သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက်လက်မျှော်လင့်


နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေ ဒီနေ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးဟာ ဆန္ဒရှိရင် အချိန်မရွေး လုပ်လို့ရတဲ့ ကိစ္စပါလို့ ပြောလိုက်ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို NLD ခေါင်းဆောင်ပိုင်းရဲ့ သဘောထားနဲ့ ညှိပြီး အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့ ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ သုံးဦး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အချိန်နှစ်နာရီကျော် ဒီကနေ့ တွေ့ဆုံခွင့် ရခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့တဲ့ ကိစ္စတွေအကြောင်း ကိုကျော်အောင်လွင်က ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်းတို့ ဒီနေ့ တွေ့ကြတဲ့အခါမှာ အဓိက ပြောဆိုဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ရှင်းပြပါခင်ဗျ။ အထူးသဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဘယ်လိုရှိပါလဲ ခင်ဗျ။

“လက်ရှိ နိုင်ငံရေး အခြေအနေတွေရော၊ ရွေးကောက်ပွဲ အခြေအနေတွေရော အားလုံး ပြောဖြစ်ပါတယ်။ သို့သော်လည်း အရေးကြီးတဲ့ အချက်တွေ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ တရားမျှတရေးဆိုင်ရာ အတွေးအမြင်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ ရှုမြင်ချက်တွေကို ပြောပါတယ်။ သို့သော်လည်း အဲဒါတွေကို အဖွဲ့ချုပ် လူကြီးများနဲ့ တွေ့ပြီးတော့ ပြောပြပါ။ အဖွဲ့ချုပ် လူကြီးများရဲ့ ဆန္ဒနဲ့အညီ ထုတ်ပြန်ပါလို့ ကျနော့်ကို ပြောလိုက်ပါတယ်။ ဒါကြောင့် အဲဒါတွေ အသေးစိတ်တော့ လောလောဆယ် ကျနော် မပြောနိုင်ဘူး။

“လောလောဆယ် ကျနော် ပြောနိုင်တာက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ စိတ်ဆန္ဒ တကယ်ရှိလို့ရှိရင် အချိန်အခါမရွေး ဆောင်ရွက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်လို့ အဲဒီလို ပြောပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တခြား မှတ်ချက်ပေးတာရော ရှိပါသလားခင်ဗျ။

“ရွေးကောက်ပွဲဝင်မယ့် တချို့ ပုဂ္ဂိုလ်တွေက မီဒီယာမှာပြောတာ ကြားတယ်တဲ့။ အဲဒါကတော့ မဲပေးဖို့ ဆန္ဒရှိတဲ့ ပြည်သူလူထုအတွက် ရွေးကောက်ပွဲဝင်ဖို့ လိုအပ်တယ်လို့ ပြောတယ်တဲ့။ အဲဒီလို တွေးလို့ရှိရင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ပြည်သူ့ဆန္ဒကို ဘာမှ ထည့်မပြောရင် ရှေ့နောက် ဘယ်ညီမလဲတဲ့။ အဲဒါ ပြောပါတယ်။”

NLD ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ အခုကျင်းပမယ့် ရွေးကောက်ပွဲကို NLD အနေနဲ့ သပိတ်မှောက်တယ်ဆိုပြီး ကြေညာထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောကရော ဘယ်လိုရှိပါသလဲ ခင်ဗျ။

“ကျနော် အဲဒါ မနက်ဖြန်မှ ပြောပါရစေ။ သူပြောလိုက်ပါတယ်၊ ကျနော် လူကြီးတွေကို ပြောဦးမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စရော ဒီနေ့ ပြောဖြစ်လားခင်ဗျ။

“အမှုကိစ္စလည်း ပြောဖြစ်တယ်။ အမှုကိစ္စကလည်း အမှုက မပေါ်သေး၊ ကျနော်တို့လည်း ရေးပြီးသား စာကြမ်းတွေကို ထပ်ခါထပ်ခါဖတ်၊ ပြင်ဆင်တာတွေ၊ လိုအပ်တဲ့ ဖြည့်စွက်တာတွေကို ကျနော်တို့ ဒီနေ့ ရှင်းပြခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိပါသလဲခင်ဗျ။

“ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ ခါတိုင်းလိုပါပဲ၊ တက်တက်ကြွကြွပါပဲ။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG