သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးသူ မထိုးသူ ငြိမ်းချမ်းရေးရံပုံငွေ အညီအမျှ ခွဲဝေမည်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး တက်ရောက် နေပြည်တော် ဖေဖော်ဝါရီ ၂၃- ဓါတ်ပုံ Myanmar State Counsellor Office
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး တက်ရောက် နေပြည်တော် ဖေဖော်ဝါရီ ၂၃- ဓါတ်ပုံ Myanmar State Counsellor Office

NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေအပါအဝင်၊ အစိုးရရဲ့ ငြိမ်းချမ်းရေးဗဟိုဌာန အသုံးပြုဖို့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇)သန်းကျော် သုံးစွဲမယ့် ဘတ်ဂျက်ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ရံပုံငွေ ခွဲဝေသုံးစွဲဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေဟာ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရံပုံငွေသုံးစွဲဖို့ အရင်ရှိနေတဲ့ JCB ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရံပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရဘက်က ကိုယ်စားလှယ် (၁၀)ဦးနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းတွေဘက်က ကိုယ်စားလှယ် (၁၀)ဦး အညီအမျှပါဝင်ပါတယ်။ JCB ရဲ့ ထူးခြားချက်က NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ မထိုးထားတဲ့ အဖွဲ့တွေရော အပါအဝင် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ စတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အားလုံးနီးပါး ပါဝင်ပါတယ်။ ဒါအပြင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂဘက်က ကူညီပါဝင်မယ့် အခန်းကဏ္ဍကို ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Peter Bachelor တက်ရောက်ပြီး ပြောကြားခဲ့တဲ့အချက်တွေအပေါ်မှာနှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

မနေ့က အစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရုံးလုပ်ငန်းဆိုင်ရာအတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၄.၇) သန်း သုံးစွဲဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။ အစိုးရရဲ့ NRPC အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနအတွက် အမေရိကန်ဒေါ်လာ (၂.၅)သန်းသုံးစွဲဖို့ လည်း သဘောတူညီခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရံပုံငွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ခွဲဝေသုံးစွဲဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ အခုလို စီမံခန့်ခွဲမှုဟာ အပြုသဘောဆောင်ပေမယ့် တဖက်မှာလည်း ဖိအားပေးမှုတွေရှိနေကြောင်း ကချင်မဟာမိတ် ဥက္ကဌ Gum Sang ကပြောပါတယ်။

“အစိုးရက အပြုသဘောဆောင်တဲ့ဟာတွေတော့ ကြိုးစားနေတာပေါ့ ကျနော်တို့ မြင်ရတာပေါ့နော်၊ ဒီလိုတဘက်က အဲလိုပြောတယ်၊ ဒါပေမယ့် တဘက်ကတော့ တိုင်းရင်းသားတွေဘက်က ပိုပြီးမှ ပြည်ထောင်စုစိတ်ဓါတ် ရှိသင့်တဲ့ဟာတွေဆိုပြီးတော့ စကားထွက်လာပြန်တယ် ဒါတွေက ပြောင်းပြန် ပြန်ဖြစ်စေတယ်လို့ တချို့ခံစားရတယ်။ အဲဒီလို ၂ ခု ဒွန်တွဲနေတယ်။

မေး။ ။ ဒွန်တွဲနေတယ်ဆိုတာ ဘာကိုဆိုလိုတာပဲသလဲရှင့်။

ဖြေ။ ။ဘာလို့ ဒီလို ကြာရှည်နေတာလဲဆိုတာတွေပေါ့နော် ကျနော်တို့ တိုင်းရင်းသားတွေကိုပြောင်းပြန် ပြန်မေးနေတာတွေပေါ့နော်၊ ဘာလို့ ဒီလိုမျိုးလက်မှတ်မထိုးနိုင်သလဲဆိုတာတွေ ဒီဟာတွေက ကျနော်တို့ကို ပိုဖိအားပေးတဲ့ အသံတွေ ထွက်နေတာပေါ့နော်။ ဆိုတော့ တနိုင်ငံလုံးလွှမ်းခြုံရင်တော့ ကျနော်တို့ ကချင်ပြည်နယ်၊ ကျနော်တို့ ဒီမြောက်ပိုင်းမှာဆိုရင် အဖွဲ့တွေက အကုန်လုံးဆက်စပ်ပြီးနေနေတဲ့ ဒေသတွေက တဖွဲ့ပဲထိုးပြီးမှ ကျန်တဲ့တဖွဲ့မထိုးရင် ဒီတိုက်ပွဲကို ပြန်ပြီးတော့ ဆွဲသွင်းလာမယ့် ကိစ္စတွေအများကြီး ရှိတယ်။ ဒီဟာတွေက စိုးရိမ်စရာကောင်းတယ်။ ပထဝီအနေအထား အနေနဲ့မဖြစ်နိုင်တဲ့ သဘောရှိတယ်။ တချို့ကိုချန်ပြီးမှ တချို့ကို ထိုးခိုင်းတဲ့ကိစ္စတွေကိုပြောတာပါ။ အစိုးရနဲ့ တပ်ဘက်က တထပ်တည်းမကျနေဘူး။

မေး။ ။ အစိုးရနဲ့ တပ်ဘက်က တထပ်တည်းမကျဘူးဆိုတာ ဘယ်လိုအချက်မျိုးတွေတွေ့ရသလဲ။

ဖြေ။ ။ဥပမာ လက်မှတ်ထိုးပြီးပြီဆိုရင် တနိုင်ငံလုံး ကြေညာသင့်တာပေါ့နော်။ အစိုးရကတော့ ကြေညာချင်တဲ့သဘော သဘာ၀ ကျနော်တို့ ကြားသိရတယ်၊ ဒါပေမယ့် တပ်ဘက်ကတော့ ဒီလိုအသံ ကျနော်တို့ မကြားရဘူး။ ပြန်ဆွေးနွေးပါ ဆိုတဲ့ဟာမျိုးနဲ့ ရှောင်တာပေါ့နော်။ နောက်တခုကတော့ တပ်တွေ နေရာချထားရေးကိစ္စတွေမှာ။ တပ်တွေ နေရာချထားရေးကိစ္စမှာ တခြားအဖွဲ့ကတော့ ကျနော်မသိဘူး၊ ဒါပေမယ့် ကျနော်တို့ ကချင် KIO တို့ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်-၃ နှစ်ကတည်းက ဒီအကြောင်းဆွေးနွေးဖို့ စောင့်နေတာပါ။ ဒီအကြောင်းမဆွေးနွေးဖြစ်ဘူးပေါ့နော်၊ ရွှေ့တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ထိုးစစ်ဆင်မှုတွေကလည်း ရှိနေတာ ဆိုတော့ ကျနော့်အမြင်ကတော့ ထိုးစစ်ဆင်မှုတွေရှိနေတာတွေက ဒီတပ်နေရာချထားရေးကို အကြုံးဝင်နေတယ်လို့ ကျနော်တို့ မြင်တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပူးပေါင်းပါဝင်လာဖို့ အစိုးရအနေနဲ့ ကြိုးပမ်းနေကြောင်း၊ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေရော လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို တတ်နိုင်သလောက် ခွဲခြားဆက်ဆံခြင်းမပြုကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အပြည့်အဝပါဝင်နိုင်ဖို့အဓိကလမ်းကြောင်းဟာ (၂၁)ရာစုပင်လုံညီလာခံသာ ဖြစ်ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG