပြည်တွင်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းထားပြီးသားဖြစ်တယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒီလိုပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်နိုင်ဖို့လိုတယ်လို့လဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ရှူ့မြင်နေကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အပစ် အခတ် ရပ်စဲရေးပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်မှာ ဖြစ်သလို ဒီ အပစ်အခတ်ရပ်စဲရေး အတွက် ပါဝင်သင့်တဲ့ အဖွဲ့အစည်းများ ပါဝင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရှမ်းမြောက် တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG