သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မွေးနေ့အကြို ကျပန်းစကားပြိုင်ပွဲ ကျင်းပ


ဒေါ်စု မွေးနေ့ပွဲ ဖိတ်ကြားစာ။
ဒေါ်စု မွေးနေ့ပွဲ ဖိတ်ကြားစာ။

နောင်လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ NLD ပါတီထဲက လူငယ် ခေါင်းဆောင်တွေ ပေါ်ထွန်း လာစေဖို့အတွက် ရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပတ္တိ ၊ သူပြောကြားခဲ့တဲ့ မိန့်ခွန်းတွေနဲ့ပတ်သက်တဲ့ ကျပန်း စကားပြောပြိုင်ပွဲကို ဇွန်လ (၁၉)ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၇၁ နှစ်ပြည့် မွေးနေ့မတိုင်ခင် တစ်ရက်အလို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကျဘမ်းစကားပြောပြိုင်ပွဲကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းက စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ အကြိုနေ့ဖြစ်တဲ့ ဇွန်လ ၁၈ရက် ဒီကနေ့မှာ ကျင်းပခဲ့တာပါ။

အခုလို ကျင်းပရတာဟာ NLD ပါတီတွင်း လူငယ်ခေါင်းဆောင် တွေ ပေါ်ထွန်း လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ NLD ပါတီနာယက ဦးတင်ဦး က ပြောပါတယ်။

“အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလဲပဲ လူငယ်တွေကို ရှေ့တန်းတင်ဖို့ လိုအပ်တဲ့ လေ့ကျင့်မှုတွေက စလုပ်နေတာ ဖြစ်တော့ရယ်။ ဒီ အဖွဲ့ချုပ်နဲ့ ပက်သက်တဲ့ ကိစ္စမှာ သဘောပေါက် နားလည်ပြီး ပိုမိုပြီး လှုပ်ရှားဆောင်ရွက်နိုင် အောင် တိုးတက်မှု အလို့ငှာ လုပ်တဲ့ သဘောပါပဲ ခင်ဗျ။”

ဒီကျဘမ်းစကားပြောပြိုင်ပွဲနဲ့ ပတ်သက်လို့ ဒီပွဲကိုကြီးကြပ်ဆောင်ရွက်ရာမှာ ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင် ဇာဂနာခေါ် ဦးသူရက ခုလိုရှင်းပြ ပါတယ်။

“ဒီ ကျပန်းစကားပြော ပြိုင်ပွဲက အဓိကအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းတွေရှိတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံနဲ့ ပက်သက်တဲ့ မိန့်ခွန်းတွေ၊ ပညာရေးနဲ့ ပက်သက်တဲ့ ကိစ္စ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပက်သက်တဲ့ ကိစ္စ။ နောက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပက်သက်တဲ့ ကိစ္စ စသည်ဖြင့်။အဲဒီလို ပြောခဲ့တဲ့ မိန့်ခွန်းပြောခဲ့တဲ့ ဟာတွေကို မှီငြမ်းပြီးတော့ မဲနှိုက်လိုက်တဲ့အခါ ကျလာတဲ့ အကြောင်းကို ကျပန်းစကားပြော ပြိုင်ပွဲ လုပ်တာပေါ့။ ဒုတိယ တစ်ချက်ကတော့ ဒီ မေးခွန်းတွေပေါ့။ ဒီမေးခွန်းတွေကို ကြိုပြီး ဘာမှ ပေးမထားဘူး။ မဲနှိုက်လိုက်ရင် ကျလာတဲ့ နံပါတ်က ၂၀ဆိုရင်၊ အဲဒီကလေးက မေးခွန်း၂၀ကို ရအောင်ဖြေပေါ့။ မဖြေနိုင်ရင်တော့ အမှတ်မရဘူးပေါ့။ ဒါပထမဆုံး အကြိမ် လုပ်တာဆိုတော့ နည်းနည်းတော့ တချို့ဟာလေးတွေ အစီအစဉ် မကျပေမယ့် တတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပေါ့လေ။”

NLD ပါတီအနေနဲ့ လူငယ်တွေကို အခုလို လေ့ကျင့်ပေးခြင်းအားဖြင့် နောင်မှာ ပါတီတွင်း မျိုးဆက်သစ် ခေါင်းဆောင်တွေ ထွက်ပေါ်လာမှာ ဖြစ်သလို လာမယ့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအဖြစ် အတွက်ပါ ရည်ရွယ်တယ်လို့ NLD ဦးတင်ဦးက ပြောပါတယ်။

“သူတို့ရဲ့ တတ်သိ နားလည်မှု၊ ကြိုးစားမှု။ နောက် အတူတကွ အဖွဲ့အစည်းနဲ့ ပက်သက်တဲ့ စည်းလုံး ဆောင်ရွက်မှု။ စသည်ဖြင့်ပေါ့ဗျာ။ အဆက်မပြတ် ဖြစ်နေအောင် ဆက်တိုက် လုပ်နေတဲ့ဟာကို မူချထားတော့ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်နေတာပါ။ ဒီမိုကရေစီမှာက ရွေးကောက်ပွဲဟာ တစ်ခါတည်းနဲ့ ပြီးတာမှ မဟုတ်ပဲဗျ။ လာမယ့် ၂၀၂၀ အတွက်လည်း ခေါင်းဆောင်မှု ပေးနိုင်မယ့် လူငယ်တွေနဲ့ ပက်သက်ပြီးတော့ တိုင်းရင်းသားတွေထဲကရော၊ အမျိုးသမီးတွေကို လည်းပဲ ဦးစားပေးတဲ့ အနေနဲ့ ဒီလို တက်တက်ကြွကြွ ဆောင်ရွက်ပေးဖို့ ဟာကို လှုပ်ရှားမှု တစ်ခုအနေနဲ့ အားပေးတာပဲ ဖြစ်ပါတယ်။ ”

ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေဟာ အသက် ၁၅နှစ်ကနေ ၂၂ကြား အရွယ်တွေဖြစ်ကြပါတယ်။ ပြိုင်ပွဲကျင်းပတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး ဦးဇာဂနာ ပြောတာက -

“ထူးခြားချက်တစ်ခုကတော့။ ကလေးတစ်ယောက်က ၁၅ နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှ ၁၀တန်း တက်မယ့် ကလေးနှစ်ယောက် ဝင်ပြိုင်သွားတယ်။ အဲလို ကလေးမျိုး လေးတွေ ပါလာတဲ့အတွက် ကျွန်တော်ကတော့ အရမ်း အံ့အားလည်း သင့်တယ်။ ဝမ်းလည်းသာတယ်။ နောက်ပြီးတော့ ဒီကလေးတွေ မလေ့လာဘူးတို့၊ မဖတ်ဖူးလို့ ထင်ခဲ့မိတာ မှားသွားတယ်။ အဲဒီ ကလေးတွေက လေ့လာကြတယ်။ ဖတ်ကြတယ်။ ဒီ ၁၄ယောက်ထဲမှာတော့ အဲဒီလို လုပ်နိုင်တဲ့ ကလေးတွေ ၉ယောက်လောက် တွေ့ရတယ်။ အဲဒီမှာ ပထမရသွားတာ သင်္ဃန်းကျွန်းက ကလေး။ ကျွန်တော် နာမည် မေ့သွားပြီ။ နှင်း နိုဗယ်အေး ဆိုလား၊ နိုဗယ်နှင်းအေး ဆိုလား မသိဘူး။ အဲဒီကလေး ၂၁ နှစ်ရှိတဲ့ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူပေါ့။ နိုင်ငံရေးကို လည်း စိတ်ဝင်စားပုံရတယ်။ စကားပြောတာ ဆိုတာ၊ presentation လည်း ဒီကလေးက ကောင်းတယ်။ လူငယ်တွေရဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ဘယ်လိုရှိသင့်တယ်ဆိုတာ လူငယ်တစ်ယောက်ကပဲ လူငယ်တွေကို ပြောသွားတာ တော်တော်လှတယ်။ နောက်ပြီးတော့ အမေးအဖြေမှာလဲ သူပဲ ပထမ ရတယ်။ ”

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ကျဘမ်းစကားပြောပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေအဖြစ် စာရေးဆရာ/ဆရာမတွေဖြစ်ကြတဲ့ ဆရာနေဖုန်းလတ် ဆရာမောင်လွင်မွန်(ကသာ)နဲ့ ဆရာမ နှင်းပန်းအိမ် တို့ ဆောင်ရွက် ခဲ့ကြတာ ဖြစ်ပါတယ်။ မနက်ဖြန်ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၁ နှစ်ပြည့်မွေးနေ့ပွဲကို ဇွန်လ ၁၉ ရက် ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီရုံးချုပ်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြန်လည်မွမ်းမံ ဆောက်လုပ်ထားတဲ့ NLD ပါတီရုံးချုပ်အသစ် ဖွင့်ပွဲကိုပါ တပြိုင်နက်ထဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG