သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် နိုဝင်ဘာ (၇) ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ နေ့တုန်းက စစ်အစိုးရ ထုတ်ပြန် မဲပေးစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံမည်ကို မထည့်ထားပေမယ့် အခုထပ်တိုး ထုတ်ပြန်လိုက်တဲ့ မဲပေးခွင့်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်အမည်ကို ထည့်သွင်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိဘူးလို့ တရားဝင်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ မဲပေးခွင့်ရှိတယ် ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က တရားဝင်စာကပ်ပြီး ထုတ်ပြန်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်နေကြတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့လည်း မဲပေးခွင့်ရှိမယ်လို့ ဆိုပေမယ့် ရွေးကောက်ပွဲနေ့မှာ သူတို့အနေနဲ့ အပြင်ကိုတော့ ထွက်ခွင့်ရှိမှာမဟုတ်ဘူးလို့ ပြောတဲ့အကြောင်း စစ်အစိုးရအရာရှိတယောက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲပေးခွင့်ရဖို့ အာဏာပိုင်တွေထံ တရားဝင် တောင်းဆိုတာမျိုးမရှိခဲ့အတွက် ဒီကနေ့ ကြေငြာချက်အပေါ် နားလည်ရခက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဟုတ်တယ်၊ Notice မှာ နောက်ဆက်တွဲ ကပ်ထားတယ်လို့ ကြားရပါတယ်။ ကျနော်ကိုယ်တိုင်တော့ သွားမကြည့်ဖြစ်ဘူး၊ ဒါပေမယ့် ကြည့်တဲ့သူတွေဆီက ကြားရတာတော့ ဒီသတင်းမှန်ပါတယ်။ ကျနော်သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း ဒါနဲ့ပတ်သက်ပြီး အရေးဆိုတာ ရှိတယ်လို့ ကျနော်မကြားပါဘူး။ အဲဒီတော့ သူ့ဖာသာသူ ပြန်ထည့်တဲ့သဘောပဲ။ ဘာအဓိပ္ပါယ်နဲ့ထည့်သလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ထည့်သလဲဆိုတာတော့ ကျနော် မသိပါဘူး။"

ထောင်ဒဏ်ကျခံနေရသူတွေ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မဲပေးခွင့်ပြုလိုက်တာဟာ သူမ အပေါ် လက်ရှိ ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ တကယ် ပြစ်ဒဏ်ဟုတ်မဟုတ်ဆိုတဲ့ ဥပဒေလမ်းကြောင်းအရ စဉ်းစားစရာဖြစ်လာတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

"အဲဒီမှာ ကျနော်တို့က စဉ်းစားဖို့ရှိတာက ဒီ အကျဉ်းကျဆိုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မထည့်ဘူးဆိုရင် အခုကျခံနေရတဲ့ဟာက လက်ဆောင်ပေးသလို ဖြစ်နေတာပေါ့ဗျာ။ အဓိပ္ပါယ်တွေက မျိုးမျိုးပါ၊ ကျနော် အတိအကျတော့ မပြောနိုင်ဘူး။ ဥပဒေသဘောအရတော့ အကျဉ်းကျနေတာ၊ အကျဉ်းကျနေရင် မထည့်ရဘူး။ အခု မထည့်ရာကနေ ထည့်လာတယ်ဆိုတော့ ဘာလုပ်ချင်တာလဲ၊ ဘယ်လို ရည်ရွယ်ချက်လဲ ကျနော်တို့ မသိသေးပါဘူး။"

ရွေးကောက်ပွဲအတွက် ပါတီတွေမှတ်ပုံတင်ဖို့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ခဲ့တုန်းကလည်း ပြစ်ဒဏ်ကျခံနေရသူ၊ ဒါမှမဟုတ် ကျခံနေရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်နေသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သွားညှိစွန်းနေတဲ့အတွက် NLD ပါတီက ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်ဘဲ နေခဲ့တာပါ။

ဒီကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တောင်းဆိုခြင်းမရှိပဲ ဥပဒေကို အမျိုးမျိုး ပြင်ပြီး ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက် လုပ်နေတာကြောင့် ဥပဒေ ကန့်သတ်ချက်တွေကို ထုတ်ပြန်တဲ့သူတွေကိုယ်တိုင်က လေးစား လိုက်နားခြင်း မရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ရန်ကုန်မြို့က ဝါရင့်အကျိုးဆောင်ရှေ့နေကြီးတဦးဖြစ်တဲ့ ဦးအောင်သိန်းက သုံးသပ်ပါတယ်။

"သူ့ကို မဲစာရင်း ထပ်ထုတ်ပေးတယ် ဆိုသည်ကိုယ်၌က သူက တောင်းဆိုခြင်းမရှိပဲနဲ့ ထုတ်ပေးတယ်ဆိုရင်တော့ အာဏာပိုင်တွေဟာ သူ့ဥပဒေကိုသူ အမျိုးမျိုး ပြုပြင် လုပ်နေတယ် ဆိုတဲ့သဘောမျိုး သက်ရောက်ပါတယ်။ ဒါပေမယ့်လည်း တချို့ဥပမာလည်း ရှိဘူးပါတယ်။ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုပဲပေါ့ဗျာ၊ ဒီ နိုင်ငံတော် ပုံကန်မှုတို့၊ အစိုးရအကြည်ညိုပျက်စေမှုတို့ ပတ်သက်တွေနဲ့ ထောင်ကျခံဘူးတဲ့သူတွေ၊ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီးတော့ ဥပဒေမှာ အတိအကျ ပြဌာန်းထားတာပဲ။ ဒါပေမယ့်အဲဒါ အသနားခံစာတင်တာတို့၊ အယူခံတင်တာတို့ လုပ်လိုက်ရင်လည်း ပြန်ခွင့်ပြုတယ်ဆိုတဲ့ Exception (ချွင်းချက်) တွေလည်း ရှိနေပြန်တယ်။"

"ဒါပေမယ့် ဥပဒေတရပ်က တိတိကျကျ ပြဌာန်းထားပြီးပြီဆိုရင် ဥပဒေအပေါ်မှာ သက်ဆိုင်သူအများက လိုက်နာရန်တာဝန်ရှိတယ် ဆိုပေမယ့်လည်း အဲဒီ ဥပဒေကို ထုတ်ပြန်တဲ့ သူတွေကလည်း ဥပဒေကို လေးစား လိုက်နာဖို့တော့ လိုလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် တဦးတယောက်ကို ထူးခြားပြီးတော့ မဲထည့်ခွင့် စာရင်းထုတ်ပြန်ပေးတယ်ဆိုတဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာရင်လည်း အဲဒါ တကယ်တမ်းကျတော့ သူ့တယောက်ထဲတင် မဟုတ်းဘူးပေါ့၊ မင်ကိုနိုင်တို့၊ ကိုကိုကြီးတို့၊ စသည်ဖြင့် ကျောင်းသားအဖွဲ့ခေါင်းဆောင်တွေလည်း ရှိနေတာပဲဗျာ။ နောက်ပြီးတော့ ခွန်ထွန်းဦးတို့ စိုစ်ညွန့်လွင်တို့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ ရှမ်းခေါင်းဆောင်တွေလည်း ရှိနေတာပဲဗျာ။ ဒီပုဂ္ဂိုလ်တွေကိုများလည်း အဲဒီလိုများ ထူးထူးခြားခြား မဲပေးခွင့်များ ပေးလေမလားတော့ မဆိုနိုင်ဘူးပေါ့။"

ရွေးကောက်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ယောက်ကို အပြင်ထွက်ခွင့်မပေးဘူးလို့ ဆိုနေတဲ့အတွက် အာဏာပိုင်တွေက သူတို့ထံကနေ ကြိုတင်မဲကောက်ယူဖို့ရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG