သုံးရလွယ်ကူစေသည့် Link များ


ရန်ကုန်မြို့  လျှပ်စစ်မီး ပြတ်တောက်မှုကို ဖြေရှင်းနိုင်မယ့် ဓါတ်ငွေ့သုံး သာကေတဓါတ်အားပေး စက်ရုံ မကြာမီ ပြီးစီးလိမ့်မယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ ဖက်စပ်ဓါတ်အားပေးစက်ရုံကို ဒီနှစ်ကုန်ပိုင်းမှာ စတင်လည်ပတ်ပြီး ရှေ့ နှစ်မတ်လမှာ ရာခိုင်နှုန်းပြည့် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တက္ကသိုလ်ကျောင်းသူကျောင်းသား (၁၀၀) ရဲ့  လေးနှစ်ပညာသင်စရိတ်ကိုလည်း တရုတ်က ထောက်ပံ့မှာ ဖြစ်ပါတယ်။ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တရုတ်က ရည်ရွယ်တာပါ။ ဒါပေမဲ့ စစ်အစိုးရလက်ထက် တရုတ်အကူအညီ ရယူတုန်းကတော့ ပြည်သူလူထု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတာ မဟုတ်ပါဘူး။

ဗမာစစ်အစိုးရ လိုချင်တာကို တရုတ်ကပေးပြီး တရုတ်လိုချင်တာကို ဗမာအစိုးရပေးတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ ဥပမာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ နေပြည်တော်မှာ အမြဲတမ်း မီးလင်းနေအောင် တရုတ်က ငွေထုတ်ချေးပြီး ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ပေးတာမို့ ၂၀၀၅ မှာ စသုံးနိုင်ပါတယ်။ ဒီကျေးဇူးတွေကြောင့် တရုတ်ရဲ့  မြစ်ဆုံဆည် စီမံကိန်းကို စစ်အစိုးရက အလွယ်တကူ ခွင့်ပြုခဲ့တာ ဖြစ်ပုံရပါတယ်။ မြန်မာဟာ တရုတ်ရဲ့  အဖြည့်ခံဘဝ ရောက်နေပါတယ်။

ဥပမာ ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်စက်ရုံဟာ တရုတ်ပြည်အတွက် ရည်ရွယ်တဲ့ ပထမဆုံးသော ဓါတ်အားစက်ရုံဖြစ်ပြီး ၂၀၀၉ မှာ စတင်လည်ပတ်ပါတယ်။ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ရွှေလီအမှတ် (၂) ကို တည်ဆောက်ပါတယ်။ ရွှေလီအမှတ် (၃) ကို တည်ဆောက်ဖို့ NLD အစိုးရ မနှစ်က ကြေညာပါတယ်။ အစအဆုံး တရုတ်က တာဝန်ယူပြီး "တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း" စနစ် ကျင့်သုံးတယ်လို့ ဆိုပါတယ်။ တရုတ်က အနှစ် (၄၀) ချုပ်ကိုင်ပြီးမှ ဗမာအစိုးရလက်ထဲ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်း မြစ်ဆုံနဲ့ အခြားရေအားလျှပ်စစ်တွေကို တရုတ်သဘောကျတည်ဆောက်ဖို့ ဗမာအစိုးရက ခွင့်ပြုခဲ့ပါတယ်။ တပြည်လုံး ကန့်ကွက်ဆန္ဒပြတော့မှ ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်ကို ရပ်ဆိုင်းပါတယ်။ အခုတော့ မြစ်ဆုံပြဿနာကို NLD အစိုးရ ကိုင်တွယ်နေရပါတယ်။ တရုတ်ပြည်အတွက် တရုတ်က မြန်မာပြည်မှာ စီမံကိန်းချတွေချတာကို ဗမာစစ်အစိုးရက လက်ခံခဲ့တာ ဖြစ်ပါတယ်။

တရုတ်နဲ့ အပေးအယူလုပ်ရာမှာ လိုက်နာရမယ့်ဝါဒ မရှိပါဘူး။ အနောက်တိုင်း အကူအညီယူရင် လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ ရှိပါတယ်။ တရုတ်အကူအညီယူရင် ဘာမှလုပ်စရာ မလိုပါဘူး။ နိုင်ငံခြားကို တရုတ်ပေးတဲ့ အကူအညီ (၃) မျိုး ရှိပါတယ်။ ပြန်ဆပ်စရာမလိုတဲ့ ထောက်ပံ့မှု Grant အတိုးမဲ့ချေးငှားမှုနဲ့ အတိုးသက်သာစွာ ချေးငှားမှု စတာတွေ ဖြစ်ပါတယ်။ ထောက်ပံ့မှုနဲ့ အတိုးမဲ့ချေးငှားမှုကို တရုတ်အစိုးရ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကလုပ်ပြီး ပို့ကုန်သွင်းကုန်ဘဏ် Exim Bank ကတော့ အတိုးသက်သာစွာ ငွေချေးလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်အကူအညီဟာ ရင်းနှီးမြုပ်နှံမှု၊ နှစ်နိုင်ငံကုန်သွယ်မှု၊ နှစ်နိုင်ငံစီမံကိန်း စတာတွေနဲ့ ရောထွေးနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးလို ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍဟာ အကြီးဆုံး ဖြစ်ပါတယ်။

ရေအားလျှပ်စစ်နဲ့ ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းအပြင် သယံဇာတ ထုတ်ယူရေးလုပ်ငန်းကြီးတွေမှာလည်း တရုတ်ရင်းနှီးမြုပ်နှံနေတာ ကြာပါပြီ။ နှစ်စဉ် Nickel သတ္တုတန်ချိန် တသိန်းလောက်ထုတ်ပေးနေတဲ့ တကောင်းတောင် စီမံကိန်းနဲ့ စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ထင်ရှားပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏဟာ ၂၀၁၃ မှာ ဒေါ်လာသန်းတသောင်းရှိရာက ၂၀၁၄ မှာ သန်းနှ်စ်သောင်းငါးထောင်အထိ တိုးသွားပါတယ်။ တရုတ်ပါဝင်တဲ့ စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ဒေသခံတွေကို နစ်နာဆုံးရှုံးစေနေရာမှာ နာမည်ကြီးနေပါတယ်။ ဒါပေမဲ့ ဒါမျိုးကို တရုတ်က ဂရုစိုက်တာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်း ပြန်စနိုင်အောင် ကြိုးပမ်းနေတာကိုကြည့်ရင် တရုတ်ဟာ မြန်မာပြည်ကို စက်ရုံလိုသဘောထားနေတာ ထင်ရှားပါတယ်။

တရုတ်ကို နှစ်ပေါင်းများစွာ မှီခိုအားထားလာတဲ့အတွက် မြန်မာပြည်ရဲ့  နိုင်ငံခြားကြွေးစာရင်းမှာ တရုတ်ကို ဆပ်ရာမယ့်အကြွေးက အများဆုံး ဖြစ်နေပါတယ်။ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာသန်း (၉၀၀၀) နီးပါးရှိတဲ့အနက် တရုတ်ကို ပြန်ဆပ်ရမှာက ဒေါ်လာသန်း (၄၀၀၀) ဖြစ်နေပါတယ်။ ဂျပန်ကိုတော့ ဒေါ်လာသန်း (၂၀၀၀) ပေးဆပ်ရပါလိမ့်မယ်။ ဒီအကြွေးပမာဏကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဇန်နဝါရီ (၃၀) ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားတာ ဖြစ်ပါတယ်။ အကြွေးဒဏ်ခံနိုင်ရည်ရှိဖို့ ကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်အစိုးရကို အကြိုက်ပေးဆက်ဆံသလို ပြည်သူကို အကြိုက်ပေးဆက်ဆံဖို့ တရုတ်က ရည်ရွယ်ပါတယ်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖောင်ဒေးရှင်းကို မနှစ်က တည်ထောင်ပါတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ပညာရေး၊ တရုတ်-မြန်မာ ပညာသင်ကျောင်း ကွန်ရက်ဖွဲ့စည်းရေး (၂) နိုင်ငံလူငယ်များ နားလည်မှု ရရှိရေး၊ ဆေးရုံတည်ဆောက်ရေး စတာတွေဟာ အကျင့်ဟောင်းကို မစွန့်လွှတ်ဘဲ တာဝန်မဲ့ လုပ်ကိုင်နေရင်တော့ ဝါဒဖြန့်စည်းရုံးရေးလုပ်ငန်းကို မြန်မာပြည်သူတွေက အယုံအကြည်ရှိမှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG