သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တွေ့ဆုံ


ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တွေ့ဆုံ
ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တွေ့ဆုံ

ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ ဗြိတိန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ အင်္ဂါနေ့မနက်ပိုင်း ဝန်ကြီးချုပ်ရုံး အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အရပ်သားအစိုးရသစ်လက်ထက် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး အဓိကထား ဆွေးနွေးပါတယ်။ ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိလာ မှာလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ် နောက်ဆုံးရသတင်းကို မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ စက်တင်ဘာလ ၁၃ရက်နေ့ အင်္ဂါနေ့ မှာ အမှတ်(၁၀) ဒေါင်းနင်းလမ်း က ဝန်ကြီးချုပ်ရုံး အိမ်တော်မှာ ဗြိတိန်ဝန်ကြီးချုပ် Theresa Mayဟာ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်န ဲ့တွေ့ဆုံခဲ့ပါတယ်။ အရပ်သား အစိုးရသစ်ရဲ့ ဖော်ဆောင်နေတဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေးတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင် ဖို့အရေးတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Theresa May နဲ့တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့ပါတယ်။

“အခုလိုတွေ့ဆုံရတာကို ဝမ်းမြောက်ကြောင်း နဲ့ အရင်တခေါက်လာတုန်းကနဲ့ မတူ တမူကွဲပြားနေတာ ရာသီဥတု အပြောင်းအလဲကြောင့်လည်းဖြစ်နိုင်ကြောင်း အခုလို နိုင်ငံရေးအပြောင်းအလဲမှာ အလုပ်တွေ များတဲ့ကြားက အခုလို တွေ့ဆုံတဲ့အတွက် ဝမ်းသာကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာပါ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေမှုများ၊ လူငယ်များအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေတာတွေ ပညာရေးကဏ္ဍတွင် အခြေခံပညာအဆင့်မှစတင်၍ အဆင့်မြှင့်တင်ရေးအတွက်ဆောင်ရွက်နေတာတွေကို ဗြိတိန်ဝန်ကြီးချုပ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ကျန်းမာရေး နှင့် ပညာရေးကဏ္ဍများတွင် နည်းပညာ နှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်မှုများအတွက် ကူညီမှုများ ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘက်ကလည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ချောမွေ့တဲ့ နိုင်ငံရေး အကူးအပြောင်းတို့အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကဏ္ဍတွေမှာ ဗြိတိန်နိုင်ငံဘက်က ကူညီပေးသွားဖို့အတွက် ကြိုးစားသွားမှာဖြစ်ကြောင်း နဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုလည်း ပိုမိုတိုးမြှင့်ရန်ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်၊ မြန်မာနိုင်ငံတွင် ဗြိတိန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်နိုင်မည့် အခွင့်အလမ်းများရှာဖွေနိုင်ဖို့အတွက် မကြာမီကာလအတွင်း ဗြိတိန် လန်ဒန်မြို့တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ဖရင့်တစ်ခုပြုလုပ်ရန်ရှိကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့်နည်းလမ်းတွေကိုရှာဖွေနိုင်ခဲ့သလို၊ မြန်မာနိုင်ငံမှာ ဗြိတိန်နိုင်ငံဘက်က စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်နိုင်မည့် အခွင့်အလမ်းများ နှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး နှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့တာမို့ အောင်မြင်တဲ့ ခရီးစဉ်တခုအဖြစ် နှစ်နိုင်ငံရေးလေ့လာသူတွေဘက် သုံးသပ်မှုတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံခရီးစဉ် အဆုံးမသတ်ခင် အမေရိကန်ပြည်ထောင်စုကို မထွက်ခွာခင်လေးမှာပဲ ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူအချို့နဲ့ သူမတည်းခိုတဲ့ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ သွားရောက်တွေ့ဆုံခဲ့တဲ့ ဒေါက်တာဝင်းနိုင်က ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလမှာ စိန်ခေါ်မှုတွေနဲ့အတူ ဆက်ပြီးတော့ ဆောင်ရွက်သွားဦးမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့တယ်လို့ အခုလိုဖြေပါတယ်။

“ဆွေးနွေးဖြစ်တာကတော့ ဒီကိစ္စကတော့ လူတွေက ဒီမိုကရေစီရပြီထင်နေတာ အခုမှ လမ်းပေါ်ရောက်တာ မရသေးဘူးပေါ့ ။ ဆက်ပြီး စည်းစည်းလုံးလုံးနဲ့ ညီညီညွှတ်ညွှတ် လုပ်ဖို့လိုတယ်ပေါ့။ အဲလိုလုပ်ကြပါပေါ့ အရေးကြီးတယ်ပေါ့။ ဆိုလိုချင်တာကတော့ ပေါ့မနေနဲ့ပေါ့။

မေး။ ။ လန်ဒန်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ၂ နိုင်ငံဆက်ဆံရေး အထူးသဖြင့် ဝန်ကြီးချုပ်နဲ့လည်း တွေ့တယ်၊ သူနိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့တယ်။ လွှတ်တော်အကြီးအကဲတွေနဲ့လည်းတွေ့တယ်၊ အစိုးရပိုင်းဘက်က တာဝန်ရှိတဲ့လူတွေနဲ့ တွေ့ခဲ့တော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြားမှာပေါ့နော် ဘယ်လောက်အတိုင်းအတာထိ ကောင်းကျိုးရလဒ်တွေ ရနိုင်မယ်လို့ မျှော်လင့်ချက်တွေ ရှိပါသလဲဆရာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့ နိုင်ငံခေါင်းဆောင် တယောက်လာတယ်ပေါ့နော် သူတို့ကလည်း တကယ့်ကိုအရေးတယူနဲ့ လုံခြုံရေးကအစ တကယ့်ကို သိက္ခာရှိရှိ ကြိုဆိုတယ်ပေါ့နော်။ နောက်အားလုံးပေါ့နော် ကျနော်တို့ အင်မတန် အလွန့်အလွန်အောင်မြင်တာပေါ့နော် ။ နိုင်ငံ့အကြီးအကဲတွေကနေပြီးတော့ အထူးကြိုဆိုပြီးတော့ တကယ့်ကိုအရေးတယူလုပ်ပြီးတော့ လေးလေးစားစားဆက်ဆံကြတယ် ဆွေးနွေးကြတယ် သမိုင်းတွင်လောက်တဲ့ ခရီးစဉ်ပါ။”

ဒါကတော့ အခုလေးတင်ပဲ အမေရိကန်ပြည်ထောင်စု ကိုထွက်ခွာသွားတော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူ ဒေါက်တာဝင်းနိုင်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အင်္ဂါနေ့နှောင်းပိုင်းမှာပဲ ဗြိတိန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိ လာမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ရက်နေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် ဒုသမ္မတ Joe Biden ၊ နိုင်ငံခြားရေးဝန်ကြီး John Kerry တို့အပြင် တခြား အစိုးရ အရာရှိတွေ၊ ထိပ်တန်း လွှတ်တော်အမတ်တွေနဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံသွားဖို့ရှိသလို စက်တင်ဘာလ ၁၅ ရက်နေ့မှာတော့ US Chamber of Commerce နဲ့ US – ASEAN Business Council တို့က ပူးတွဲပြီး အမေရိကန်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီအကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့ ဧည့်ခံပွဲ စီစဉ်ထားပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ဝါရှင်တန်ဒီစီမြို့တော်ကနေ နယူးယောက်မြို့ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မြို့ရှိ Asia Society Policy Institute မှာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မြန်မာ့ဖွံ့ဖြိုးရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG