သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ခွဲထွက်အဖွဲ့ စစ်မှုထမ်းဖိတ်ခေါ်မှုအပေါ် မွန်လူငယ်တွေအမြင်


New Mon State Party
New Mon State Party

အရွယ်ရောက်လူငယ်တိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးလိုက်တဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ဒီအပေါ် တုံ့ပြန်တာတွေ ရှိလာကြပါတယ်။ မွန်ပြည်နယ်မှာဆိုရင် မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့က ဒေသတွင်း လူမျိုးဘာသာမရွေး စစ်မှုထမ်းဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအပေါ် မွန်ဒေသခံနဲ့ မွန်လူငယ်တွေရဲ့အမြင် ဘယ်လိုရှိပါသလဲ၊ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့တာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ တနိုင်ငံလုံးရိုက်ခတ်မှုကြီးနေချိန်မှာပဲ မွန်ပြည်နယ်အတွင်းမှာ နွေဦးတော်လှန်ရေးနဲ့ပူးပေါင်းမယ်ဆိုတဲ့ မွန်ပြည်သစ်ခွဲထွက်အဖွဲ့ - မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကနေ သူတို့ဆီမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း မွန်အမျိုးသား အကျိုးလိုလားသူမှန်သမျှ စစ်မှုထမ်းနိုင်တယ်ဆိုပြီး ကြေညာဖိတ်ခေါ်ပါတယ်။ စစ်ကောင်စီက ကျင့်သုံးမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံ အခြားဒေသတွေနည်းတူပဲ မွန်ပြည်နယ်အတွင်းမှာလည်း လူငယ်တချို့ ပြည်ပကို တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ ထွက်ခွာမှုနေကြတယ်လို့ သိရပါတယ်။ အခုလိုအချိန် မွန်ခွဲထွက်အဖွဲ့က တပ်သားသစ်ခေါ်ယူစုဆောင်းတဲ့အပေါ်ထောက်ခံတယ်လို့ မွန်အမျိုးသားလူငယ်တဦးက VOA ကို ပြောပါတယ်။

“အခု ဒီစစ်ကောင်စီကနေ ထုတ်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့်ပေါ့နော်၊ မွန်မှာဆိုရင် အများကြီးပြေးထွက်သွားတာရှိတယ်။ ဒါပေမယ့် တနည်းတဖုံအနေနဲ့ပေါ့နော်၊ ထိုင်းကိုသွားလို့မရတဲ့လူငယ်တွေရယ်၊ ဒီမှာရှိတဲ့လူငယ်တွေကျတော့ ကျနော်တို့အနေနဲ့ကျတော့ အားပေးတယ်။ အဲ့ထဲကို ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးထမ်းဆောင်တာက အမြဲတမ်းလက်နက်ကိုင်အနေနဲ့ ကိုင်ရတာတော့ မဟုတ်ဘူး။ ဒါက စိတ်အားထက်သန်ရာတော့ နေရာချပေးမှုရှိတယ်လို့ ကျနော်တို့ယုံကြည်တာပေ့ါနော်။ ဆိုတော့ သေနတ်မကိုင်ချင်တဲ့ လူတွေအတွက်လည်း တခြားသောကဏ္ဍတွေမှာ ဝင်ရောက်ပြီးတော့ ပူးပေါင်းလို့ရတယ်။”

စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကျင့်သုံးချိန်မှာ အခုလိုဖိတ်ခေါ်မှုကြောင့် အခွင့်အလမ်းဆုံးရှုံးနစ်နာ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် ရွေးချယ်စရာလမ်းကြောင်းတခု ဖြစ်စေတယ်လို့ နောက်ထပ် မွန်အမျိုးသား လူငယ်တဦးက ပြောပါတယ်။

“ကျနော်အမြင်ကတော့ ကောင်းတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေကြောင့် တချို့ဘယ်မှသွားစရာလမ်းမရှိဘူး၊ လမ်းပျောက်နေတာကနေလမ်းကြောင်းတခုရသွားစေတယ်ပေါ့နော်။ မွန်လူငယ်တွေအတွက်တော့ ရွေးချယ်ဖို့ လမ်းကြောင်းတခုရသွားတာပေါ့။ ဒီလမ်းကြောင်းက ကိုယ့်အတွက်လည်း အကျိုးရှိသလို လူမျိုးအတွက်လည်း အကျိုးရှိလိမ်မယ်လို့ကျနော်မြင်တယ်။” ဆိုပြီး မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။

မွန်အမျိုးသမီးလူငယ်တဦးကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ လူငယ်တွေ ဝိုင်းတွန်းရမယ်လို့ ယုံကြည်တဲ့အကြောင်း အခုလို မွန်ခွဲထွက်အဖွဲ့က စစ်သားစုဆောင်းတဲ့အပေါ် သူ့အမြင်အခုလို ပြောပါတယ်။

“ဘယ်သူက ကိုယ်ဘာအရည်အချင်းရှိလဲ၊ ကိုယ်ဘာတွေ ထောက်ပံ့ပေးနိုင်တဲ့အပေါ် မူတည်ပြီးတော့မှ အားဖြည့်သွားကြရင်တော့ ဒါသည် ငါတို့ မျှော်မှန်းထားတဲ့ လွတ်လပ်ခြင်းပေါ့နော်။ လွတ်လပ်ခြင်း၊ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခြင်းတွေက မျှော်လင့်ထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီတွေကို မြန်မြန်ရောက်နိုင်မှာပေါ့နော်။ အားလုံးပြိုင်တူတွန်းမယ်ဆိုရင် မြန်မြန်ရောက်မယ်လို့လည်း ယုံကြည်ပါတယ်။”

နောက်ထပ် မွန်အမျိုးသမီးတဦးကတော့ စစ်သားစုဆောင်းမှုတွေမှာ အတင်းအကျပ်ခေါ်ယူတာမဟုတ်ဘဲ ဆန္ဒရှိလို့ ဝင်ရောက်တာမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ အခု မွန်ပြည်သစ်ပါတီက သူတို့ အဲ့လိုဖိတ်ခေါ်တဲ့ကျတော့လည်း ကောင်းပါတယ်။ ဒါပေမယ့် အတင်းအကျပ်ကြီးမခေါ်စေချင်ဘူးပေါ့နော်။ ဝင်မယ့်သူတွေဆန္ဒရှိမှပဲ ခေါ်စေချင်တာ၊ အဲ့တမျိုးတော့ ရှိပါတယ်။ တကယ်လို့လူငယ်များများတော့ စိတ်ဝင်စားမှုရှိတယ်၊ ဝင်ရင်တော့လည်း ကောင်းတယ်၊ ပိုပြီးတော့လေ မျှော်လင့်ချက်ရတာပေါ့နော် အားပေးပါတယ်လို့။”

သေနတ်ကိုင်ပြီး စစ်တိုက်ချင်တဲ့သူရှိသလို စစ်မတိုက်ချင်တဲ့ လူငယ်တွေလည်း ရှိနိုင်တာမို့ အားလုံးကိုကြိုဆိုပြီး သူတို့ အားသန်ရာနေရာမှာချပေးဖို့ လိုအပ်တယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

“တချို့ တိုက်မယ်ဆိုတဲ့လူငယ်တွေကျတော့ သင်တန်းပေးလိုက်တယ်၊ သေနတ်ပေးတယ်၊ တိုက်မယ် ဘာညာကျတော့ ပြဿနာမရှိဘူး။ တချို့တွေက စစ်ထဲမဝင်ချင်ဘူး။ မတိုက်ချင်ဘူး-ဆိုတဲ့လူတွေအတွက်တော့ မွန်ခွဲထွက်အနေနဲ့ သူက ဘာစီစဉ်ပေးမလဲဆိုတဲ့ဟာကို ပြောဖို့လိုမယ်။ အဲ့တော့ မတိုက်ချင်ဘူး၊ supporting အနေနဲ့ ထမင်းချက်မလား၊ ဘာလုပ်ပေးမလဲပေါ့နော်၊ အနောက်တန်းနေရာမှာ supporting အများကြီးလိုတာကို။ အဲ့ဒီနေရာမှာလည်း စစ်မတိုက်ချင်တဲ့ လူငယ်အတွက်လည်း ကြိုဆိုတယ်။ လာခဲ့ပါ အဲ့လိုမျိုး ဖိတ်ခေါ်ဖို့လိုတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒါမှာပဲ လူငယ်ပေါင်းစုံပေါ့နော် ပူးပေါင်းပါဝင်လာပါလိမ့်မယ်ပေါ့နော်။”

ရှမ်းပြည်နယ်အတွင်းမှာတော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ရှိသူအားလုံး ရှမ်းအမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်ဖို့ စစ်မှုထမ်းရမယ်လို့ ရှမ်းတောင်ပိုင်းလက်နက်ကိုင်အဖွဲ့ RCSS/SSA ကလည်း ကြေညာထားပါတယ်။ ဒါပေမယ့် RCSS/SSA ထုတ်ပြန်မှုမှာတော့ မဖြစ်မနေ စစ်မှုထမ်းရမယ့် သဘောဆောင်ပါတယ်။ သူတို့ထုတ်ပြန်ချက်မှာပဲ ပြည်ပကိုရောက်နေသူတွေ စစ်မှုပြန်လာထမ်းဖို့၊ နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ရင် ကျန်ရှိနေတဲ့ နေအိမ်ဥစ္စာတွေကို သိမ်းဆည်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာတော့ KNU ကရင်အမျိုးသားအစည်းအရုံးက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်လိုက်ပြီး လူငယ်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲဖို့ဆိုပြီး တိုက်တွန်းပါတယ်။ နိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အတော်များများကလည်း အတင်းအကြပ် စစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို လက်မခံဖို့နဲ့၊ လူငယ်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ လှုံ့ဆော်နေကြပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်လို့ ကြေညာပြီးကတည်းက လူငယ်အတော် များများဟာ ပြည်ပကို ထွက်ခွာသွားကြပြီး ထွက်ခွာဖို့ ကြိုးစားသူတွေရှိသလိုပဲနီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားဒေသကို ရောက်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG