သုံးရလွယ်ကူစေသည့် Link များ

ပါတီဝင်သစ်တွေကို ထောက်လှမ်းရေး နှောင့်ယှက်

  • ကိုကျော်အောင်လွင်

ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ် ပါတီဝင်တွေဆီကို ထောက်လှမ်းရေးတွေ လာပြီး ကိုယ်ရေး အချက်အလက်နဲ့ ဓာတ်ပုံတွေ ပေးရမယ်လို့ တောင်းဆိုနေတာတွေဟာ ပါတီဝင်တွေအတွက် ခြိမ်းခြောက်သလို ဖြစ်နေလို့ ဒီလိုမလုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီကို ဒီမိုကရက်တစ်ပါတီက စာပို့ တိုင်ကြားထားပါတယ်။ ပါတီဝင်တွေရဲ့အကြောင်း ပါတီဌာနချုပ်ကို လာမမေးဘဲ ပါတီဝင်တွေရဲ့အိမ်ကို ထောက်လှမ်းရေးတွေ တိုက်ရိုက်သွားတာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ဒီမိုကရေတစ်ပါတီက ပြောပါတယ်။ ဒီအကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေနဲ့ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေဟာ သူတို့ပါတီဝင် အင်အားနဲ့ လူစာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ ကြိုပြီး တင်ရပါတယ်။ ပါတီဝင်အင်အားက အနည်းဆုံး ၁,၀၀၀ ရှိမှ ဖြစ်မှာပါ။ ဒီမိုကရက်တစ်ပါတီက ပါတီဝင်အင်အား ၁,၀၀၀ ကျော်ရဲ့ စာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တင်ပြထားပြီးပါပြီ။ အခု ထောက်လှမ်းရေးတွေက ပုသိမ်၊ ရန်ကုန်နဲ့ တခြားမြို့နယ်တွေမှာ ရှိတဲ့ ဒီမိုကရက်တစ် ပါတီဝင်တွေဆီကို လာပြီး ကိုယ်ရေး အချက်အလက်နဲ့ ဓာတ်ပုံတွေ ပေးရမယ်ဆိုပြီး တောင်းနေလို့ ဒီလိုလုပ်တာတွေဟာ ပါတီဝင်တွေကို ခြိမ်းခြောက်သလို ဖြစ်နေတယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ဆီကို သြဂုတ်လ ၉ ရက်နေ့က စာပို့ခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါတယ်။

“ကော်မရှင်ကနေပြီး ကျနော်တို့ပါတီတွေကို ပါတီဝင် ၁,၀၀၀ စာရင်းတင်ရမယ် ဆိုတာ ရှိတော့ ကျနော်တို့က ၁,၄၀၀ လောက် တင်လိုက်တယ်။ အဲဒါကို သူတို့က သေချာစစ်ဆေးပြီး လက်ခံပြီးသွားပြီ။ အဲဒီ လက်ခံသွားပြီးတဲ့ စာရင်းကို ကော်မရှင်ကနေ ထောက်လှမ်းရေးကို ပေးလိုက်တယ်။ အဲတော့ ထောက်လှမ်းရေးတွေက သက်ဆိုင်ရာ မြို့နယ်တွေကို လာပြီးတော့၊ တချို့ကတော့ မြို့နယ်အမှုဆောင်တွေပေါ့၊ Personal Data တွေရယ်၊ ဓာတ်ပုံနှစ်ပုံရယ် လိုချင်ပါတယ်၊ အဲဒီ အဖွဲ့ဝင်တွေ အားလုံး၊ သူတို့က မှတ်တမ်းလိုချင်လို့ပါလို့ လာပြောတယ်။

“တချို့ထောက်လှမ်းရေးတွေကြတော့ အဲဒီပါတီဝင်တွေရဲ့ အိမ်ကို တိုက်ရိုက်သွားတယ်။ သွားပြီးတော့ အဲဒီလို တောင်းတာပေါ့။ ထောက်လှမ်းရေး လာတယ်ဆိုတော့ လူတွေက စိုးရိမ်တာပေါ့ဗျာ၊ ကြောက်တာပေါ့။ အဲဒါ သိရတဲ့အခါကြတော့ ကျနော်တို့က တနေ့က ရွေးကောက်ပွဲ ကော်မရှင်ကို စာလှမ်းပြီး တင်လိုက်တယ်။ အဲဒီလိုလုပ်တာဟာ မမှန်ပါဘူး၊ မလုပ်ပါနဲ့။ အဲဒါကို ရှင်းပေးပါ။

“ဘာဖြစ်လို့လဲဆိုတော့ လူတွေက ထောက်လှမ်းရေးနဲ့ ဆက်ဆံရမှာကို မဆက်ဆံချင်ကြဘူး။ ဆက်ဆံရင် ဒုက္ခရောက်မယ်လို့ ထင်တယ်။ ထောက်လှမ်းရေးက လာတယ်ဆိုတာ သူတို့ကို ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ အဲဒါတွေကို မလုပ်ပါနဲ့။ အကယ်၍ သူတို့ရဲ့ စာရင်းတွေကို လိုချင်ရင် ကျနော်တို့ ဌာနချုပ်မှာ သူတို့ ပါတီဝင်ထားတဲ့ စာရင်း ရှိတယ်။ လာပြီးတော့ တောင်းပါဆိုပြီး ကျနော်က ကော်မရှင်ကို စာလှမ်းပို့လိုက်တယ်။”

ပါတီဝင်တွေရဲ့ အိမ်တွေဆီကို ထောက်လှမ်းရေးတွေ ရောက်လာမယ်ဆိုတဲ့ ကိစ္စက ဒီမိုကရက်တစ်ပါတီ အနေနဲ့ မျှော်လင့်မထားတဲ့အချက် ဖြစ်လို့လည်း အံ့သြနေရတယ်လို့ ဦးသုဝေက ပြောပါတယ်။

“'ဒီလို အခက်အခဲတွေကတော့ တွေ့မယ်လို့ မျှော်လင့်ထားတာပေါ့။ ဒီတချက်တော့ ကျနော်တို့ မမျှော်လင့်ထားဘူး။ ဒီလို လုပ်နည်းလုပ်ဟန်တွေက ဒီမိုကရေစီ လုပ်ငန်းကို ဖော်ဆောင်မယ့်နေရာမှာ ဒါတွေက အနှောင့်အယှက်၊ အဟန့်အတားတွေ ဖြစ်နေတယ်။ ဒါတော့ မကြိုက်ဘူးပေါ့။ ကျနော်တို့က လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာကိုး။ လူထုကိုတော့ သတ္တိရှိရှိ မဲပေးပါဆိုပြီး လုပ်ခိုင်းနေတာပေါ့။”

အခုချိန်ထိတော့ ဦးသုဝေတို့ ပို့ထားတဲ့စာကို ကော်မရှင်ဘက်က အကြောင်းမပြန်သေးပါဘူး။ တခြား နိုင်ငံရေးပါတီတွေမှာ အခုလို ထောက်လှမ်းရေး ရောက်လာတဲ့ကိစ္စ မရှိသေးဘူးလို့လည်း ဦးသုဝေက ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင် ၁,၀၀၀ စာရင်းတင်ရမယ့် အထဲက အများအားဖြင့်တော့ လူမျိုးစု ပါတီတွေကပဲ တင်ထားတာရှိတယ်။ ဗမာပြည်မထဲက လူကတော့ ကျနော်တို့ပါတီပဲ တင်ထားတော့ ကျနော်တို့ပဲ ရှိတာပေါ့။ တခြားပါတီတွေမှာ မရှိသေးပါဘူး။”

ထောက်လှမ်းရေးတွေ ရောက်လာတဲ့ ကိစ္စကြောင့် ပါတီဝင်အင်အား လျော့ကျသွားမှာကိုလည်း ဒီမိုကရက်တစ် ပါတီဘက်က စိုးရိမ်နေပါတယ်။ အဲဒါကြောင့်လည်း ထပ်ဖြည့်နိုင်မယ့် အင်အားတွေ အဆင်သင့် စုဆောင်းထားရတယ်လို့လည်း ဆိုပါတယ်။ သူတို့ရဲ့ ပါတီဝင်တွေ အားလုံးကိုလည်း ထောက်လှမ်းရေးတွေ အိမ်ကို လာပြီးမေးရင် ပါတီဌာနချုပ်ကပဲ တာဝန်ယူ ဖြေရှင်းပေးမယ့်အကြောင်း ပြန်ပြောဖို့ အသိပေးထားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG