သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအရ ယာယီအနားယူ


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ အနားယူူနေရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် တွေ့ဆုံဖို့ စီစဉ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကိုလည်း ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပါတယ်။ ပြည်ပ ခရီးစဉ် အတွင်း အလုပ်များလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပင်ပန်းသွားတာ ဖြစ်ပြီး ကျန်းမာရေးက အထူးစိုးရိမ်စရာ မရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုနေပေမယ့်လည်း စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းလို့ ရန်ကုန်မြို့က သူမအိမ်မှာ အနားယူနေရပါတယ်။ ကျန်းမာရေး အရ ရက်အနည်းငယ် အနားယူမယ်လို့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“နံပတ် ၁ က ခရီးပန်းတာပေါ့နော်။ ခရီးပန်းတယ် အချိန်တွေအရမ်းကျပ်တယ် အဲဒါကြောင့် ပင်ပန်းသွားတယ်။ နံပတ် ၂ အချက်က သူအစားအသောက်မမှန်တော့ အစာအိမ်ရောင်တယ်ပေါ့။ နံပတ် ၃ အချက်ကတော့ ကွန်ပြူတာကြည့်တာများပြီးတော့ အရိုးကြီးပေါင်းတက်တဲ့ဟာ အဲဒါဖြစ်တယ်ပေါ့။ အဲဒီ ၃ ခု ဆုံပြီးတော့ ဖြစ်တာပေါ့ အခုလောလောဆယ်တော့ ကျတော်တို့ပြန်စစ်ဆေးပြီးတော့ ဒီအချက်တွေသွားတွေ့ရတယ် ။ တွေ့တော့ ရက်အနည်းငယ် နားရမယ်၊ ဟုတ်အခု အိမ်မှာနားနေတယ်။”

ကျန်းမာရေးအရ အနားယူဖို့ လိုအပ်တာကြောင့် စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့လည်း သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“အရေးကြီးတဲ့အခမ်းအနားတခု ရှိတယ်။ အဲဒီမှာမှသူ မပင်ပန်းအောင်လို့ပေါ့ အဲဒီလို ရက်ခွာလိုက်တာ ။ အဲဒီအတွက် ဒီဟာကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့ဟာကို ခဏရွေ့ဆိုင်းလိုက်တာပေါ့ ကျမ်းမာရေးအရ စိုးရိမ်စရာမရှိပါဘူး။ ရက်အနည်းငယ် နားပါမယ်။ ရက်အနည်းငယ် ပါ ရက်ပိုင်းနားပါမယ်။”

မနေ့ညက ရန်ကုန်မြို့ကို ပြန်ရောက်လာချိန်မှာ လေဆိပ်ထဲကနေ ဒေါ်အောင်ဆန်းစုကြည် ဘီးတပ် ကုလားထိုင်နဲ့ ထွက်လာတဲ့ ဓာတ်ပုံ တခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပြီးနောက် သူမရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက

“ ဒီလိုအမျိုးသမီးမျိုး ၊ ဒီလိုခေါင်းဆောင်မျိုး ဆိုတာက ကျနော်မွေးကတည်းက ဒီအရွယ်အထိကျနော် ၁ ခါပဲတွေ့ဖူးသေးတာ။ ကျနော့်အသက် ၅၀ ကျော်သွားပြီ အဲဒါ ဒီလိုပဲ တွေ့ဖူးသေးတယ်။ ဒါပေမယ့် ကျနော်မနေ့ညကကျတော့လေ မျက်ရည်တောင်ကျတယ် စိတ်ပူလို့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ကျနော်တို့အမေဆီကနေပြီးတော့ ကျနော်တို့ သင်ရမယ့်၊ ယူရမယ့် ပညာတွေက အများကြီးရှိသေးတယ်။ ကျနော်ကတော့လေ အမေ့ကို အားကိုးနေတာထက်စာရင် အမေလိုဖြစ်ဖို့က ကျနော်တို့မှာ အများကြီးလိုအပ်တယ်၊ အများကြီးတာဝန်ရှိတယ်။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသလို ပြည်ပခရီးတွေ သွားရောက်ရတာလို လုပ်ငန်းတာဝန်တွေ များလှပေမယ့် တကယ်တန်း လက်တွေ့ အခြေအနေမှာ ခွဲဝေပေးဖို့ကလည်း သိပ်ပြီး မလွယ်လှဘူးလို့ စာရေးဆရာ ဦးမိုးသူက ဆိုပါတယ်။

“အရေးကြီးတာကတော့ သူကျန်းမာရေးကောင်းဖို့ပဲ ဝိုင်းဆုတောင်းရမှာပဲ လုပ်ပေးရမှာပေါ့ ဒီလိုပဲရှိတာပဲ။ ဘာလို့လဲဆိုတော့ သူလုပ်တဲ့ကိုင်တဲ့အလုပ်တွေက သူပဲလုပ်နိုင်သလိုဖြစ်နေတယ် လောလောလတ်လတ်ကတော့ သူတွေးတဲ့အတွေးအခေါ်ကလည်း သူပဲ တွေးတတ်သလိုဖြစ်နေတယ်။ အထိုက်အလျောက်လည်း သူခွဲဝေတော့ပေးပါတယ်။ သို့သော်လည်း အဲဒီဟာတွေ အကုန်လုံးကလည်း သူစိတ်မချဘူးထင်တယ် အကုန်လုံးသူပါနေတာကို။”

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုညဏ်နိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အလုပ်တာဝန်တွေကို ခွဲဝေပေးသင့်တယ်လို့ ဆိုပါတယ်။

“ကျနော်တော်တော်လေးကို စိုးရိမ်တယ်။ သူ့အသက်အရွယ်နဲ့ တာဝန်တွေကလည်း မမျှဘူးပေါ့နော် အသက်အရွယ်နဲ့ တာဝန်တွေကလည်း တအားကိုများတယ်။ နောက်ပြီးတော့ တာဝန်တွေနဲ့ပတ်သက်ပြီး လက်လွဲစေချင်တယ် အရာရာကိုပေါ့ သူတယောက်တည်း ခေါင်းခံပြီးတော့ ၊ ဦးစီးပြီးတော့ ထောင့်စေ့အောင် ထောင့်စေ့အောင်လုပ်နေတယ်ဆိုတော့ ဒီအချိန်မှာ ဖြစ်နိုင်ရင် ကျနော်သိပ်ပြီးတော့ သူ့အတွက် တော်တော်လေးစိုးရိမ်ပါတယ် အမေစုအတွက်လေ။ ဖြစ်သင့်တာကတော့ တချို့ကိစ္စတွေကို လမ်းညွန်ပြပြီးတော့ ထောင့်စေ့အောင် စီမံခန့်ခွဲပြီးတော့ ၊ နေရာတကာ ကိုယ်ထိလက်ရောက်ဆိုတာကတော့ မဖြစ်နိုင်ဘူး ၊အခုဟာက အစိုးရ ယန္တရား တခုလုံးကို သူ့တယောက်တည်း ထောက်ထားရသလို ဖြစ်နေတာ။”

ဗြိတိန် အမေရိကန် ခရီးစဉ် အတွင်း နိုင်ငံခေါင်းဆောင်တွေ၊ ကုလညီလာခံတွေ၊ လူထု တွေ့ဆုံပွဲတွေ ဆက်တိုက် တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး အခြေအနေကြောင့် ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဖက်များ တွေ့ဆုံပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ကျန်းမာပါစေကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆုတောင်းပေးခဲ့တာပါ။ အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့က သူမ နေအိမ်မှာ အနားယူနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG