သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်တာ စီးပွားရေး


တနှစ်တာ စီးပွားရေး
please wait

No media source currently available

0:00 0:05:37 0:00
တိုက်ရိုက် လင့်ခ်


NLD အစိုးရသက်တမ်း ပထမနှစ်မှာ စီးပွားရေး တုံ့နှေးနေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာလောကမှာ အမျိုးမျိုးဝေဖန်ရေးသား ကြပါတယ်။ စီးပွားရေးပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ရင် ပြည်သူ့စားဝတ်နေရေး အခြေအနေဟာ ပိုမိုဆိုးဝါးလာဖွယ် ရှိတယ်လို့ ဧပြီလ (၂၁) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ စီးပွားရေးကျပ်တည်းလာတာဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ အခြေအနေကို ရောက်လာတယ်လို့ ပြည့်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက နေပြည်တော်မှာ ပြောပါတယ်။ ဒါပေမဲ့ ဝါရင့်လုပ်ငန်းရှင်တွေကတော့ ရေရှည်မှာ ကောင်းမွန်လာလိမ့်မယ်လို့ မြင်ကြပါတယ်။

စည်းမျဉ်းအတိုင်း လုပ်မလုပ် စစ်ဆေးဖို့အတွက် ရန်ကုန်က ဆောက်လုပ်မှုတွေ ယာယီရပ်ဆိုင်းတာဟာ စီးပွားရေးကို ရပ်တန့်သွားစေတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF -- International Monetary Fund) နဲ့ ကမ္ဘာ့ဘဏ် (World Bank) အစီရင်ခံစာ နှစ်ခုစလုံးမှာ ထောက်ပြထားပါတယ်။ စိုက်ပျိုးရေးမှာတော့ ရေကြီးတဲ့ဒဏ်ကို ခံနေရတုန်းမို့ မျှော်လင့်သလို ဖြစ်မလာတာပါ။ မြန်မာ့ရင်းနှီးမြုပ်နံှမှုကော်မရှင်က အတည်ပြုထားတာကို နှစ်ဆန်းပိုင်းက ရပ်ဆိုင်းလိုက်တာဟာလည်း စီးပွားရေးကို တုံ့နှေးစေတယ်လို့ IMF က ဆိုပါတယ်။ NLD အစိုးရ တက်လာချိန်မှာ သဘာဝဓါတ်ငွေ့ ဈေးကျနေတာမို့ ပို့ကုန်ဝင်ငွေ (၄၀) ရာခိုင်နှုန်း ကျဆင်းသွားတာကိုလည်း သတိပြုသင့်ပါတယ်။

NLD အစိုးရရဲ့ ပေါ်လစီမူဝါဒတွေကို ရှင်းလင်းပြတ်သားစွာ သိမြင်ရေးဟာလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ NLD အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာတဲ့ မူဝါဒ (၁၂) ချက်ကို အခြေခံတဲ့ စီးပွားရေးအမြင်ကို အစိုးရအနေနဲ့ ပုံမှန်ထုတ်ပြန်သင့်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာ့စီးပွားရေးပညာရှင် ဦးလှမောင်ကလည်း စီးပွားရေးမူဝါဒ (၁၂) ချက်ဟာ အလွန်ကောင်းမွန်ကြောင်း၊ မူဝါဒမရှိဘဲ လုပ်ခဲ့လို့ မတိုးတက်တာဖြစ်ကြောင်း The Voice စာစောင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇန်နဝါရီလက ပြောသွားပါတယ်။ ဒါပေမဲ့ ဒီမူဝါဒတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် အမှုထမ်းတွေ အစည်းအဝေးကျင်းပပြီး ညွှန်ကြားတာမျိုး မတွေ့သေးဘူးလို့ ဆိုပါတယ်။ မူဝါဒ အကောင်အထည်ဖော်ရာမှာ အစီအစဉ်ကျကျ ဦးစားပေးလုပ်နိုင်ရင် ဒီနှစ်ထဲ စီးပွားရေး တိုးတက်လာမယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဆိုင်ရာမှာ NLD အစိုးရဟာ သတိထားပြီး မြော်မြင်ဆင်ခြင်စွာ ဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့်မို့ အစိုးရသက်တမ်း ပထမ (၆) လပိုင်းမှာ စီးပွားရေး တိုးတက်မှု (၆) ရာခိုင်နှုန်းသာ ရှိပေမယ့် လက်ရှိ ဘဏ္ဍာရေးနှစ်ကစပြီး (၃) နှစ်ကာလမှာ နှစ်စဉ် (၇) ရာခိုင်နှုန်းကျော် စီးပွားရေး တိုးတက်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့််မှန်းပါတယ်။ အစိုးရ အသုံးစရိတ်လိုငွေကို လျော့နည်းအောင်လုပ်ပြီး ငွေစက္ကူထင်သလို ရိုက်နှိပ်ထုတ်ယူတာမျိုးမလုပ်ဘဲ၊ ဆင်ဆင်ခြင်ခြင် ဆောင်ရွက်တာဟာ ငွေကြေးဖောင်းကြွမှု လျော့စေလိမ့်မယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်မှာ အသုံးစရိတ်လိုငွေပြမှုဟာ တိုင်းပြည်အသားတင်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ အစိုးရဟောင်းထားခဲ့တဲ့ အမွေးဆိုးကို ဆက်ခံပြီး ဖြေရှင်းရတာဟာလည်း ပြဿနာတခု ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာလည်း အစိုးရအသုံးစရိတ် လိုငွေပြမှုဟာ တိုးပွားလာဖွယ်ရှိတဲ့အတွက် သြဂုတ်လမှာ ဘတ်ဂျက်ပြင်ဆင်ရေးဆွဲပြီး ပညာရေး၊ ကျန်းမာရေး နဲ့ စိုက်ပျိုးရေးကလွဲပြီး အသုံးစရိတ်လျော့ချတာကိုလည်း ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။ အနှစ် (၅၀) ကျော် အသုံးစရိတ် လိုငွေပြလာတာကို တနှစ်သား NLD အစိုးရလည်း ဘာမှ မတတ်နိုင်ဘူးလို့ NLD အစိုးရ အကြံပေး Sean Turnell က ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရ ချန်ထားခဲ့တဲ့ စီးပွားရေးအမွေးဆိုးကို သဘောမပေါက်သူတွေ များနေတယ်လို့ ပြောပါတယ်။ NLD အစိုးရကြောင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို အခုမှ စတင်ခံစားရတာလို့ Sean Turnell က ဆိုပါတယ်။ ဧပြီလမှာ စသုံးတဲ့ ဥပဒေကြောင့် နိုင်ငံခြားငွေရင်းနှီးမြုပ်နံှမှု ပမာဏ တိုးပွားလာလိမ့်မယ်လို့လည်း ဆိုပါတယ်။

နှစ်ပေါင်းများစွာ အာဏာပြပြီး ထင်သလိုလုပ်ခဲ့တဲ့ မြန်မာ့စီးပွားရေးကို ပုံမှန်ပြန်ဖြစ်အောင် NLD အစိုးရ ကြိုးပမ်းနေတာ အကောင်အထည်ပေါ်နေပြီလို့ Sean Turnell က သုံးသပ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြဌာန်းတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှု ဥပဒေဟာ နိုင်ငံခြားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်မယ်လို့ ဆိုပါတယ်။ မြန်မာ့စီးပွားရေးမှာ နိုင်ငံပိုင်လုပ်ငန်းနဲ့ အစိုးရဆက်စပ်နေတဲ့ လုပ်ငန်းတွေ ကြီးစိုးတာ ကြာပါပြီ။ ဒီလို ကိုယ်ကျိုးရှာအုပ်စုရဲ့ အခန်းကဏ္ဍကို နည်းနိုင်သမျှနည်းအောင် NLD အစိုးရ ကြိုးစားနေတာ အတော်လေး ခရီးရောက်တယ်လို့ Sean Turnell က ပြောဆိုကြောင်း ဧပြီလ (၇) ရက်နေ့ထုတ် ဧရာဝတီ အင်္ဂလိပ်သတင်းမှာ Sandy Barron က ရေးသားထားပါတယ်။

နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်လို့ နိုင်ငံပိုင် လုပ်ငန်းတဝက်ကို ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံပိုင်ဘဏ်လုပ်ငန်းကို ပြုပြင်ပြီး အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို ငွေချေးတာဟာ NLD အစိုးရရဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အစိုးရတွေ လျစ်လျူရှုခဲ့တဲ့ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေး နဲ့ ပညာရေးမှာ NLD အစိုးရ ဆောင်ရွက်နေတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။ အစိုးရဆိုတာ အမိန့်ပေးသူ မဟုတ်ဘဲ တိုးတက်ဖွံ့ဖြိုးအောင် ကူညီသူသာ ဖြစ်သင့်တယ်လို့ NLD အစိုးရ အကြံပေး ပုဂ္ဂိုလ် Sean Turnell က ရှင်းပြသွားပါတယ်။

XS
SM
MD
LG