သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU အထောက်အပံ့ အရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည် - EU သတင်းစာ ရှင်းလင်းပွဲ
ဒေါ်အောင်ဆန်းစုကြည် - EU သတင်းစာ ရှင်းလင်းပွဲ

မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဥရောပ သမဂ္ဂရဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပ သမဂ္ဂ အကြီးအကဲတွေ ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ် အတွင်း ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့တော်ကို ရောက်ရှိနေတာမှာ ဘုရင်၊ ဝန်ကြီးချုပ်တို့နဲ့လည်း မြန်မာ့ အရေး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ ဥရောပ ကောင်စီရဲ့ ဒုတိယ အကြီးအကဲလည်း ဖြစ် နိုင်ငံခြားရေးရာနဲ့ လုံခြုံရေး မူဝါဒရေးရာအကြီးအကဲ Federica Mogherini က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ဥရောပ သမဂ္ဂဘက်က အရပ်ဘက် အထောက်အကူ အနေနဲ့ အကောင်းဆုံး ဘာတွေ ဆက်ပြီး ထောက်ပံ့ ပေးသွားနိုင်မလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်း အနည်းငယ်ထဲမှာ ဥရောပသမဂ္ဂလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံနဲ့ ပြည်သူတွေ အပြည့်အ၀ ခံစားရအောင် ဘယ်လို ပိုပြီး ထောက်ပံ့ပေးသွားနိုင်မလဲ ဆိုတာကိုလည်း အမြင်ချင်း ဖလှယ်ကြပါတယ်။ ”

ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရိုဟင်ဂျာ မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး အဓိက မေးမြန်းခဲ့ကြတာပါ။

ရခိုင်ပြည်နယ်က မတည်မငြိမ် ဖြစ်နေတဲ့ ဒေသတွင်း သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်ကန့်သတ်ထားတဲ့ အခြေအနေ၊ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုဘာကြောင့် လစ်လျူရှုထားပါသလဲဆိုတဲ့ သတင်းထောက် တဦးရဲ့ မေးမြန်းမှုကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ ကျမတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားလည်ဖို့ လိုပါတယ်။ ကျမတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်က မလှုပ်သာ မလှည့်သာ အခြေအနေမျိုးရှိနေတာပါ။ လူမှု အသိုင်းအဝိုင်း နှစ်ခုလုံးက တဖက်နဲ့ တဖက် မယုံကြည်ကြတာဟာဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီး ရှိခဲ့တာပါ။ ရခိုင် ပြသနာက ၁၈ ရာစုကတည်းပါ။ ဒါကို တနေ့တည်း တညတည်း တထိုင်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ အချိန်ပေးဖို့ ကျမတို့ ပြောနေတာပါ။ အဓမ္မပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ စတဲ့ စွပ်စွဲချက်တွေကို ကျမတို့ လစ်လျူရှု မထားပါဘူး။ လူတိုင်းကို တိုင်ကြားခွင့် ပေးထားတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြသူတွေ အားလုံးက ဒီအခြေအနေတွေကို နားလည်ကြပါတယ်။ ”

မောင်တော ဒေသတွင်းမှာ သတင်းထောက် အဖွဲ့တွေကို ၂ ကြိမ်တိုင်တိုင် သတင်းရယူခွင့် ပေးခဲ့ပြီး ဒီနှစ်ကြိမ် စလုံးမှာလည်း ဖြေကြားခဲ့ကြတဲ့ ဒေသခံတွေ သတ်ဖြတ်ခံရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာပါ။ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ရခိုင် ပြည်နယ်တွင်း စုံစမ်းရေး ကော်မရှင် စေလွှတ်ဖို့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရဘက်က လက်သင့်မခံတဲ့ အခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ စုံစမ်းရေး အဖွဲ့ စေလွှွတ်ဖို့ဆိုတဲ့ ကုလ ဆုံးဖြတ်ချက်ကို ကျမတို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်က တကယ့် အဖြစ်အပျက်တွေနဲ့ ကိုက်ညီတယ်လို့ ကျမတို့ မထင်ပါဘူး။ ကျမ အရင်က ပြောခဲ့သလိုပါဘဲ။ ဒေါက်တာ အာနန်ရဲ့ အကြံပြုချက်တွေကို လုံး၀ လက်ခံပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူ့ကော်မရှင်က ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အချက်အလက် စုဆောင်းပြီး တွေ့ခဲ့ရတဲ့ အခြေအနေမှန်တွေ အပေါ် အခြေခံပြီး အဆိုပြုတာကြောင့်ပါ။ အဆိုပြုချက်တွေ အနေနဲ့ မြေပြင် အခြေအနေမှာ တကယ်တန်း လိုအပ်ချက်တွေ ဖြစ်တယ်ဆိုရင် ကျမတို့ အနေနဲ့ ကျေကျေနပ်နပ် လက်ခံ ဆောင်ရွက်မှာပါ။ ဒါပေမယ့် ဒီအဆိုပြုချက်တွေက ရခိုင်ပြည်နယ်က လူမှု အသိုင်းအဝိုင်း ၂ ခုကို နောက်ထပ် ကွဲပြားမှုတွေ ဖြစ်စေမယ်ဆိုရင်တော့ ကျမတို့ အနေနဲ့ လက်သင့်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တချိန်လုံး တင်းမာမှုတွေ ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်မှာ မဟုတ်လို့ပါ။ ”

ဥရောပ သုံးနိုင်ငံ ခရီးစဉ်အတွင်း ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ဘယ်လ်ဂျီယံ ဘုရင် Phillippe နဲ့ ဘုရင့် နန်းတော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီနောက်မှာတော့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Charles Michel နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ဥရောပ ကောင်စီ အကြီးအကဲ Donald Tusk နဲ့ သီးခြားတွေ့ဆုံ ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ သုံးနိုင်ငံ ခရီးစဉ်ကတော့ ဘယ်လ်ဂျီယံ နိုင်ငံကနေ အီတလီကို ခရီးဆက်မှာ ဖြစ်ပြီး ဒီနောက်မှာတော့ ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမှာပါ။ ဗြိတိန်မှာတော့ မြန်မာ မိသားစု အသိုင်းအဝိုင်းနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG