သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းလုပ်ငန်း ပြုပြင်ရေး


ကျောက်စိမ်းထုတ်လုပ်ရေး
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်


စစ်အာဏာရှုင်ခေတ်က ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး လက်ဝါကြီးအုပ် အမြတ်ထုတ်ခဲ့ကြတဲ့ ကျောက်စိမ်းလုပ်ငန်းကို ပြောင်းလဲဖို့ NLD အစိုးရ ကြိုးပမ်းနေပုံရပါတယ်။ ကျောက်စိမ်းကျောက်မျက် တူးဖော်ခွင့်သက်တမ်းကုန်ဆုံးသွားတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်ချပေးတော့မှာ မဟုတ်ကြောင်း သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ဇူလိုင်လက ကြေညာပါတယ်။ တူးဖော်ခွင့်သက်တမ်းကို ၂၀၂၁ အထိ ထုတ်ပေးထားတာမို့ အချို့ကုမ္ပဏီတွေဟာ နောက်ထပ် (၅) နှစ်လောက် လုပ်နိုင်ပါသေးတယ်။ ဖားကန့်၊ ခန္တီး၊ မိုးညှဉ်း၊ မိုးကုတ် နဲ့ မိုင်းရှုးမှာ လုပ်ကွက် (၁၉၀၀၀) ပေးထားပါတယ်။

ဥပဒေမဲ့ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ညွှန်ချုပ်နှစ်ဦးကို ဦးသိန်းစိန်အစိုးရလက်ထက် လွန်ခဲ့တဲ့နှစ် မတ်လဆန်းမှာ ရာထူးကရပ်စဲလိုက်ပါတယ်။ ဖားကန့်နယ်မြေမှာ လုပ်ကွက်သစ် ချမပေးတော့ဘဲ လုပ်ကွက်သက်တမ်းတိုးမှုကိုလည်း ရပ်ဆိုင်းထားပါတယ်။ တရုတ်ပြည်ကို ကျောက်စိမ်းခိုးထုတ်မှု နည်းသွားအောင် အခုလို ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်မယ်လို့ မြင်ကြပါတယ်။ ဦးသိန်းစိန်လက်ထက်ကလည်း (၂) နှစ် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ နှစ်လအတွင်းမှာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဒေသမှာ တရုတ်ပြည်ကို ဥပဒေမဲ့တင်ပို့မယ့် ကျောက်စိမ်းအရိုင်းတုံးတွေကို လေးကြိမ်ဖမ်းနိုင်တဲ့အတွက် တန်ချိန် (၅၂) အထိ ရှိလာကြောင်း သိရပါတယ်။ အခုအထိတော့ ယာဉ်မောင်းကိုသာ ဖမ်းဆီးနိုင်ပြီး ပိုင်ရှင်လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။ ပျမ်းမျှနှုန်းအရဆိုရင် ကျောက်စိမ်းဒေါ်လာသန်းတထောင်ဖိုးလောက် နှစ်စဉ်ရောင်းရတယ်လို့ ဆိုပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းတူးတဲ့ စစ်တပ်ကုမ္ပဏီ၊ ခရိုနီကုမ္ပဏီ၊ တိုင်းရင်းသားကုမ္ပဏီတွေအပြင် တရုတ်ပိုင်ကုမ္ပဏီလည်း ရှိပါတယ်။ ရတနာမြေက လုပ်ကွက် (၉၅၀) နိုဝင်ဘာလမှာ သက်တမ်းကုန်ပါတယ်။

ကျောက်မျက်လုပ်ငန်းမှာ စည်းမရှိကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေပုံကို ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ဒေါ်လာသန်းတရာနီးပါး စာရင်းပျောက်နေတဲ့အမှုက သက်သေပြနေပါတယ်။ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေးကော်မတီကို ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လွန်ခဲ့တဲ့ မေလက တိုင်ကြားထားတဲ့ အလွှဲသုံးစားလုပ်မှု ဖြစ်ပါတယ်။ ၂၀၀၉ ကနေ ၂၀၁၅ အထိ ကျောက်မျက်ပြပွဲ ရောင်းရငွေရဲ့ (၁) ရာခိုင်နှုန်းကို အသင်းရန်ပုံငွေအဖြစ် သတ်မှတ်ခဲ့တာ ဒေါ်လာ (၁၀၄) သန်းအထိ ရှိလာရက အခုတော့ ဒေါ်လာ (၇) သန်းကျော်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ ကျောက်မျက်ပြပွဲမှာ အစိုးရက (၇) ရာခိုင်နှုန်း၊ သတ္တုတွင်းဝန်ကြီးဌာနက (၃) ရာခိုင်နှုန်း၊ ပြပွဲကော်မတီက (၁) ရာခိုင်နှုန်းယူကြပါတယ်။ ငွေကြေးကိုင်တွယ်တဲ့ ပြပွဲကော်မတီမှာ တာဝန်ရှိပါတယ်။

ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ က စတင်ခဲ့တာမို့ အခုဆိုရင် အကြိမ် (၉၀) ရှိပြီ ဖြစ်ပါတယ်။ ကျောက်စိမ်းကို အများဆုံးရောင်းရတယ်လို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဦးရဲထွဋ်က လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ DVB နဲ့ တွေ့ဆုံစဉ်က ပြောသွားပါတယ်။ ပြည်တွင်းကုမ္ပဏီပေါင်း (၁၂၂၄) မှာ ရောင်းပိုင်ခွင့်လိုင်စင် ရှိတယ်လို့ ဆိုပါတယ်။ ပြပွဲမှာ ပုဂ္ဂလိကကုမ္ပဏီက အများဆုံးဖြစ်ပေမယ့် တန်းဖိုးအများဆုံး ရောင်းချနိုင်သူကတော့ အစိုးရနဲ့ ဖက်စပ်လုပ်တဲ့ အကျိုးတူကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ တွဲလုပ်တဲ့ကုမ္ပဏီဟာ ငွေရင်းစိုက်ပြီး ကျောက်စိမ်းတူးပါတယ်။ တွေ့ရှိတဲ့ ကျောက်စိမ်းအတွက် အစိုးရကို ရတနာခွန် ပေးရပါတယ်။ နောက်ပြပွဲ တင်ရောင်းတဲ့အခါမှာ ပထမပိုင်းမှာ (၅၀) ရာခိုင်နှုန်းစီ အညီအမျှ ခွဲဝေပါတယ်။ နောက်တော့ အစိုးရက (၄၀) ရာခိုင်နှုန်း ကုမ္ပဏီက (၆၀) ဖြစ်လာပါတယ်။ အခုတော့ အခွန်များလာလို့ အစိုးရက (၂၅) ရာခိုင်နှုန်း ကုမ္ပဏီက (၇၅) ရာခိုင်နှုန်း ခွဲဝေကြပါတယ်။

စည်းမဲ့ကမ်းမဲ့ ထင်တိုင်ကျဲနေတဲ့ သယံဇာတကဏ္ဍကို ထိန်းချုပ်နိုင်ရေးအတွက် ဦးသိန်းစိန်အစိုးရဟာ နော်ဝေအခြေစိုက် သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ - Extractive Industries Transparency Initiative (EITI) မှာ ၂၀၁၄ ခုနှစ်က အဖွဲ့ဝင်လောင်း ဖြစ်လာပြီး ၂၀၁၅ ဒီဇင်ဘာလမှာ မြန်မာ့သယံဇာတအစီရင်ခံစာ ထွက်လာပါတယ်။ ဒါပေမဲ့ မည်ကာမတ္တ အစီရင်ခံစာ ဖြစ်နေပါတယ်။ ဓါတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်း (၃၃၀၀) နဲ့ ကျောက်စိမ်းရောင်းရငွေ ဒေါ်လာသန်း (၁၀၀၀) ကျော်ကို ချန်လှပ်ထားတာ တွေ့ရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးတွေဟာ သယံဇာတဝငေ်ငွ (၅၈) ရာခိုင်နှုန်းကို အစိုးရကို မအပ်ဘဲ သီးခြားဘဏ်စာရင်း လုပ်ထားပါတယ်။ EITI အခြေခံမူဟာ အစိုးရလုပ်ပုံကိုင်ပုံနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ကျောက်စိမ်းကျောက်မျက်ကို လူတစုက လက်ဝါးကြီးအုပ် ထုတ်ယူတာမျိုးမလုပ်ဘဲ သက်ဆိုင်ရာ တိုင်းရင်းသားတွေကို တရားမျှတစွာ ခွဲဝေပေးတာမျိုး ဖြစ်သင့်တယ်လို့ အမေရိကန်အခြေစိုက် Natural Resource Governance Institute က ယူဆပါတယ်။ အစိုးရက အပေါ်စီးယူပြီး စီစဉ်တာမျိုးမဟုတ်ဘဲ သက်ဆိုင်သူအားလုံး ပါဝင်ရေးဆွဲတဲ့ အမျိုးသားကျောက်စိမ်းလုပ်ငန်း စီမံကိန်းရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သယံဇာတမျှတစွာ ခွဲဝေရေးဟာ ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်လို့ ယူဆကြပါတယ်။

XS
SM
MD
LG