သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲမှု နဲ့ ကြန့်ကြာမှု


ပြောင်းလဲမှု နဲ့ ကြန့်ကြာမှု
please wait

No media source currently available

0:00 0:05:10 0:00
တိုက်ရိုက် လင့်ခ်


NLD အစိုးရသက်တမ်း (၁) နှစ်ပြည့်မိန့်ခွန်းမှာ ပြောင်းလဲမှု နှစ်မျိုးရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ စိတ်ဓါတ်ပြောင်းလဲမှုနဲ့ စနစ်ပြောင်းလဲမှုလို့ ဆိုပါတယ်။ ဒီပြောင်းလဲမှု နှစ်ခုစလုံးမှာ ပြည်သူရော အစိုးရပါ ပါဝင်ရမှာ ဖြစ်ပေမယ့်၊ စနစ်ပြောင်းလဲရာမှာတော့ အစိုးရက ဦးဆောင်ရမယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ စိတ်ဓါတ်ကို ပြောင်းလဲဖို့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရဗျူရိုကရေစီကိုတော့ အချိန်အတိုင်းအတာတခုမှာ ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အနှစ် (၅၀) ကျော် အဂတိလိုက်စားတဲ့ အစိုးရယန္တရားကို ပြောင်းလဲရာမှာ ပြဿနာ ရှိပါတယ်။

NLD အစိုးရသစ်မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ဝန်ကြီး စုစုပေါင်းရာနဲ့ချီပြီး ရှိပေမယ့် အစိုးရရဲ့ ဗျူရိုကရေစီယန္တရားမှာ ဝန်ထမ်းပေါင်းသန်းနဲ့ချီပြီး ရှိနေပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းလဲသွားပေမယ့် သူတို့အောက်က ဗျူရိုကရေစီယန္တရားကတော့ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်လုပ်နေတာမို့ အစိုးရသစ်အနေနဲ့ လုပ်ရကိုင်ရ ခက်ခဲပါတယ်။ ဗျူရိုကရေစီယန္တရား ပြောင်းလဲအောင် တွန်းအားပေးပြီး ဆောင်ရွက်နေရတယ်လို့ NLD စီးပွားရေးကော်မတီ ဥက္ကဋ္ဌဦးဟန်သာမြင့်က မြန်မာတိုင်း(မ်)နဲ့ တွေ့ဆုံစဉ် ဖေဖေါ်ဝါရီလ က ပြောပါတယ်။ တွန်းအားမပေးရင် (၅) နှစ်အတွင်း ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆိုတဲ့ ကြွေးကြော်သံအတိုင်း မဲပေးခဲ့ကြသူတွေဟာ အပြောင်းအလဲကိုမြင်ဖို့ ဆန္ဒစောနေကြပါတယ်။ လွှွတ်တော်ကို နှိုင်းယှဉ်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးလွှတ်တော်က NLD လွှတ်တော်ထက် လုပ်ရည်ကိုင်ရည် ပိုကောင်းတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောကြောင်း ဇန်နဝါရီ (၃၁) ရက်နေ့ထုတ် မဇ္ဈိမသတင်းမှာ ဖော်ပြပါတယ်။ ဦးဘရှိန်ဟာ ပြီးခဲ့တဲ့လွှတ်တော်ဟောင်းမှာရော၊ လက်ရှိလွှတ်တော်မှာပါ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှုဆိုတဲ့ သဘောတရားကို အခုလွှတ်တော်မှာ အပြည့်အဝလုပ်နိုင်တာမျိုး မရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖြေကြောင်း မဇ္ဈိမသတင်းက ဖော်ပြပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ကြာဦးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

အရင်တုန်းက ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ သယံဇာတနဲ့ အခြားလုပ်ငန်းတွေကို NLD အစိုးရသစ်က စတင်ထိန်းချုပ်ပြီး ပြုပြင်ရေးလုပ်ပါတယ်။ အဲဒီအခါမှာ နည်းမျိုးစုံသုံးပြီး လုပ်ခဲ့တာတွေ ခေတ္တရပ်ဆိုင်းသွားလို့ စီးပွားရေး တိုးတက်မှု နှေးကွေးသွားပါတယ်။ နေရာတိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရယူနေရတာလည်း အစိုးရလုပ်ငန်း တုံ့နှေးစေတဲ့အချက် ဖြစ်နိုင်တယ်လို့ မြန်မာ့ရေးရာ သုတေသီပါမောက္ခ Robert H. Taylor က မတ်လ (၃၀) ရက်နေ့ထုတ် Nikkei Asian Review စာစောင်မှာ ရေးထားပါတယ်။ အစိုးရလုပ်ငန်း အတွေ့အကြုံမရှိဘဲ အရင်အစိုးရတွေ မလုပ်နိုင်တာကို အောင်မြင်အောင်လုပ်ဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ ဆိုပါတယ်။ အမိန့်နာခံဖို့ကိုသာ အဓိကထားပြီး မလုပ်၊ မရှုပ်၊ မပြုတ် လမ်းစဉ်ကျင့်သုံးလာတဲ့ ဗျူရိုကရေစီယန္တရားကို ကျော်လွှားနိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

အစိုးရသစ်ပြောင်းလဲလာပေမယ့် ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်ပုံကတော့ မပြောင်းလဲသေးတဲ့အတွက် တိုးတက်မှု အရှိန်အဟုန် နှေးကွေးနေရတာလို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ထောက်ပြကြောင်း မတ်လ (၃၀) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ ဝန်ကြီးဌာနတွေဟာ အရင်ပုံစံအတိုင်း လုပ်နေကြပြီး သူတို့ရဲ့ လုပ်ငန်းတွေကို လက်မလွှတ်ချင်ကြဘူးလို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်တခုချမယ်ဆိုရင် အခြားဝန်ကြီးဌာနတွေရဲ့ သဘောထားကို လိုက်တောင်းတဲ့အကျင့် ရှိပါတယ်။ ဝန်ကြီးဌာနတွေဟာ အပေါ်ပိုင်းမှာ ပြောင်းလဲမှုတွေလုပ်ပြီး အောက်ခြေဝန်ထမ်းတွေရဲ့ အရည်အသွေးကို မမြှင့်တင်နိုင်တာဟာ အားနည်းချက် ဖြစ်ပါတယ်။ ပုဂ္ဂလိကဏ္ဍနဲ့ ဆက်ဆံနေတဲ့ အစိုးရအဖွဲ့ အောက်ခြေဌာနတွေမှာ ပြုပြင်ရေး မလုပ်နိုင်သေးတာဟာလည်း တိုးတက်မှု နှေးကွေးတဲ့အကြောင်းရင်း ဖြစ်ပါတယ်။

အသေးစား၊ အလတ်စား စီးပွားရေးုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှာ သမ္မတက ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တွဲဘက်ဥက္ကဋ္ဌ ဖြစ်ပါတယ်။ မတ်လ (၁) ရက်နေ့က အစည်းအဝေး ကျင်းပပြီး လုပ်ငန်းကော်မတီ၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၊ အေဂျင်စီ နဲ့ အေဂျင်စီရုံးခွဲတွေ ဖွဲ့စည်းဖို့ စီစဉ်တာ တွေ့ရပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အောင်မြင်မှ တိုင်းပြည်စီးပွားရေး အောင်မြင်မှာဖြစ်လို့ ဝန်ကြီးဌာနတွေက ပံ့ပိုးရမယ်လို့ ဒေါ်စု က ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးကို ဦးတည်တဲ့ အမျိုးသားကျန်းမာရေး လေးနှစ်စီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ကြောင်း မတ်လ (၃၁) ရက်နေ့က ကြေညာပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဦးဆောင်မှာဖြစ်ပေမယ့် အခြားဝန်ကြီးဌာနတွေကပါ ဝိုင်းဝန်းလုပ်ဆောင်သွားမယ့် စီမံကိန်းဖြစ်တယ်လို့ ဒေါ်စုက ဆိုပါတယ်။ အထူးသဖြင့် ပညာရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတွေ ဝိုင်းဝန်ကူညီရမယ့် စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြဌာန်းရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ ပြည်သူ့အကျိုး ဘယ်လို သယ်ပိုးကြမယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG