သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘတ်ဂျက်စာရင်း (၂၀၁၇-၁၈)


ဘတ်ဂျက်စာရင်း (၂၀၁၇-၁၈)
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်


အစိုးရသစ်အတွက် (၂၀၁၇-၁၈) ခန့်မှန်းခြေငွေစာရင်းကို လွှတ်တော်က လွန်ခဲ့တဲ့မတ်လက အတည်ပြုလိုက်ပြီဖြစ်လို့ NLD အစိုးရရဲ့ ပထမဘတ်ဂျက်စာရင်းကို စိတ်ဝင်စားကြပါတယ်။ ထူးခြားချက်ကတော့ လွန်ခဲ့တဲ့နှစ်တွေထက် စစ်အသုံးစရိတ် နည်းသွားပြီး ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ် တိုးလာတာ ဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်ရဲ့ (၂၃) ရာခိုင်နှုန်း အများဆုံး ရယူထားသူဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ ဒုတိယအများဆုံး (၂၁) ရာခိုင်နှုန်းကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ယူထားပြီး ကာကွယ်ရေးဌာနက (၁၄) ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။ ဒါပေမဲ့ ပညာရေး နဲ့ ကျန်းမာရေးက (၁၃) ရာခိုင်နှုန်းဖြစ်လို့ ကာကွယ်ရေးထက် နည်းနေပါသေးတယ်။

ပညာရေးအသုံးစရိတ်က ဘတ်ဂျက်ရဲ့ (၈) ရာခိုင်နှုန်းရှိပြီး ကျန်းမာရေးက (၅) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကတော့ ဘတ်ဂျက်ရဲ့ (၂၀) ရာခိုင်နှုန်းကို ပညာရေးမှာ သုံးသင့်တယ်လို့ ဆိုပါတယ်။ အစိုးရအသုံးစရိတ်ကို လျှော့ချလိုက်ပေမယ့် လိုငွေပြမှုဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန တောင်းဆိုတဲ့ အသုံးစရိတ်ဟာ လွန်ခဲ့တဲ့နှစ်ကထက် နည်းနေတာမို့ ဖြတ်တောက်တာမျိုး မလုပ်ဘဲ တောင်းတဲ့အတိုင်း ပေးတာလို့ သိရပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် တိုးလာပေမယ့် ကျန်ဝန်ကြီးဌာနတွေ တင်ပြတဲ့ ဘတ်ဂျက်ကိုတော့ စီစစ်ရေးကော်မတီ (၁၃) ခုက ဖြတ်တောက်တဲ့အတွက် တောင်းသလောက် မရပါဘူး။ ဥပမာ စက်မှုဝန်ကြီးဌာနရဲ့ စီမံကိန်း (၁၃၀) ကို ရပ်ဆိုင်းထားပါတယ်။ လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လွန်ခဲ့တဲ့နှစ် အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ (၂၅) ရာခိုင်နှုန်း ရှိပေမယ့် ဒီနှစ်မှာတော့ ဘတ်ဂျက်ရဲ့ (၂၁) ရာခိုင်နှုန်းသာ ရှိတာမို့ နည်းသွားတယ်လို့ ပြောနိုင်ပါတယ်။ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းမှာ စီမံကိန်းဆယ်ခု ရပ်ဆိုင်းလိုက်တာကြောင့် အသုံးစရိတ် နည်းသွားတာ ဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းအတွက် အစိုးရ စိုက်ရတဲ့ ကုန်ကျစရိတ် များသလောက် အရှုံးကလည်း များပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံပိုင်လုပ်ငန်းက အရှုံးပေါ်တဲ့ ပမာဏဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းသာ ရှိပါတယ်။

နှစ်ပေါင်းများစွာ စစ်အစိုးရဟာ ကျန်းမာရေးကဏ္ဍကို လျစ်လျူရှုခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့ (၂၀၁၁) မှာ ကျန်းမာရေး အသုံးစရိတ်ဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၁) ရာခိုင်နှုန်းကျော်ကျော်သာ ရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်တဲ့ (၂၀၁၅) မှာ (၄) ရာခိုင်နှုန်းနီးပါးအထိ ကျန်းမာရေး အသုံးစရိတ်ရှိလာတဲ့အတွက် ငါးနှစ်အတွင်းမှာ သုံးဆတိုးလာပါတယ်။ NLD အစိုးရရဲ့ ဘတ်ဂျက်မှာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်းဟာ ကျန်းမာရေး အသုံးစရိတ် ဖြစ်လာတဲ့အတွက် အများဆုံးလို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးအသုံးစရိတ် (၁၀) ရာခိုင်နှုန်းကို ဖွံ့ဖြိုးမှုမိတ်ဖက်တွေက ထောက်ပံ့ပါတယ်။ ဒီထောက်ပံ့ငွေဟာ အစိုးရဘတ်ဂျက်ထဲကို မဝင်တာမို့ ကုလသမဂ္ဂအဖွဲ့ခွဲ၊ အပြည်ပြည်ဆိုင်ရာ NGO, အရပ်ဖက်အဖွဲ့နဲ့ ပညာရှင်အဖွဲ့အစည်းတွေက ထိန်းကျောင်းပေးပါတယ်။

မြန်မာ့ကျန်းမာရေးအခြေအနေဟာ အာဆီယံဒေသမှာ အချို့တဲ့ဆုံး ဖြစ်ပါတယ်။ လူ့သက်တမ်းက (၆၄) နှစ်သာရှိတဲ့အတွက် အာဆီယံဒေသမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ဖို့အတွက် အမျိုးသားကျန်းမာရေး (၄) နှစ် စီမံကိန်းကို NLD အစိုးရ စတင်အကောင်အထည် ဖော်နေပါတယ်။ ဧပြီလ (၁) ရက်နေ့က (၂၀၂၁) မတ်လ (၃၁) ရက်နေ့အထိ အကောင်အထည်ဖော်မယ့် ကျန်းမာရေးစီမံကိန်း ဖြစ်ပါတယ်။ နှစ်စဉ်လုပ်တဲ့ စီမံကိန်း ဖြစ်တာမို့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို (၂၀၂၁) ရောက်မှ ခံစားရမှာ မဟုတ်ဘဲ၊ အဆင်သင့်ဖြစ်တဲ့ နေရာတွေမှာ စတင်ကျင့်သုံးနိုင်ဖို့အတွက် ကွင်းဆင်းလေ့လာမှုတွေ လုပ်နေပါတယ်။ အနွမ်းပါးဆုံးအုပ်စုအထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ရည်ရွယ်တဲ့ အမျိုးသားစီမံကိန်း ဖြစ်ပါတယ်။

တိုင်းပြည်တိုးတက်တယ်၊ မတိုးတက်ဘူး ဆိုတာကို သိချင်ရင် ပညာရေးနဲ့ ကျန်းမာရေးကို ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံသားတွေ ကျန်းမာရေး၊ ပညာရေးမှာ အားကောင်းရင် ဘယ်လို အခက်အခဲမဆို ကျော်လွှာနိုင်မယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရှေ့ရေးအတွက် အကောင်းဆုံး အာမခံချက်ဖြစ်တဲ့ ပညာရေး နဲ့ ကျန်းမာရေးကို မြှင့်တင်ဖို့ NLD အစိုးရ သံန္နိဌာန် ချထားပုံ ရပါတယ်။ ပညာရေးမှာလည်း (၂၀၁၆) က (၂၀၂၁) အထိဖြစ်တဲ့ အမျိုးသားမဟာဗျူဟာ (၅) နှစ် စီမံကိန်းချထားပါတယ်။ ဒီ စီမံကိန်းကြောင့် ပညာရေးအသုံးစရိတ်လည်း တိုးပွားလာတာ ဖြစ်ပုံရပါတယ်။

ပျက်စီးယိုယွင်းနေလို့ ပြင်ဆင်ရမယ့် ကျောင်းအဆောက်အဦး ခြောက်ထောင်နီးပါး ရှိတယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။ ဒီအဆောက်အဦးတွေဟာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေလို့ ဒီနှစ်ထဲ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားမဟာဗျူဟာ စီမံကိန်းဟာ ပညာရေးစနစ်တခုလုံးကို ပြုပြင်ပြောင်းလဲပြီး ပညာသင်ကြားမှုနဲ့ သင်ယူမှုကို တိုးတက်စေလိမ့်မယ်လို့ ဆိုပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးကို စတင်ဦးစားပေးတာဟာ ဒီနှစ်ဘတ်ဂျက်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ စီမံကိန်းတွေဟာ ရေရှည်အကောင်အထည် ဖော်ရမှာဖြစ်လို့ NLD အစိုးရ ဆက်လက်တည်ဖို့ရှိဖို့ကလည်း အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG