သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံပါလီမန်ညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမည်


(၂၁)ရာစု ပင်လုံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
(၂၁)ရာစု ပင်လုံညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်

ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ နေပြည်တော်မှာ စတင်ကျင်းပမယ့် AIPA အာဆီယံ ပါလီမန်များညီလာခံမှာ အဖွင့် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဦးရေ အများစု လွှမ်းမိုးထား တဲ့ မြန်မာ လွှတ်တော် ကနေ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံပါလီမန်များ ညီလာခံရဲ့ ထူးခြားချက်တွေ ဘာတွေရှိမလဲဆိုတာ မအင်ကြင်းနိုင်က တင်ပြထား ပါတယ်။

ပြည်ပခရီးစဉ်တွေကြောင့် ပင်ပန်းပြီး နေထိုင်မကောင်းဖြစ်ခဲ့ တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကျန်းမာရေးကို ပြည်သူအများ စိုးရိမ်နေကြချိန်မှာ ပထမဆုံးအကြိမ် လူမြင်ကွင်း ထွက်လာတဲ့အနေနဲ့ မနက်ဖြန်မှာ ကျင်းပမယ့် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ ဒေသတွင်း အာဆီယံနိုင်ငံတွေက ပါလီမန်အမတ် အများအပြားတက်ရောက်မယ့် ဒီညီလာခံအစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံပိုင်ရုပ်သံသတင်းဌာနက မနေ့က အခုလို ကြေညာသွားပါတယ်။

“ဒီညီလာခံဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဖွင့်မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ ညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရုံးလုပ်ငန်းဆိုင်ရာနဲ့ အမျိုးသမီးလွှတ်တော် စတဲ့ ကော်မတီ ၅ ခုက ခေါင်းစဉ် ၅ ခုနဲ့ အကြောင်းအရာ ၁၃ ချက်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း အာဆီယံနိုင်ငံများ ဆိုင်ရာ ပါလီမန်အဖွဲ့မှာ လေ့လာသူ အဖြစ် ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ အရပ်သားတပိုင်း အစိုးရတက်လာချိန် ၂၀၁၁ ခုနှစ်မှာ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့လည်း အဖွဲ့ရဲ့ ဥက္ကဌတာဝန်ယူဖို့ နဲ့ ညီလာခံကို လက်ခံကျင်းပဖို့ အလှည့်ကိုတော့ ၂၀၁၅ ရွေးကောက်ပွဲ ကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပြီးချိန်မှ အကောင်အထည် ဖော်နိုင်တာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအမတ်များ ညီလာခံ ကျင်းပရတာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာသန်းဝင်းက အခုလို ပြောသွားပါတယ်။

“ပြီးခဲ့တဲ့နှစ် ၃၆ ကြိမ်မြောက် အာဆီယံပါလီမန်ညီလာခံက မလေးရှားမှာလုပ်တယ်။ မလေးရှားမှာလုပ်တဲ့အချိန်တုန်းကတော့ ဒီအချိန် စက်တင်ဘာပေ့ါ မှတ်တမ်းတွေအရတော့ အဲဒီအချိန်မှာ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စား လှယ်အဖွဲ့တွေ သွားကြတဲ့အချိန်ကျတော့ နောက်နှစ် က မြန်မာနိုင်ငံရဲ့ အလှည့်ဖြစ်ပေမဲ့ ၂၀၁၅ တုန်းကတော့ ရွေးကောက်ပွဲကလည်း မကြာခင် လာတော့မယ်။ လွှတ်တော်ကလည်း ဇန်နဝါရီဆိုရင် ပြီးဆုံးမယ် ဆိုတဲ့အ တွက်ကြောင့် အဲဒီတုန်းကတော့ ဥက္ကဌတာဝန်ကို လက်ခံမယူခဲ့သေးပါဘူး။ အခု ၂၀၁၆ လွှတ်တော် ဒုတိယအကြိမ် စတော့မှပဲ ညီလာခံတာဝန်ကိုရော ယူပါမယ်ဆိုပြီးတော့ ဧပြီလလောက်က ဆုံးဖြတ်တဲ့အတွက် ဇွန်လလောက် ကတည်းက ဒီအစည်းအဝေးအတွက် စတင်ပြင်ဆင်တာ ဖြစ်ပါတယ်။”

အာဆီယံနိုင်ငံများဆိုင်ရာ ပါလီမန်အဖွဲ့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ် တဲ့ နောက်ခံ သမိုင်းကြောင်းကို ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်ဖြစ်ခဲ့ ပြီး ပြည်ပရောက် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက အခုလို ပြောပါတယ်။

“အခု AIPA မှာ ကျနော်တို့အနေနဲ့ အဝေးရောက်အမတ်တွေအနေနဲ့ နေရာရအောင် ကြိုးစားခဲ့ပေမဲ့လို့ အဲဒီအချိန်မှာ စစ်အစိုးရဆိုတော့ စစ်အစိုးရက အမတ်ဆိုတာ မရှိဘူး။ အမတ်တွေ ထောင်ထဲနဲ့ ပြည်ပမှာ ရောက်နေတဲ့အချိန်မှာ သူကနေပြီးတော့ တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ပဲ ကိုယ်စားလွှတ်တဲ့အချိန် ကျနော်တို့က အဲဒီအစည်းအဝေးခန်းမရဲ့ ဘေးကပဲ လုပ်ခွင့်ရခဲ့တဲ့ အနေအထားပေါ့။ အဲ့လောက်အထိ အာဆီယံဟာ ကျနော်တို့ကို ကန့်သတ်မှုတွေ ရှိတယ်။ ဒီအတွက်လည်းပဲ မိတ်ဆွေ အာဆီယံအမတ်တွေနဲ့ ကြိုးစားခဲ့ရတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာတော့ အာဆီယံနဲ့ အာဆီယံလွှတ်တော်အမတ် အဖွဲ့ဟာ စစ်အစိုးရဘက်က လိုက်ခဲ့တယ်လို့ ဒါကတော့ သမိုင်းကြောင်းအရ မှတ်တမ်းတင်ရမှာပေါ့။”

မေး - အခု ဒီအာဆီယံအမတ်တွေရဲ့ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီဆိုတော့ ဘယ်လိုထူးခြားချက်တွေ ရှိလာနိုင်မလဲရှင့်။

ဖြေ - “အာဆီယံနိုင်ငံများအစုကတော့ ကျနော်တို့ ဗမာနိုင်ငံအတွက် အရေးကြီး ပါတယ်။ အင်အားကြီး နိုင်ငံကြီး ၂ ခုအပြင် အရေးကြီးတာက အာဆီယံအုပ်စု ပဲဖြစ်ပါတယ်။ ဒီနှစ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း အမတ်တ ဦးဖြစ်လာတယ်။ နိုင်ငံရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ် လာပြီးတော့ ဒီအစည်းအဝေးက ဗမာနိုင်ငံမှာ လာပြီး ကျင်းပတော့ ဒါက ကြီးမား တဲ့ ပြောင်းလဲမှု ခြေလှမ်းကြီးတခုဖြစ်တယ်လို့ မြင်ပါတယ်။”

အာဆီယံပါလီမန်များညီလာခံကို စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက် တိုဘာလ ၃ ရက်နေ့ထိ နေပြည်တော်မှာ ၄ ရက်တာ ကျင်းပ မှာဖြစ်ပြီး၊ နိုင်ငံ ပိုင်ရုပ်သံနဲ့ ရေဒီယိုတို့ကနေ ဒီညီလာခံမှာ ဆွေးနွေးပြောဆိုမှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG