သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CSO တွေ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်လို


နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

NLD အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့အစည်းတွေ ကို လက်နက်ကိုင်အဖွဲ့တွေနဲ့တန်းတူ ပါဝင်ဆွေးနွေးခွင့် ပေး သင့်သလို၊ လူငယ်အဖွဲ့အစည်းတွေကိုလည်း ပါဝင်လေ့လာခွင့်ပေးသင့်ကြောင်း လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်တွေကပြောပါတယ်။ ဇူလိုင်လအတွင်း ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်မယ်ဆိုရင် ညီလာခံ ဖေါင်းပွ သွားနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က မနေ့က စတင်ကျင်းပတဲ့ ညီလာခံ ပြင်ဆင်ရေး ဆွေးနွေးပွဲ မှာ ပြောကြားသွားတဲ့အပေါ် အခုလို တုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးတင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နေပြည်တော် ဆွေးနွေးပွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နေပြည်တော် ဆွေးနွေးပွဲ

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပြင်ဆင်ရေး ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ ပါဝင်မယ့် အခန်းကဏ္ဍကို ဘာကြောင့်ကန့်သတ်ထားသလဲဆိုတာ အခုလိုပြောသွားပါတယ်။

" တချို့နိုင်ငံတွေမှာဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်ပြီး လုပ်ဆောင်တဲ့ ဟာတွေ ရှိတယ်။ တချို့ကျတော့ မျဉ်းပြိုင်အနေနဲ့ ဖိုရမ်အနေနဲ့ CSO တွေက ပါဝင်ပြီးဆောင်ရွက်တာရှိပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒုတိယနည်းလမ်းကို ကျမတို့ သွားမယ်ဆိုပြီး ဒီလိုစဉ်းစားထားပြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ ဆိုလို့ရှိရင် CSO တွေလည်း တော်တော်လေး များလာပါပြီ။ နောက်ပြီး ဒီCSO တွေပါ ဒီငြိမ်းချမ်းရေးညီလာခံထဲမှာ ထည့်မယ်ဆိုရင် ဒီညီလာခံကြီးဟာ အင်မတန်မှ ဖောင်းပွသွားနိုင်ပါတယ်။ ကျမတို့ ညီလာခံရဲ့ အဓိက လိုအပ်ချက်ကတော့ ထိထိမိမိနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ဟာ CSO ဖိုရမ်တခုကို ထူထောင်မယ်လို့ မူအရ စဉ်းစားထားပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။"

လက်နက်ကိုင်ပဋိပက္ခမှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကိုယ်စားပြု ဖွဲ့စည်း ထားတဲ့ လူထုအခြေပြုအဖွဲ့တွေကို အခုလို အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ ကနေ သီးခြားခွဲထုတ်ပြီး စဉ်းစားခြင်းအားဖြင့် တကယ့်စစ်မှန်တဲ့ လူထုအသံကို ငြိမ်းချမ်းညီလာခံကနေ ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက် ကို ဦးဆောင်နေသူလည်းဖြစ်၊ ကိုယ်တိုင်လည်း နိုင်ငံတကာ အမျိုးသမီး သတ္တိဆုရှင် ရရှိထားတဲ့ မမေစပယ်ဖြူက ဗွီအိုအေကိုပြောပါတယ်။

"CSO တွေဆိုတာ အဲ့လို သီးခြားစဉ်းစားရမယ့်သူတွေကို မဟုတ်ဘူးလို့ ကျမဘက်ကတော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေလိုပဲ CSO တွေရဲ့ အခန်းကဏ္ဍဟာလည်း အတူတူပဲ အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးပွဲတွေ ပဲဖြစ်ဖြစ် ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူထဲက အရပ်ဖက်အဖွဲ့အစည်းတွေကို ချန်လှပ်ထားတဲ့အတွက်ကြောင့် ပြည်သူလိုလားတဲ့အရာကို ထည့်သွင်းဆွေးနွေးတဲ့နေရာမှာ အားနည်းနေတယ်လို့ ကျမတို့က သုံးသပ်တယ်ပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားတဲ့အထဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဖက်အဖွဲ့တွေ ကို ဖိုရမ်အနေနဲ့သပ်သပ်ထားမယ်ဆိုတဲ့ မူဟာ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ လက်ရှိ အရပ်အဖက် အဖွဲ့အစည်းတွေ က ဖိုရမ်ဖွဲ့ပြီးဆောင်ရွက်နေတဲ့အပေါ်မှာ နားလည်မှု ရှုပ်ထွေးစေကြောင်း မြန်မာ လူငယ်ဖိုရမ် ဦးဆောင်ကော်မတီဝင် လည်းဖြစ်၊ နိုင်ငံတကာ လူငယ်ခေါင်းဆောင် ဆုရှင်လည်းဖြစ်တဲ့ မသင်ဇာရွှန်းလဲ့ရည်ကပြောပါတယ်။

"CSO ဖိုရမ်ဆိုတဲ့ သတင်းကြားရတော့ ကျမ ဝေခွဲမရဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ CSOဖိုရမ်ဆိုတာ CSO တွေ သီးခြားစုပြီး လုပ်နေတဲ့ မြန်မာCSO ဖိုရမ်ဆိုတာ သီးသန့်ရှိပါတယ်။ ဥပမာ ငြိမ်းချမ်းရေးဆိုတဲ့ Issue က ဆက်တိုက်ပါနေခဲ့တယ်။ အဲ့အထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျမတို့ အထဲတဝင် ထည့်သွင်းပြောဆိုခဲ့ကြတာတွေ issue တွေ ထုတ်ခဲ့ကြတာတွေ အများကြီးရှိတယ်။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖိုရမ်တွေ အများကြီး လုပ်ထားတာတွေလည်း အများကြီးရှိတယ်။ သူတို့ဆို တနှစ်ကို သုံးလေးကြိမ်လောက် လုပ်ပြီးတော့ သတင်းအချက်အလက်တွေ အမြဲ ထုတ်ပြန်တာတွေရှိတယ်။"

ဒါအပြင် နိုင်ငံအနာဂတ်အတွက် အခုလိုအရေးကြီးတဲ့ ငြိမ်းချမ်းရေညီလာခံလိုမျိုးမှာ လူ့ငယ်အဖွဲ့အစည်းတွေဘက်က တက်ရောက်လေ့လာခွင့်ကိုလည်း ဆုံးရှုံးစေတယ် လို့ သူကပြောပါတယ်။

" ညီမတို့ အဓိက လိုချင်တာက ဖြစ်စဉ်ပေါ့ Process မှာ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ညီလာခံတွေ ပြီးခဲ့တဲ့ UPWC တို့ NCCT တို့နဲ့လည်း အမြဲတမ်းတွေ့ဆုံပြီးတော့ သူတို့ဆီက သတင်းအချက်အလက်တွေ အမြဲတမ်းပြန်နားထောင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်က လူငယ်တွေအနေနဲ့ ပါဝင်ခွင့်မရတဲ့အတွက်ကြောင့်မို့လို့ ဒီလိုပွဲတွေမှာ တက်ရောက်ခွင့်ရဖို့ ကျမတို့ အမြဲတစေ တောင်းဆိုခဲ့ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲ အပြုသဘောဆောင်တဲ့ လက္ခဏာဘက်ကို ရောက်လာခဲ့ပေမဲ့ အခုအချိန်မှာတော့ CSO ဖိုရမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ပါဝင်ခွင့်ရမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်သွားတဲ့အခါမှာ ဒီ Process ကို ကျမတို့ လူငယ်တွေ လေ့လာခွင့်ရမယ့်အခွင့်အရေးဆုံးရှုးံနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာတယ်။"

NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖေါ်ရာမှာ အပိုင်း (၂)ပိုင်းရှိပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက် ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူမှာဖြစ် တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ နှစ်ရက်တာကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG