သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပြည်နယ် ဆန္ဒပြပွဲပစ်ခတ်မှု ရဲ ၅ ဦးသေ


ရဲ ၅ ဦးသေတဲ့Texas ပြည်နယ် ဆန္ဒပြပွဲပစ်ခတ်မှု။
ရဲ ၅ ဦးသေတဲ့Texas ပြည်နယ် ဆန္ဒပြပွဲပစ်ခတ်မှု။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတခု အတွင်း ခြောင်းမြောင်း ပစ်ခတ်တဲ့ သေနတ်သမားတွေလို့ သံသယရှိသူသုံးဦးကို ဖမ်းဆီး ထားပြီး လေးယောက်မြောက်လူကတော့ သေဆုံး သွားတယ်လို့ ဒါးလက်စ် ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒီဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် ခုနစ် ယောက်နဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရတယ်လို့ မြို့တော်ဝန်က ဒီကနေ့မနက်မှာပြောပါတယ်။

မင်နီဆိုးတားနဲ့ လူဝီစီယားနားပြည်နယ်တွေမှာ လူမည်းအမျိုးသားနှစ်ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်တဲ့ဖြစ်ရပ်တွေအပေါ် ကြာသပတေးနေ့ ညနေပိုင်းက ဒါးလက်စ်မှာ ဆန္ဒပြပွဲအတွင်း ဒီတိုက်ခိုက်မှုဖြစ်တာပါ။

သံသယရှိသူတွေဟာ ဘယ်သူတွေဆိုတာကို မြို့အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေက မပြောသေးပါ ဘူး။ ဒါပေမဲ့ သံသယရှိသူတဦးက သူဟာ လူဖြူတွေ၊ အထူးသဖြင့် လူဖြူရဲတပ်ဖွဲ့ဝင်တွေကို သတ်ချင်တယ်လို့ ရဲတပ်ဖွဲ့က စေ့စပ် ညှိနှိုင်းသူတဦးကို ပြောတဲ့အကြောင်း ဒီကနေ့မနက် သတင်းစာရှင်းလင်းပွဲအတွင်း ဒါးလက်စ်ရဲတပ်ဖွဲ့အကြီးအကဲ David Brown က ပြောပါတယ်။

Dallas police chief David Brown
Dallas police chief David Brown

အဲဒီလူဟာ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ထောင်ဖေါက်တဲ့ ပေါက်ကွဲမှု တခုအတွင်း သေဆုံး သွားပါတယ်။ အဲဒီလူရဲ့ နာမည်ကို ရဲကမပြောပါဘူး။ မကြာသေးခင်ကဖြစ်တဲ့ ရဲတွေရဲ့ပစ်ခတ်မှုတွေအပေါ် သူ မကျေနပ်တဲ့အကြောင်းနဲ့ ဘယ်အဖွဲ့နဲ့မှ မပတ်သက်ဘူးလို့ ပြောတဲ့အကြောင်းလည်း ရဲတပ်ဖွဲ့အကြီးအကဲ Brown က သတင်းထောက်တွေကိုပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းတာ အဆင်မပြေဖြစ်ပြီးတဲ့နောက် ဘာဆိုတာ အတိအကျ မပြောတဲ့ ဖောက်ခွဲရေးပစ္စည်းတခုကို ရဲတွေက ဗုံးခွဲစက်ရုပ်သုံးပြီး သူ့နားမှာဖောက်ခွဲ တာမှာ အဲဒီလူ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG