သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ROANU မုန်တိုင်း ကုန်းတွင်း ဝင်ရောက်


ရွန်နုမုန်တိုင်း အ‌ခြေအနေ ပြ မြေပုံ။ ဓါတ်ပုံ - MOI Webportal
ရွန်နုမုန်တိုင်း အ‌ခြေအနေ ပြ မြေပုံ။ ဓါတ်ပုံ - MOI Webportal

ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်လာတဲ့ ရွန်နုအပူပိုင်းမုန်တိုင်းဟာ အခုဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ် စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ်ဘက်ကို စတင် ရိုက်ခတ်လာနေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်မှာတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတချို့ဖြစ်နေသလို ရခိုင်ဘက်မှာလည်း မုန်တိုင်း ဘေးလွတ်ရာကို ဒေသခံတွေကို နေရာချထားပေးနေပါတယ်။ ပြည်သူ လူထု အနေနဲ့ မုန်တိုင်းအထူးသတိပေးကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့် နားထောင်နေကြဖို့နဲ့ မုန်တိုင်း ပညာပေး သတိပေးချက်တွေကို လိုက်နာကြဖို့ကို လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးက တိုက်တွန်းနိုးဆော်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်း ထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက ဖြစ်ပေါ်လာတဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း (ROANU) ရွန်နုလို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ အခုဆိုရင်တော့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်းဘက်ကို ဦးတည်ပြီး စတင် ဝင်ရောက် ရိုက်ခတ် လာနေပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၊ ကော့ဘဇာ၊ မြန်မာနိုင်ငံ ဘက်ခြမ်းမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောမြို့တွေ ဘက်ကို ရွေ့လျားပြီး တိုက်ခတ်နေပါတယ်။ ရွန်နု မုန်တိုင်းဟာ ကုန်တွင်းမုန်တိုင်းငယ် အဖြစ် မြန်မာနိုင်ငံဘက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဘက်ကို တိုက်ခတ်နိုင်ပြီး အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ကြေညာ ထားပါတယ်။

မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်ကတော့ မုန်တိုင်းလမ်းကြောင်းနဲ့ အနီးဆုံးဖြစ် တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းရဲ့ရိုက်ခတ်မှုအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေအပြင် ကျန်ုပြည်နယ်နဲ့ တိုင်းတွေမှာလည်း မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။

အခုဆိုရင်တော့ မုန်တိုင်း ရွန်နုရဲ့ အရှိန်နဲ့ ချင်းပြည်နယ်တွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေလို့ ချင်းပြည်နယ် ဖလမ်းမြို့ဘက်မှာ ချင်းပြည်နယ် ဟားခါး-ကလေး-ဖလမ်း ကားလမ်းမ ရဲ့နေရာ တချို့ မြေပြိုကျမှုဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာတော့ ဒေသခံပြည်သူတွေ အပါအဝင် စစ်ရှောင် ဒုက္ခသည်တွေ မုန်တိုင်းဘေးဒဏ်က လွတ်မြောက်အောင် မုန်တိုင်းလွတ်ရာ ဘေးကင်း လုံခြုံနိုင်တဲ့ နေရာတွေကို နေရာချထားပေးနေတယ် လို့ ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“အစိုးရမှာ သူတို့ သဘာ၀ ဘေးအန္တရာယ် ရောက်လာတယ်ဆိုရင် ပြည်သူတွေကို အသိပေးရတယ်။လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ အာဏာပိုင် တွေကို ခေါ်ပြီး ဘယ်လို လုပ်ရမယ် ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျွန်တော်တို့က ထင်ပါတယ်။”

ရခိုင်ပြည်နယ်အစိုးရဘက်ကလည်း သဘာဝဘေးအန္တရာယ်ကို ခါးစီး ရင်ဆိုင်နေရတဲ့ ဒေသခံ ရခိုင်ပြည်သူတွေ အတွက် မုန်တိုင်းကယ်ဆယ်ရေး ကူညီ နေရာချထားပေးရေး ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျ ဆောင်ရွက်ပေးထား သင့်သလို မုန်တိုင်းသတိပေး ကြေညာချက်တွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေး ဖို့ အရေးကြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် အမတ်ကပြောပါတယ်။

ပြည်သူလူထု အနေနဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ရုပ်မြင်သံကြား ရေဒီယို နဲ့ မိမိတို့နေထိုင်ရာ ဒေသခံအာဏာပိုင်တွေ ဘက်က အချိန်နဲ့ တပြေးညီ ထုတ်ပြန်နေတဲ့ မုန်တိုင်း အထူးသတိပေးကြေညာချက်တွေနဲ့ လိုက်နာရန်အချက်တွေကို အထူးဂရုစိုက် သတိပြုကြပါ။ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်း နိုးဆော်ပါတယ်။

“မိုးလေဝသ သတင်းတို့၊ အရေးပေါ်ကြေညာချက်တို့ ဒါတွေကို နားစွင့်နေဖို့ လိုတာပေါ့။ ပြည်သူတွေက လေ။ အချိန်နဲ့ အမျှ တပြေးညီ ကျွန်တေ်ာတို့ ထည့်နေတာတွေ ရှိပါတယ်။ MRTV ကလဲ လွှင့်နေတယ်။ အခြား နည်းလမ်းတွေနဲ့ လဲ သတင်းတွေ ပို့နေတယ်။ တကယ်က ဖြစ်ပြီးတော့မှ လိုက်ပြီးတော့ ကယ်တာထက် စာရင် ကြိုတင်ပြီးတော့ လုပ်ထားတဲ့ ကိစ္စကို ဦးစား ပေးပြီးတော့ ဆောင်ရွက်နေတယ်။ ပြည်သူတွေက ပူူးပါင်းပါဝင်ဖို့ လိုတယ်ပေါ့နော်။ ပြည်သူတွေက တကယ် အန္တရာယ်ရှိတယ် ရွှေ့ပါလို့ဆိုရင် လိုက်ရွှေ့ဖို့ လိုတာပေါ့နော်။ ပြည်သူတွေက ကျွန်တော်တို့ ပြောတဲ့၊ ဒီက သတင်းပေးနေတဲ့ မိုးလေဝသသတင်းတို့၊ အရေးပေါ် ကြေညာချက်တွေကို နားစွင့်နေဖို့ လိုတာပေါ့နော်။ ”

တချိန်တည်းမှာပဲ ဆိုင်ကလုန်းမုန်တိုင်းမတိုင်ခင်နဲ့ မုန်တိုင်းဖြစ်နေချိန် မုန်တိုင်း ရိုက်ခတ်အပြီး ပြည်သူလူထုကြုံလာရနိုင်တဲ့ အခက်အခဲတွေကို ကူညီကယ်ဆယ် စောင့်ရှောက်ပေးနိုင်ဖို့ အရေးပေါ်အဖွဲ့တွေနဲ့ အသင့်ပြင်ဆင် ထားတယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဗွီအိုအေကိုပြောပါတယ်။

“သူတို့ သတင်းအချက်အလက်တွေ သိချင်လို့ရှိရင် ဆက်သွယ်လို့ ရအောင် supply hotline ဆိုပြီးတော့ ၄၀၄ ၆၆၆၊ ၄၀၄ ၇၇၇ လိုင်းနှစ်ခုကို ကို ၂၄ နာရီဖွင့်ထားတယ်။ ဝန်ကြီးဌာနမှာပဲ EOT လို့ခေါ်တဲ့ emergency operating center ဆိုပြီးတော့ အဲဒီကနေပြီးတော့ ၂၄ နာရီ စောင့်ကြည့်နေတာ ရှိတယ်။ နောက်ပြီးတော့ ချင်းနဲ့ ရခိုင်နဲ့မှာ၊ နောက် ဧရာဝတီရောပေါ့။ ကြိုတင်ပြီးတော့ ဇာတ်တိုက် လေ့ကျင့်ထားတာ ရှိတယ်။ လူတွေက ရေကြီးတာတို့ မြေပြိုတာတို့၊ မုန်တိုင်းလာရင်တို့ ဖြစ်ရင် ပြောင်းဖို့ သတ်မှတ်ထားတဲ့ နေရာတွေ ရှိတယ်။ ချက်ချင်းသူတို့ ရွေ့ကြတာ တွေ ဘာတွေ လုပ်တယ်။ နောက်ပြီးတော့ ရိက္ခာနဲ့ ပတ်သက်လို့ ရှိရင် ရိက္ခာတွေကို သူ့နေရာနဲ့သူ ကယ်ဆယ်ရေး ပစ္စည်းတွေရော ရိက္ခာတွေရော ဖြည့်ဆည်း ထားတယ်။ ဖြည့်ပြီးသား ရှိပါတယ်။ အဲဒီအပြင် အရေးပေါ် လိုအပ်ခဲ့သော် ဆိုပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့၊ မင်္ဂလာဒုံ လေတပ်စခန်းနဲ့ မကွေး လေတပ်စခန်းမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ အဆင်သင့် စုပုံထားတယ်။ လိုအပ်လို့ရှိရင် ချက်ချင်း ရဟတ်ယာဉ်တို့၊ တပ်မတော် လေယာဉ်တို့နဲ့ သယ်မှာ။ ”

မြန်မာပြည်ဘက်ခြမ်းကို စတင်ရိုက်ခတ် လာနေပြီ ဖြစ်တဲ့ ရွန်နု ဆိုင်ကလုန်း မုန်တိုင်းဒဏ် ကြောင့် မိုးကြီးတာ၊ ရေကြီးတာနဲ့ ရုတ်တရက် မြေပြိုကျ တာတွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်နေပြည်သူတွေရော မြစ်ချောင်းကမ်းနား ကမ်းပါးတွေမှာ နေထိုင်တဲ့ပြည်သူတွေ မုန်တိုင်း ဘေးလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ ငါးဖမ်းစက်လှေတွေ ပြည်တွင်းရေကြောင်း၊ လေကြောင်းလိုင်းတွေ မုန်တိုင်း သတိပြုကြဖို့ ကို မိုးဇလဘက်က အဆက်မပြတ်နိုးဆော်နေပါတယ်။

ROANU မုန်တိုင်း ကုန်းတွင်းဝင်ရောက်
please wait

No media source currently available

0:00 0:05:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG