သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သြဂုတ်လအတွင်း သွားရောက်ဖို့ရှိ


လာအိုနိုင်ငံမှာကျင်းပတဲ့ (၄၉)ကြိမ်မြောက် အာ ဆီယံနိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဇူလိုင် ၂၄ ရက် ၂၀၁၆)
လာအိုနိုင်ငံမှာကျင်းပတဲ့ (၄၉)ကြိမ်မြောက် အာ ဆီယံနိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဇူလိုင် ၂၄ ရက် ၂၀၁၆)

လာအိုနိုင်ငံ ဗီယင်ကျန်း မှာကျင်းပနေတဲ့ (၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ တရုတ်နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး တနင်္ဂနွေနေ့က သီးသန့်တွေ့ ဆုံပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သြဂုတ်လအတွင်း သွားရောက်ဖို့အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားဖို့ရှိပေမယ့် အချိန်ကိုတော့ ညှိုနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးနှစ်ဦးတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ဖို့ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့တာပါ။

ဒီအတောအတွင်း တောင်တရုတ်ပင်လယ်ပိုင်နက်အရေး အာဆီယံအစည်းအဝေးတွင်း မြန်မာရဲ့ရပ်တည်ချက်ဟာ အတိမ်းအစောင်းမခံပဲ နှစ်ဖက်မျှတမှုရှိအောင် ထိန်းညှိုဆက်ဆံတာတွေ့ရကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးဆွေးနွေးပွဲ အတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ဖို့ို တရုတ်အစိုးရ ရဲ့ဖိတ်ကြားချက်ကို မစ္စတာ ဝမ်ရိက ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံတွင်း သတင်းတွေအလျှင်အမြန်ထွက်ပေါ်လာကြောင်း တရုတ်နိုင်ငံက မကြာခင်ရက်ပိုင်းအတွင်း ပြန်ရောက်လာတဲ့ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun က ဗွီအိုအေကို ပြောပါတယ်။

“တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန်ပဲ ဖေါ်ပြနေတဲ့ သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို သြဂုတ်လလယ်မှာ လာရောက်ဖို့ စီစဉ်ထားတယ်ဆိုတာပါပဲ။ အမေရိကန်ပြည်ထောင်စုကို သူသွားရောက်မယ့်ခရီးစဉ်က စက်တင်ဘာလလယ်လောက် ကုလသမဂ္ဂညီလာခံကြီး မကျင်းပမှီသွားဖို့ရှိတယ်ဆိုတာကိုလည်း ကျမတို့ သတင်းတွေရထားပါတယ်။”

အစိုးရထိပ်ပိုင်းခေါင်းဆောင်တဦးအနေနဲ့ တရုတ်နိုင်ငံကိုသွားမယ့်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NLDဥက္ကဌအနေနဲ့ရော ပြည်သူ့လွှတ်တော်အမတ်တဦးအနေပါ ၂၀၁၅ခုနှစ်ဇွန်လက ပထမဆုံး အကြိမ်သွား ရောက်ခဲ့ပါတယ်။

ဝန်ကြီးနှစ်ဦးသီးသန့်ဆွေးနွေးပွဲအတွင်း တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စအရေးပြောဆိုရာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေအားလုံး လိုက်နာ ရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ကို ထိရောက်စွာ အကောင်အထည်ဖေါ်ရေးနဲ့ ငြိမ်းချမ်းစွာ လက်တွဲဖြေရှင်းရေးမူအပေါ်မှာ မြန်မာအနေနဲ့ ရပ်တည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ အခုလို မြန်မာရဲ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ Yun Sun ကသူရဲ့သုံးသပ်ချက်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက တရုတ်ဖက်က ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီလို မဖြစ်လာခဲ့ပါဘူး။ ဒါကြောင့် တောင်တရုတ်ပင်လယ် ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်က ကြားနေတယ်၊ နှစ်ဖက်မျှတတယ်၊ အတိမ်းအစောင်းမရှိတော့ အန္တရာယ်ကင်းတယ်လို့ ဆိုရမှာပါ။”

အခုလို မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ အာဆီယံဒေသတွင်းဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း Yun Sun ကအခုလိုပြောပါတယ်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီး ထိပ်သီးညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့မှုနဲ့ပတ်သက်လို့ ဒါဟာ သူ့ NLD အစိုးရတက်လာပြီး နောက်ပိုင်း သူ့အတွက် ပထမဦးဆုံးတက်ရောက်တဲ့ အာဆီယံညီလာခံပဲဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တဦး လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။”

တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲဥက္ကဌ အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-သြစတြေးလျ မိတ်ဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှုး အဖြစ် ၂၀၁၅-၂၀၁၈ ခုနှစ်အထိ တာဝန်ယူထားတာကြောင့်လည်းဖြစ်ပါတယ်။ အစည်းအဝေးကိုတက်ရောက်လာတဲ့ အာဆီယံမိတ်ဖက်နိုင်ငံတွေက ရုရှ၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG